(ဂ)-သီးနှံများဈေးနှုန်းတည်ငြိမ်မှုရှိရန်အတွက် လိုအပ်သော ငွေကြေးအရင်းအနှီး၊ နည်းပညာ၊ သိုလှောင် ရုံတည်ဆောက်မှုတို့ကို အကျိုးရှိစေမည့်မူဝါဒများ ချမှတ်ပြီးပြည်ပရင်းနှီးမြှုပ်နှံမှု၊ ပြည်ပချေးငွေ များကိုဖိတ်ခေါ်ရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
လယ်ယာစိုက်ပျိုးရေးမှထွက်ရှိလာသော သီးနှံများဈေးနှုန်းတည်ငြိမ်မှုရှိရန်အတွက် သီးနှံထွက်ရှိချိန် တွင် ဝယ်ယူသိုလှောင်ထားရန် လိုအပ်သော ငွေကြေးအရင်းအနီး၊ နည်းပညာ၊ သိုလှောင်ရုံ တည်ဆောက်မှုတို့ကို သက်ဆိုင်ရာဝန်ကြီးဌာနများမှ မိမိတို့နိုင်ငံအတွက် အကျိုးရှိစေမည့် မူဝါဒများ ချမှတ်ပြီး ပြည်ပရင်းနှီးမြှုပ်နှံမှု၊ ပြည်ပချေးငွေများကိုဖိတ်ခေါ်ရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့် မေးခွန်း
မေးခွန်းမေးမြန်းရသည့် အကြောင်းအရင်းကို တင်ပြလိုပါကြောင်း၊ မြန်မာနိုင်ငံသည် စိုက်ပျိုးရေး နိုင်ငံဖြစ်သော်လည်း လယ်ယာလုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်းပြုနေရသည့် တောင်သူများ သည် ရာသီဥတုကဖျက်၊ ပိုးကဖျက်၊ ဈေးကွက်ကပျက်နှင့် သီးနှံများစုပြုံထွက်ရှိလာသည့်အချိန်တွင် ဈေးနှုန်းမတည်ငြိမ်မှုများကြောင့် ထွက်ရှိလာသော သီးနှံ၏တန်ဖိုးများသည် မိမိတို့ကုန်ကျသော စိုက်ပျိုးစရိတ်ထက်လျော့နည်းပြီး အရှုံးများပေါ်ကာ မိမိတို့၏လယ်ယာလုပ်ငန်းများကို စွန့်ခွာပြီး ပြည်ပကိုသွားရောက်ပြီး အလုပ်လုပ်ကိုင်ကြသူများ များစွာရှိနေကြပါကြောင်း၊ ယခုလို ကိုရိုနာ ဗိုင်းရပ်စ်ကာလတွင် ပြည်ပကိုအလုပ်သွားရောက်လုပ်ကိုင်ကြသူများထဲမှ ပြန်လာကြသူများစွာရှိ ကြပြီး အများစုသည် ကျေးလက်နေတောင်သူများဖြစ်သည့်အတွက် ပြည်တော်ပြန်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ထုတ်ပေးရန် လိုအပ်နေသကဲ့သို့ ကိုရိုနာဗိုင်းရပ်စ်ကာလတွင် ကမ္ဘာ့နိုင်ငံအတော်များများကလည်း စိုက်ပျိုးရေးထွက်ကုန်အတော်များများကို လိုအပ်ပြီး ဝယ်ယူကြ ရသည့်အတွက် ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်သော စိုက်ပျိုးရေးနိုင်ငံများသည် အသာစီးရနိုင်ပြီး စီးပွားရေးဖွံ့ဖြိုးမှုအတွက် အလားအလာကောင်းနေကြသည့်အခြေအနေမျိုးတွင် မြန်မာနိုင်ငံ အနေဖြင့် စိုက်ပျိုးရေးကိုဖိလုပ်လိုက်မည်ဆိုပါက တိုင်းပြည်၏စီးပွားရေး တိုးတက်မှုအနေအထား သည်လည်း အတော်လေးကောင်းမွန်သွားမည် ဖြစ်ပါကြောင်း၊
နိုင်ငံ၏ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးများကို ကုစားပေးရန်အတွက် ပြည်ပချေးငွေများဖြင့် အကျိုးရှိစွာအသုံးပြုနေချိန်တွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွင်လည်း လိုအပ်သောဖွံ့ဖြိုး တိုးတက်မှုများကို ပြည်ပချေးငွေများဖြင့် ထိရောက်ကျယ်ပြန့်စွာ အသုံးချနိုင်ရန် လိုအပ်နေပြီဖြစ်ပါကြောင်း၊ ထွက်ကုန်တန်ဖိုးသည် စိုက်ပျိုးစရိတ်ထက်သာနေမှသာ တောင်သူ များသည် အကျိုးစီးပွားဖြစ်ထွန်းမှုများရှိပြီး တိုင်းပြည်စီးပွားရေးတိုးတက်မှုကို အထောက်အကူပြု စေမည်ဖြစ်သည့်အတွက် သီးနှံများစုပြုံထွက်ရှိလာချိန်တွင် ဈေးနှုန်းကျဆင်းပြီး ဈေးနှုန်းမတည်ငြိမ် ဖြစ်မှုကို ကာကွယ်ရန်တောင်သူများအတွက် တွက်ခြေကိုက်သောအခြေခံဈေးနှုန်းများ သတ်မှတ်ပြီး ဝယ်ယူကာ ကြာရှည်ခံသိုလှောင်ထားနိုင်မည့် နည်းပညာများ၊ သိုလှောင်ရုံများ၊ တန်ဖိုးမြင့် ထုတ်လုပ်မည့် စက်ရုံကြီးများဖြစ်သော ခေတ်မီဆန်စက်၊ ဆီစက်၊ ပဲခွဲစက်၊ အခြောက်ခံစက်များ၊ သစ်သီးဝလံများအတွက် အအေးခန်းများ၊ သန့်စင်ဆီသွပ်ဘူးနှင့် ထုပ်ပိုးသည့်စက်ရုံများကို နိုင်ငံတကာမှ အတိုးနှုန်းသက်သာသည့်ချေးငွေရယူပြီး ပုဂ္ဂလိကအစိုးရပူးပေါင်းလုပ်ဆောင်ရန် အရေးတကြီးလိုအပ်နေပြီဖြစ်ပါကြောင်း၊ ထို့အပြင် တောင်သူများ ချေးနေကြသော နှစ်ဆင့်ချချေးငွေ ဆိုသည်ကလည်း တစ်နှစ်လျှင် တစ်ဧကကို တစ်သိန်းခွဲနှုန်းရခြင်းဖြစ်သည့်အတွက်ကြောင့် တောင်သူများအတွက် နှစ်ဆင့်ချချေးငွေများကိုလည်း ပြည်ပချေးငွေများနှင့် ဆောင်ရွက်ပေးရန် အတွက် လိုအပ်နေပါကြောင်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အပါအဝင် ပြည်တွင်းရှိဘဏ်များက လုံလုံလောက်လောက်မချေးပေးနိုင်ပါက နိုင်ငံတကာက အတိုးနှုန်းသက်သာသော ကာလရှည် ချေးငွေများကို လယ်ယာကဏ္ဍအတွက် အထူးဦးစားပေးရယူပေးရန် ညှိနှိုင်းစိစစ်ပြီဟု လိုအပ် နေပြီဖြစ်ပါကြောင်း၊
သို့မှသာ လယ်ယာထွက်သီးနှံကုန်စည်များအား အိမ်နီးချင်းနိုင်ငံဈေးကွက်ကိုသာ မှီခိုနေရပြီး ယင်းနိုင်ငံများ၏ ပေါ်လစီအပြောင်းအလဲက မြန်မာ့ပို့ကုန်များအပေါ် ထိခိုက်နိုင်မည့်အရေးကိုလည်း ကာကွယ်နိုင်မည် ဖြစ်ပါကြောင်း၊ လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းမှ ထွက်ရှိလာသည့် ကုန်ကြမ်းများကို ကမ္ဘာ့ဈေးကွက်ဝင်တန်ဖိုးမြင့်ကုန်ပစ္စည်းများ Value Added ဖြစ်အောင် ပြည်တွင်းမှာတင်အရည်အသွေးပြည့်မီအောင် ထုတ်လုပ်နိုင်ပြီး နိုင်ငံတကာသို့ ဈေးကွက်ချဲ့ထွင် နိုင်၍ ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း မိမိ၏အဆိုတွင်လည်း အတည်ပြုထားပြီး ဖြစ်သည့်အတွက် ကိုရိုနာဗိုင်းရပ်စ်ကာလတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလာရန် ခက်ခဲလာသည့် အချိန်ကာလတွင် ကိုယ့်ပြည်တွင်းက တိုင်းရင်းသားပုဂ္ဂလိကလုပ်ငန်းရှင်များဖြင့် လယ်ယာကဏ္ဍ တိုးတက်ရေးကို လုပ်ကြရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မြန်မာတိုင်းရင်းသားပုဂ္ဂလိကလုပ်ငန်းရှင် များ အသေးစား၊ အလတ်စား Agriculture MSME များအတွက် အစိုးရပုဂ္ဂလိကပူးပေါင်းဆောင်ရွက် သည့် Public Private Partnership Project များကို ဦးစားပေးအကောင်အထည်ဖော်ပေးရန် အတွက် လိုအပ်သည့်ငွေကြေးကို နိုင်ငံတကာကသက်သာသော အတိုးနှုန်းများဖြင့် ချေးယူပြီး သက်ဆိုင်ရာဝန်ကြီးဌာနမှ မိမိနိုင်ငံအတွက် အကျိုးရှိစေမည့်မူဝါဒများချမှတ်ကာ ပြည်ပချေးငွေများ စာချုပ်ချုပ်ဆိုပြီး ချေးယူနိုင်ရေးအတွက် တောင်သူလယ်သမားအကျိုးစီးပွားရှေးရှုပြီး လယ်ယာ စိုက်ပျိုးရေးလုပ်ငန်းမှထွက်ရှိလာသော သီးနှံများဈေးနှုန်းတည်ငြိမ်မှုရရှိရန် သီးနှံများစုပြုံထွက်ရှိ လာသည့်ရာသီချိန်တွင် သိုလှောင်ထားရန် လိုအပ်သော ငွေကြေးအရင်းအနှီး၊ နည်းပညာများနှင့် သိုလှောင်ရုံများ တည်ဆောက်ရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများမှ နိုင်ငံအတွက် သင့်တော် သည့်မူဝါဒများချမှတ်ပြီး ပြည်ပရင်းနှီးမြှုပ်နှံမှု၊ ပြည်ပချေးငွေများ ဖိတ်ခေါ်ပေးရန် အစီအစဉ်ရှိ/ မရှိသိလိုပါကြောင်း မေးမြန်းပါသည်။