(င)-ငမိုးရိပ်ရေသန့်စက်ရုံတွင် Gravity နည်းစနစ် သုံးစွဲ၍ ရေပေးဝေနိုင်ရန် ရေရှည်စီမံကိန်းချမှတ်၍ ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိနှင့် တချို့ရေတွန်း စက်များကို မီးစက်ဖြင့်သုံးစွဲနိုင်ရန် ဆောင်ရွက်ပေး နိုင်ခြင်း ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

2021-01-04

ငမိုးရိပ် ရေသန့်စက်ရုံတွင် ရေတွန်းစက်များသုံးစွဲ၍ ရေပေးဝေနေခြင်းအပြင် လျှပ်စစ်ဓာတ်အား လျှော့ချနိုင်မည့် Gravity နည်းစနစ်ပါ သုံးစွဲ၍ ရေပေးဝေနိုင်ရန် ရေရှည် စီမံကိန်းချမှတ်၍ ဆောင်ရွက် ပေးနိုင်ခြင်း ရှိ/မရှိနှင့် ငမိုးရိပ် ရေသန့်စက်ရုံရှိ ရေတွန်းစက်များသည် မီးတစ်ကြိမ် ပျက်လျှင် အပြည့်အဝ စွမ်းရည်ပြည့် ပြန်လည်အလုပ်လုပ်ရန်မှာ နှစ်နာရီခန့် အချိန်ယူရသဖြင့် တချို့ ရေတွန်းစက်များကို မီးစက်ဖြင့် သုံးစွဲနိုင်ရန် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

တောင်ဥက္ကလာပမြို့နယ်တွင် နှစ်စဉ်ရေ အခက်အခဲနှင့် ကြုံတွေ့နေရပါကြောင်း၊ တချို့နေရာများတွင် သုံးရက်၊ လေးရက်ခန့် ရေပြတ်လပ်နေပြီး ရေကားဖြင့် ရေပေးနေရသည့် အခြေအနေများလည်း ကြုံတွေ့ခဲ့ရပါကြောင်း၊ တောင်ဥက္ကလာပ မြို့နယ်ကို ရေပေးဝေနေသည့် လှည်းကူးမြို့နယ်ရှိ ငမိုးရိပ် ရေပေးဝေရေး စခန်းမှ ရေပေးခြင်း မရှိလို့ပါဟု မြို့တော် စည်ပင်မှ ဖြေကြားခဲ့ပါကြောင်း၊ ငမိုးရိပ် ရေပေးဝေရေး စခန်းကို ထပ်မံ၍ မေးမြန်း ကြည့်သည့်အချိန်တွင် လျှပ်စစ်မီးပြတ်နေ၍ ရေပေးဝေနိုင်ခြင်း မရှိသည်ကို ပြန်လည်ဖြေကြားခဲ့ပါကြောင်း၊ လျှပ်စစ်မီးကလည်း တစ်နေ့ကို နှစ်ကြိမ်၊ သုံးကြိမ်ခန့် ပျက်နေပြီး မီးပြန်လာပါက ရေပြန်ပေးမည်ဆိုပါက တောင်ဥက္ကလာပ မြို့နယ်ကို ရေပြန် လည်ရောက်ရှိနိုင်ရန် နှစ်နာရီခန့် ကြာသည်ဟု ရှင်းလင်း ပြောကြားခဲ့ပါကြောင်း၊ လက်ရှိအချိန်သည် ကူးစက်ရောဂါ ဖြစ်ပွားနေသည့် အချိန်ဖြစ်သည့်အတွက် ရေရှိမှုသည် အလွန်အရေးကြီး ပါကြောင်း၊ တခြားမြို့နယ်များတွင် ဆောင်ရွက်ထားသည့်အတိုင်း တောင်ဥက္ကလာပ မြို့နယ်တွင် သင့်တင့်သည့် အတိုင်းအတာရှိသည့် Ground Tank တည်ဆောက်ပြီး ရေပေးဝေနိုင်ရန်အတွက် ဝေဇယန္တာ လမ်းမကြီးပေါ်တွင် ရှိသည့် ရေပေးဝေနေသည့် ရေပိုက်ကြီးနှင့် ကပ်လျက်တည်ရှိပြီး (၄)ရပ်ကွက်၊ သုတ(၆)လမ်းထိပ်ရှိ ခြောက်ဧကကျယ်သည့် မြေကွက်လပ်တွင် Ground Tank တည်ဆောက်ပြီး ရေပေးဝေနိုင်ရန်အတွက် သက်ဆိုင်ရာ ဌာနများနှင့် ညှိနှိုင်း ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိကို မေးမြန်းပါသည်။