(စ)-BOT စနစ်ဖြင့်ဆောင်ရွက်ခွင့်ပြုထားသော ရေအားလျှပ်စစ်စီမံကိန်းလုပ်ငန်းများအတွက် ပဋိညာဉ် စာချုပ်ချုပ်ဆိုမှုများအရစီမံကိန်းလုပ်ငန်းအားလုံးနိုင်ငံတော်သို့လွှဲပြောင်းအပ်နှံရမည့်ကာလအာ ပြန်လည်ပြင်ဆင်ညှိနှိုင်းချုပ်ဆိုရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
မြန်မာနိုင်ငံတွင် BOT စနစ်ဖြင့် ဆောင်ရွက် ခွင့်ပြုထားသည့် ရေအားလျှပ်စစ်စီမံကိန်းလုပ်ငန်းများ နှင့်ပတ်သက်ပြီး နိုင်ငံတော်က နစ်နာဆုံးရှုံးမှုမရှိအောင် သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ဆောင် ရွက်ထားမှုအခြေအနေများကို သိလိုသည့်အတွက် မေးမြန်းရခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေ ဖြင့် ရေအားလျှပ်စစ်စီမံကိန်းလုပ်ငန်းများကို ဆောင်ရွက်သည့်အခါတွင် နိုင်ငံပိုင်လုပ်ငန်းများနှင့် ပုဂ္ဂလိကပိုင် လုပ်ငန်းများဖြင့် ဆောင်ရွက်ခွင့်ပြုလျက်ရှိသည်ကို သိရပါကြောင်း၊ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်ပြီး ရေအားလျှပ်စစ် ထုတ်လုပ်ရေးစီမံကိန်းကို BOT စနစ်ဖြင့် ဥပမာအားဖြင့် သောက်ရေခပ်(၂) ရေအားလျှပ်စစ်စီမံကိန်းကို ရွှေစွမ်းအင်ကုမ္ပဏီကို ၃၁-၁၂-၂၀၀၉ ရက်နေ့မှလည်းကောင်း၊ ဘီလူးချောင်း(၃) ရေအားလျှပ်စစ်စီမံကိန်းကို အနာဂတ်စွမ်းအင်ကုမ္ပဏီကို ၃၁-၁၂-၂၀၀၉ ရက်နေ့မှလည်းကောင်း၊ အထက်ဘီလူးချောင်း ရေအားလျှပ်စစ်စီမံကိန်းကို စွမ်းအား သစ်အိုအေစစ် ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီကို ၁၇-၁-၂၀၁၁ ရက်နေ့တွင်လည်းကောင်း၊ မိုင်းဝ ရေအား လျှပ်စစ်စီမံကိန်းကို ရှမ်းပြည်နယ်(အရှေ့ပိုင်း) ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီကို ၂၂-၃-၂၀၁၆ ရက်နေ့ တွင်လည်းကောင်း၊ နမ့်ပေါ်ရေအား လျှပ်စစ်စီမံကိန်းကို ၁၆-၃-၂၀၁၆ ရက်နေ့တွင် ဂရိတ်ဟော်ခမ်း အများပိုင် ကုမ္ပဏီလီမိတက်ကိုလည်းကောင်း ပဋိညာဉ်စာချုပ် ချုပ်ဆိုဆောင်ရွက်ခွင့်ပြုခဲ့ကြောင်းကို သိရပါကြောင်း၊
ကုမ္ပဏီအသီးသီးကို BOT စနစ်ဖြင့် ဆောင်ရွက်ခွင့်ပြုသည့်အခါ သက်ဆိုင်ရာ ကုမ္ပဏီများက မိမိပိုင် ငွေအရင်းအနှီးများနှင့် လုပ်ငန်း ၁၀၀ ရာခိုင်နှုန်းပြီးစီးအောင် တာဝန်ယူ ဆောင်ရွက်သွားမည်သာ ဖြစ်သော်လည်း စီမံကိန်းလုပ်ငန်းများမှာ လိုအပ်သည့် ငွေအရင်းအနှီးရရှိရန် စွမ်းအင်နှင့်လျှပ်စစ်ဝန်ကြီးဌာနက နိုင်ငံခြားဘဏ်များမှ တာဝန်ခံချေးယူပေးခဲ့ရခြင်း၊ လိုအပ်သည့်စက်ပစ္စည်းများကို သက်ဆိုင် ရာကုမ္ပဏီများထံမှ ဝယ်ယူရာတွင် သက်ဆိုင်ရာပစ္စည်းတန်ဖိုး၏ ၁၀ ရာခိုင်နှုန်းကို Down Payment အဖြစ် နိုင်ငံပိုင်နိုင်ငံခြားငွေများဖြင့် စိုက်ထုတ်ပေးချေခဲ့ရကြောင်းကို သိရပါကြောင်း၊ ဥပမာအနေဖြင့် သောက်ရေခပ်(၂) ရေအားလျှပ်စစ်စီမံကိန်းအတွက် စက်ပစ္စည်းတန်ဖိုး US Dollar ၇၇ သန်း၏ ၁၀ ရာခိုင်နှုန်းဖြစ်သည့် Down Payment US Dollar ၇.၇ သန်းကို စာချုပ်ချုပ်သည့်နေ့ ၂၁-၁-၂၀၁၀ ရက်နေ့တွင် စိုက်ထုတ်ပေးခဲ့ကြပြီး ကျန်ပစ္စည်းတန်ဖိုး US Dollar ၆၉.၃၀၀ သန်းကို EXIM Bank မှ နိုင်ငံတော်က တာဝန်ယူချေးပေးခဲ့ရသည်ကိုသိရပြီး စိုက်ထုတ်ပေးချေလိုက်ရသည့် Down Payment ၁၀ ရာခိုင်နှုန်းကို တာဝန်ရှိသည့်ကုမ္ပဏီက ၂၀၁၅ ခုနှစ်တွင် ၁၂ ရက်ဖြင့် အပြေအကျေ ပေးဆပ်ရန် တာဝန်ရှိသော်လည်း ၃-၃-၂၀၁၇ ရက်နေ့အထိ US Dollar ၂.၅၆၇ သန်း မပေးဆပ်နိုင် သေးကြောင်းကို သိရကြောင်း၊ အလားတူ ဘီလူးချောင်း(၃) ရေအားလျှပ်စစ်စီမံကိန်းမှာ ၁၀ ရာခိုင် နှုန်း Down Payment ၁၀ ရာခိုင်နှုန်း၊ US Dollar ၁၆၈ သန်းနှင့် EXIM Bank ကနေ နိုင်ငံတော်ကနေ တာဝန်ခံ ချေးပေးရသည့် US Dollar ၂၈.၅၁၂ သန်းရှိကြောင်းသိရပြီး ထိုရေအားလျှပ်စစ်စီမံကိန်းများကို ပုဂ္ဂလိကကဏ္ဍအနေဖြင့် ဆောင်ရွက်ခွင့်ပြုသည့်နေရာတွင် နိုင်ငံပိုင်မြေကို အသုံးပြုမှုအပေါ် မြေငှားရမ်းခနှင့် ပရီမီယမ်ကြေးများ ပေးသွင်းရန်လိုအပ်ကြောင်းလည်း သိရပါကြောင်း၊
ထို BOT စနစ်အရ လုပ်ငန်းတည်ဆောက်ခြင်း၊ လုပ်ငန်းလည်ပတ်ခြင်းနှင့် လုပ်ငန်းလွှဲပြောင်း ပေးအပ်ခြင်း စသည့်လုပ်ငန်းစဉ်များအရ နိုင်ငံတော်ကို လုပ်ငန်းအားလုံး လွှဲပြောင်းအပ်နှံရမည့် ကာလသည် နှစ် ၆၀ ဟုသိရသည့်အတွက် နိုင်ငံတော်က ပြန်လည်လက်ခံသည့်အချိန်တွင် စက် စွမ်းအားများသည် နိုင်ငံတော်မှ အသုံးချလို့ရနိုင်မည့်အခြေအနေ မဖြစ်နိုင်သည့်အတွက် အကျိုးမရှိ နိုင်ကြောင်း သုံးသပ်ရပါကြောင်း၊ BOT စနစ်ဖြင့် ဆောင်ရွက်ခွင့်ပြုထားသည့် ရေအားလျှပ်စစ် စီမံကိန်းလုပ်ငန်းများမှာ နိုင်ငံတော်မှ စိုက်ထုတ်ပေးထားသည့် Down Payment များ ပြန်လည် ရရှိပေးမှု စီမံကိန်းလုပ်ငန်းများအတွက် လိုအပ်သည့်ချေးငွေများ ထုတ်ယူပြီးမှု၊ ပြန်လည်ပေးဆပ် ပေးမှု၊ သက်ဆိုင်ရာ ကုမ္ပဏီများထံမှ ပြန်လည်ကောက်ခံရရှိပြီးမှု၊ နိုင်ငံပိုင်မြေအသုံးချမှုအပေါ် မြေအသုံးချမှု ပရီမီယမ်ကြေးများ၊ မြေငှားရမ်းခများ ကောက်ခံရရှိပြီးမှု၊ ရရန်ရှိသည့်ငွေများနှင့် အရေးယူ ဆောင်ရွက်ထားမှု အခြေအနေများ၊ ပဋိညာဉ်စာချုပ်ချုပ်ဆိုမှုများအရ စီမံကိန်းလုပ်ငန်းများ အားလုံးကို နိုင်ငံတော်သို့ လွှဲပြောင်းအပ်နှံရမည့်ကာလအား ပြန်လည်ပြင်ဆင်ညှိနှိုင်းချုပ်ဆိုရန် အစီအစဉ်ရှိ/ မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။