(က)-၂၀၁၆ ခုနှစ် ဧပြီလမှ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု မည်မျှတိုးတက်လာသည်နှင့် အနာဂတ် ရင်းနှီးမြှုပ်နှံမှု မျှော်မှန်းချက်များအား သိလိုခြင်းတို့နှင့် စပ်လျဉ်းသည့်မေးခွန်း

2021-01-04

၂၀၁၆ ခုနှစ် ဧပြီလမှ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု မည်မျှ တိုးတက်လာသည်ကို သိရှိလိုခြင်းနှင့် အနာဂတ် ရင်းနှီးမြှုပ်နှံမှု မျှော်မှန်းချက် များအား သိရှိလိုသည့်အတွက် မေးခွန်းမေးမြန်းသွားမည် ဖြစ်ပါကြောင်း၊

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန်အတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုသည် အလွန်အရေးပါသည့် အခန်းကဏ္ဍတွင် ပါဝင်သည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် ဈေးကွက် စီးပွားရေးစနစ်ကို ပြောင်းလဲကျင့်သုံးခဲ့သည်မှာ ယနေ့အချိန်အထိ ဖြစ်ပါကြောင်း၊ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှု ဥပဒေကို ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ်(၄၀)ဖြင့် ပြဋ္ဌာန်းခဲ့ပြီး ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု နည်းဥပဒေများကို စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန အမိန့်ကြော်ငြာစာ အမှတ်(၃၅/၂၀၁၇)ဖြင့် ၂၀၁၇ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့တွင် လည်းကောင်း၊ ဥပဒေအရ ဆက်လက် ထုတ်ပြန်ပေးရမည့် အမိန့်ကြော်ငြာစာများ ဖြစ်သည့် ဖွံ့ဖြိုးတိုးတက်မှုဇုန် အမျိုးအစား သတ်မှတ်ခြင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီများမှ အတည်ပြုမိန့် ထုတ်ပေးနိုင်သည့် ရင်းနှီး မြှုပ်နှံမှု လုပ်ငန်းများအတွက် မတည်ငွေရင်း ပမာဏ သတ်မှတ်ခြင်း၊ ဦးစားပေး မြှင့်တင်မည့် ရင်းနှီး မြှုပ်နှံမှု ကဏ္ဍ သတ်မှတ်ခြင်း၊ ကန့်သတ်သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ သတ်မှတ်ခြင်း၊ ပြည်တွင်းရှိ ပြည်ပတင်ပို့သည့် ကုန်ပစ္စည်းများ ထုတ်လုပ်သည့် စက်ရုံများသို့ ပြည်တွင်းစက်ရုံများမှ ထွက်ကုန်များ ပေးသွင်းခြင်းကို ရာခိုင်နှုန်းဖြင့် တင်ပို့သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများဖြင့် သတ်မှတ်ခြင်း စသည့် ကိစ္စရပ်များအပေါ် အမိန့်ကြော်ငြာစာများ ထုတ်ပြန်ထားပါကြောင်း၊

ထို့ပြင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေကို ပြင်ဆင်သည့်ဥပဒေ အမိန့်ကြော်ငြာစာ အမှတ် (၄၅/၂၀၁၉)တို့ကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း ထုတ်ပြန်ထားသည်ကို တွေ့ရပါကြောင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာစေရေးအတွက် အဓိကကျသည့် ဥပဒေများဖြစ်သည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေကို ပြဋ္ဌာန်းခြင်း၊ သက်ဆိုင်ရာဥပဒေတို့ကို ခေတ်စနစ်နှင့် လိုက်လျောညီထွေစွာ ပြင်ဆင်ပြဋ္ဌာန်းခြင်း၊ ရင်းနှီးမြှုပ်နှံမှုကို ပိုမို အာရုံစိုက် လုပ်ဆောင်လာနိုင်စေရန် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနကို ဖွဲ့စည်း ဆောင်ရွက်ခြင်း၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ပိုမိုလွယ်ကူစေခြင်း၊ အခွန်များ လျော့ပေါ့စေခြင်း၊ မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး စီမံကိန်း (၂၀၁၆-၂၀၁၇ မှ ၂၀၃၅-၂၀၃၆)ကို ကြေညာခြင်း၊ အီလက်ထရောနစ် ကုမ္ပဏီ မှတ်ပုံတင်စနစ်ကို စတင်တည်ထောင်၍ ကုမ္ပဏီ မှတ်ပုံတင်ဆိုင်ရာ ကိစ္စရပ်များကို ပိုမိုလွယ်ကူ မြန်ဆန်စေရန် ဆောင်ရွက်ပေးခြင်းနှင့် အခြားသော ဖြေလျှော့မှုများကို စီမံဆောင်ရွက်ပေးထားသည်ကို တွေ့ရပါကြောင်း၊

နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရာတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုသည် အထူးအရေးပါသည့် ကဏ္ဍတစ်ရပ်ဖြစ်ပြီး နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု အညွှန်းကိန်းများကို လေ့လာပါက စီးပွားရေး လုပ်ကိုင်ရ လွယ်ကူမှုနှင့် ရင်းနှီးမြှုပ်နှံမှု ပမာဏများ၏ အရေးပါမှုကို ထင်ရှားစွာ တွေ့မြင်နိုင်ပါကြောင်း၊ ထို့ကြောင့် ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် သာမက ဖွံ့ဖြိုးပြီး နိုင်ငံများ၌လည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ပိုမိုမြှင့်တင်လာစေရန် နည်းမျိုးစုံသုံး၍ ဆွဲဆောင်လေ့ ရှိကြပါကြောင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို တိုးမြှင့်လာသည်နှင့်အညီ နိုင်ငံအတွင်း၌ အလုပ်အကိုင် အခွင့်အလမ်းများ ပေါများလာခြင်း၊ ကျွမ်းကျင်လုပ်သားများ များပြားလာခြင်း၊ နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာခြင်း၊ စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာခြင်း၊ သွင်းကုန်အစားထိုး ပြည်ပပို့ကုန်များ တိုးတက်များပြားလာခြင်းနှင့် နိုင်ငံအတွင်း ငွေကြေးလည်ပတ်မှု တည်ငြိမ်ချောမွေ့စေခြင်းစသည့်ကောင်းကျိုးများကိုပါ ဖြစ်ပေါ်လာနိုင်သည့်အတွက်  ၂၀၁၆ ခုနှစ် ဧပြီလမှ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု မည်မျှတိုးတက်လာသည်နှင့် အနာဂတ် ရင်းနှီးမြှုပ်နှံမှု မျှော်မှန်းချက်များအား သိလိုကြောင်းမေးမြန်းပါသည်။