(ဃ)-သပိတ်ကျင်းမြို့နယ်တွင် အစိုးရနည်းပညာ အထက်တန်းကျောင်း ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း
သပိတ်ကျင်းမြို့နယ်သည် မန္တလေးတိုင်းဒေသကြီး၏ မြောက်ဘက်အစွန်ဆုံး မြို့နယ်တစ်ခု ဖြစ်ပြီး အရှေ့ဘက်တွင် မိုးကုတ်၊ မိုးမိတ်၊ မဘိမ်းမြို့နယ် တောင်ဘက်တွင် စဉ့်ကူးမြို့နယ် မြောက်ဘက်တွင် ထီးချိုင့်မြို့နယ်နှင့် အနောက်ဘက်တွင် ဧရာဝတီမြစ်ခြားလျက် ခင်ဦးမြို့နယ်နှင့် ကန့်ဘလူ မြို့နယ်တို့နှင့် ဆက်စပ်နေပါကြောင်း၊ ၎င်းမြို့ အပါအဝင် ရပ်ကွက်/ကျေးရွာ အုပ်စုပေါင်း ၂၇ စုနှင့် ကျေးရွာပေါင်း ၇၀ ကျော်ရှိပြီး လူဦးရေအားဖြင့် တစ်သိန်းနှစ်သောင်းကျော် ရှိပါကြောင်း၊ တောင်မြောက် အရှည် ၇၅ မိုင်ရှိပြီး၊ အရှေ့ အနောက် ၂၄ မိုင် ရှိပါကြောင်း၊ မြို့နယ် အကျယ်အဝန်း ဧရိယာ စတုရန်းမိုင်ပေါင်း ၉၉၀ ရှိပါကြောင်း၊ မန္တလေးမြို့၏ မြောက်ဘက် ၈၇ မိုင်ကွာဝေးပြီး မန္တလေးတိုင်းဒေသကြီးအတွင်းတွင် စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်မှု နိမ့်ကျသည့် မြို့နယ်တစ်ခု ဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ပြီး မြို့နယ်၏ တောင်ဘက်အပိုင်းတွင် ရွှေ၊ သတ္တု တူးဖော်ရေးလုပ်ငန်းကို စီးပွားဖြစ်လုပ်ကိုင်ကြပါကြောင်း၊ ပညာရေးကဏ္ဍတွင် အ.ထ.က ၁၂ ကျောင်း၊ အ.ထ.က(ခွဲ) ၁၇ ကျောင်း၊ အလယ်တန်းကျောင်း ၂၀၊ အ.လ.က(ခွဲ) ၁၄ ကျောင်း၊ မူလတန်းလွန်ကျောင်း ၂၀၊ မူလတန်းကျောင်း ၂၆ ကျောင်း၊ မူလတန်းကျောင်း(ခွဲ) ၄ ကျောင်း၊ ဘုန်းကြီး ကျောင်းသင် ပညာရေးကျောင်း ၁၅ ကျောင်းနှင့် စုစုပေါင်း ၁၂၈ ကျောင်း ရှိပါကြောင်း၊ အထက်တန်းအဆင့် ကျောင်းသား ၃၁၆၇ ဦး၊ အလယ်တန်းအဆင့် ကျောင်းသား ၁၀၂၄၇ ဦး၊ မူလတန်းအဆင့် ကျောင်းသား ၁၆၂၈၁ ဦး ရှိပြီး၊ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် အခြေခံပညာ ကျောင်းသားအရေအတွက် ၂၉၆၉၅ ဦးရှိပါကြောင်း၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနိမ့်ကျသည့်အတွက် အကြောင်းအမျိုးမျိုးကြောင့် အခြေခံပညာကို ပြီးဆုံးသည်အထိ မသင်ကြားနိုင်သူများ ရှိသည့်အပြင် ပြီးဆုံးသော်လည်း တက္ကသိုလ်၊ ကောလိပ်၊ အဝေးသင် ပညာရေးများကို ဆက်လက်မတက်ရောက်နိုင်သူများ ရှိကြပြီး နောက်ဆုံးတွင် မိရိုးဖလာ တောင်သူလုပ်ငန်း၊ ရွှေ၊ သတ္တုတူးဖော်ရေး လုပ်ငန်းများတွင် နေ့စား အလုပ်သမားများအဖြစ် လုပ်ကိုင်ခြင်း၊ အခြားပျံကျဒေသ လုပ်ငန်းများတွင် အခြေအနေအရဝင်ရောက်လုပ်ကိုင်ကြသည့် လူငယ်လူရွယ်များ ပေါများပါကြောင်း၊ တချို့လူငယ်များသည် လမ်းမှားရောက်ပြီး မူးယစ်ဆေးဝါး သုံးစွဲမှု၊ ရောင်းဝယ်ခြင်း၊ တရားမဝင် လောင်းကစားဝိုင်းများတွင် တဝဲလည်လည်နှင့် ဘဝနစ်မွန်း ကြပါကြောင်း၊
ကမ္ဘာတွင် ဖွံ့ဖြိုးတိုးတက်ဆုံး နိုင်ငံအချို့တွင် အသက်မွေးဝမ်းကျောင်းပညာကို အထူးအလေးထားကြသည်ကို တွေ့ရပါကြောင်း၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည်လည်း နည်းပညာနှင့် သက်မွေးပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားပေးလျက် ရှိပါကြောင်း၊ နည်းပညာနှင့် သက်မွေးပညာသည် ဒုတိယတန်းစား ပညာရေးမဟုတ်ကြောင်း၊ သက်မွေးပညာရေးကို ပထမတန်းစား ပညာရေးဖြစ်စေရန် ကြိုးစားဆောင်ရွက်ကြရန် လမ်းညွှန်ထားပါကြောင်း၊ ဒေသနှင့် လိုက်လျောညီထွေရှိပြီး ဒေသ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်သည့် သက်မွေးပညာသင်တန်းများကို ဖွင့်လှစ်ပြီး ကျွမ်းကျင်စွာတတ်မြောက်သည့် ထူးချွန်ထက်မြက်သူများ ပေါ်ထွန်းစေရန် မွေးထုတ်ပေးရမည် ဖြစ်ပါကြောင်း၊ သပိတ်ကျင်းမြို့နယ်သည် ဒေသလိုအပ်ချက်နှင့် ကိုက်ညီသည့် Auto Mobile ကားပြင်သင်တန်း၊ လယ်ယာသုံး စက်ကိရိယာ ပြုပြင်ထိန်းသိမ်းရေး သင်တန်း၊ ပန်းရန်၊ လက်သမား စသည့် အဆောက်အဦနှင့်ပတ်သက်သည့် သက်မွေးပညာ သင်တန်း၊ ဂဟေဆက် သင်တန်း၊ ရွှေတူးဖော်ရေး လုပ်ငန်းများတွင် အသုံးပြုသည့် စက်ကိရိယာများ ပြုပြင် ထိန်းသိမ်းရေးသင်တန်း စသည်ဖြင့် သက်မွေးပညာသင်တန်းများ အမှန်တကယ် လိုအပ်ပါကြောင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာသည် လူဦးရေအားဖြင့် ၈၀၀၀ ကျော်ရှိသည့် ရွာကြီးတစ်ရွာ ဖြစ်ပြီး အ.ထ.က ကျောင်းတစ်ကျောင်း၊ အ.မ.က ကျောင်း တစ်ကျောင်း၊ ကျေးလက်ကျန်းမာရေးဌာန၊ တိုက်နယ်ဆေးရုံ၊ ရဲကင်းစခန်း၊ စည်ပင်သာယာဈေး၊ ၆၆/၃၃ (၂၀) အမ်ဗွီအေ ဓာတ်အားခွဲရုံတို့ရှိပြီး မန္တလေး-မိုးကုတ် ကားလမ်း၊ တစ်နည်းအားဖြင့် မန္တလေး-တကောင်း-ဗန်းမော် ကားလမ်းပေါ်တွင် တည်ရှိသဖြင့် လမ်းပန်း ဆက်သွယ်ရေးကောင်းမွန်သည့်အပြင် မြို့ပြဆန်သည့် ရွာကြီးတစ်ရွာဖြစ်ပြီး နည်းပညာအထက်တန်း ကျောင်းဖွင့်လှစ်နိုင်မည့် လိုအပ်သည့်မြေနေရာ အကျယ်အဝန်းကို ရရှိနိုင်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်တွင် ပညာရေးဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အစိုးရနည်းပညာ အထက်တန်းကျောင်း ဖွင့်လှစ်ပေးနိုင်ရန် အစီအစဉ် ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။