(ဇ)-ကျိုင်းတုံမြို့နယ်နှင့် မိုင်းပျဉ်းမြို့နယ်တို့တွင် မဟာဓာတ်အားလိုင်းမှ လျှပ်စစ် ဓာတ်အားရရှိခြင်း မရှိသေးပါသဖြင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ မည်ကဲ့သို့ ကူညီဆောင်ရွက်ပေးမည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့သို့ သွယ်တန်းလျက် ရှိသော နမ့်စန်-မိုင်းပျဉ်း-ကျိုင်းတုံ ၂၃၀ ကေဗွီလိုင်း တည်ဆောက်မှုသည် ၁၀၀ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်သော်လည်း ကျိုင်းတုံမြို့နှင့် မိုင်းပျဉ်းမြို့နယ်တို့တွင် မဟာဓာတ်အားလိုင်းမှ လျှပ်စစ်ဓာတ်အား ရရှိခြင်း မရှိသေးပါသဖြင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ မည်ကဲ့သို့ ကူညီဆောင်ရွက်ပေးမည်ကို သိရှိ လိုပါသဖြင့် ကြယ်ပွင့်ပြမေးခွန်း မေးမြန်းခြင်းဖြစ်ပါကြောင်း၊
၆-၂-၂၀၁၉ ရက်နေ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၏ ကျိုင်းတုံမြို့နယ် ခရီးစဉ်၌ ကျိုင်းတုံ မြို့မိမြို့ဖတစ်ဦးမှ ကျိုင်းတုံမြို့သို့ နိုင်ငံတော် ဓာတ်အားစနစ် တည်ဆောက်ပေး လျက်ရှိသော်လည်း အချိန်မီ မပြီးစီးသဖြင့် သတ်မှတ် ဘဏ္ဍာရေးနှစ်အတွင်း အချိန်မီ ပြီးစီးအောင် ဆောင်ရွက်ပေးပါရန် တင်ပြချက်အရ နိုင်ငံတော်အတိုင်ပင်ခံမှ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်း မဟာဓာတ်အားလိုင်း စတင်ပေးနိုင်ရန် စီစဉ်လျက်ရှိသည်ကို ဖြေကြားခဲ့ပါကြောင်း၊ မိုင်းပျဉ်းမြို့နယ်တွင် တည်ဆောက်လျက် ရှိသည့် ၂၃၀/၆၆ ကေဗွီ ဓာတ်အားခွဲရုံသည် ၉၅ ရာခိုင်နှုန်း ပြီးစီးပြီ ဖြစ်ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ မေလ ၁၉ ရက်သို့ ရောက်ရှိပြီး နိုင်ငံတော် အတိုင်ပင်ခံ ပြောကြားခဲ့သည့် ၆-၁-၂၀၁၉ ရက်နေ့မှ ရေတွက်မည်ဆိုပါက တစ်နှစ်ကျော်ပြီ ဖြစ်ပါကြောင်း၊ သို့သော်လည်း မိုင်းပျဉ်းမြို့နယ်နှင့် ကျိုင်းတုံမြို့နယ်တို့တွင် မဟာဓာတ်အားလိုင်းမှ လျှပ်စစ် ဓာတ်အား မရရှိသေးပါသဖြင့် လျှပ်စစ်ဓာတ်အား အလျင်အမြန် ရရှိရေးအတွက် ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ မည်သို့ ကူညီဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။