(ဆ)-ကန်ပက်လက်မြို့ဟောင်းမြေနေရာတွင် တရားမဝင်ကျူးကျော်နေထိုင်သူများအား ဖယ်ရှားပေး ရန် နှင့် မြို့မြေဧရိယာအတွင်း ဟိုတယ်ဇုန်မြေနေရာအား ပိုင်ဆိုင်မှုဧရိယာ မြေယာစိစစ်တိုင်းတာမှုများ တိတိကျကျ ဆောင်ရွက် ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်း သည့်မေးခွန်း
ကန်ပက်လက်မြို့ဟောင်းမြေနေရာတွင် တရားမဝင်ကျူးကျော်နေထိုင်သူများအား ဥပဒေအရ ဖယ်ရှားပေးရန်နှင့် မြို့မြေဧရိယာအတွင်း ဆောက်လုပ်ထားသော ဟိုတယ်ဇုန်မြေနေရာအား ပိုင်ဆိုင်မှုဧရိယာအထောက်အထားအတိုင်း မြေယာစိစစ်တိုင်းတာမှုများ တိတိကျကျ ဆောင်ရွက် ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့သည် ၁၉၇၉ ခုနှစ် မြို့မြေဧရိယာ သတ်မှတ်ချက်ပြန်တမ်းအရ ၁၉၂၀ ဧကကျယ်ဝန်းပြီး မြို့မရပ်ကွက်နှစ်ခုနှင့်ဖွဲ့စည်း တည်ထောင်ထားသည့်မြို့ဖြစ်ပါကြောင်း၊ ယနေ့ခေတ်အခြေအနေအရ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိမြို့ရွာများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အညီ မိမိတို့ကန်ပက်လက်မြို့နယ်သည် မြို့နယ်လူဦးရေနှင့်အိမ်ခြေများ တဖြည်းဖြည်း တိုးတက်များပြား လာပြီး မြို့နေတိုင်းရင်းသားပြည်သူများအတွက် တိုးချဲ့ကွက်သစ်အိမ်ခြေများ ချထားပေးရန်နှင့် ဌာန ဆိုင်ရာ အစိုးရရုံးအဆောက်အဦသစ်များ ဆောက်လုပ်ရန်မြေနေရာများ လိုအပ်နေပါကြောင်း၊ ၁၉၉၀ ခုနှစ် မတိုင်မီနှစ်များအတွင်း ကန်ပက်လက်မြို့၊ မြို့မြေဧရိယာကို သက်ဆိုင်ရာဌာနများနှင့် မြို့မိ မြို့ဖများက တိကျကောင်းမွန်စွာစီမံခန့်ခွဲ ထိန်းသိမ်းလာခဲ့ကြသော်လည်း ၁၉၉၀ ခုနှစ်နောက်ပိုင်း တွင် အမျိုးသားဥယျာဉ်ထူထောင်ရေးကို အကြောင်းပြုပြီး မြို့မြေဧရိယာအတွင်း တရားမဝင်မြေယာ များ ရယူပိုင်ဆိုင်မှုများ၊ မြို့မြေဧရိယာအတွင်း ဥပဒေမဲ့ရောင်းဝယ်ဖောက်ကားမှုများ ပြုလုပ်ခဲ့ကြ ပါကြောင်း၊ ၁၉၇၉ ခုနှစ် မြို့နယ်နိမိတ်ပြန်တမ်းအရ သတ်မှတ်ထားရှိခဲ့သည့် ၁၉၂၀ ဧကအတွင်း သစ်တောဧရိယာ၊ အမျိုးသားဥယျာဉ်ဧရိယာ သတ်မှတ်ချက်များအပေါ် အကြောင်းပြုပြီး မြို့မြေဧက များစွာအပေါ် ဟိုတယ်များဆောက်လုပ်ခြင်း၊ မြေနေရာများချထားပေးခြင်းများကို ပြုလုပ်ခဲ့ ကြပါကြောင်း၊ ယခုတွင် မြို့နယ်စည်ပင် နယ်နိမိတ်မြေကွက်များကို တရားမဝင်ရောင်းဝယ်ဖောက် ကားမှုများ အဆင့်ဆင့်ဖြစ်ပေါ်နေသည်ကို တွေ့ရှိနေရပါကြောင်း၊ အချို့ဟိုတယ်များမှာ ဟိုတယ် မြေနေရာအဖြစ် ဧကများစွာရယူပိုင်ဆိုင်ထားကြပြီး အသုံးမပြုဘဲ ခြံစည်းရိုးခတ်ကာရံထားခြင်းများ ပြုလုပ်နေကြပါကြောင်း၊ ထိုမြေများသည် ကန်ပက်လက်ဒေသခံ မြို့မိမြို့ဖများမှ ရေရှည် မြို့နေ လူဦးရေတိုးပွားလာပါက မြို့ကွက်သစ်အိမ်ရာများချထားပေးရန် အမြော်အမြင်နှင့် စီမံခဲ့သည့်နေရာ များဖြစ်ပါကြောင်း၊
မြို့မြေယာစီမံခန့်ခွဲရေးတွင် အဓိကတာဝန်ရှိဌာနများဖြစ်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေး၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနများက ကောင်းမွန် နိုင်နင်းစွာ ကိုင်တွယ်ဖြေရှင်းပေးရန် အထူးလိုအပ်နေပြီဖြစ်ပါကြောင်း၊ ကန်ပက်လက်မြို့၊ မြို့နယ် စည်ပင်ဧရိယာစီမံခန့်ခွဲမှုမှာ ရှင်းလင်းတိကျမှန်ကန်သည့် မြို့မြေနယ်နိမိတ် ပြန်လည်စိစစ်သတ် မှတ်နိုင်ရန် မြို့မြေစီမံအသုံးချမှုအပေါ် သက်ဆိုင်ရာဌာနအသီးသီးက အဂတိကင်းစွာဖြင့် ကောင်းမွန် မှန်ကန်စွာ စီမံခန့်ခွဲနိုင်ရန်၊ မြို့မြေဧရိယာအတွင်း ဥပဒေမဲ့၊ အထောက်အထားမဲ့ တရားမဝင် ရောင်း ဝယ်ဖောက်ကားခြင်းများနှင့် တရားမဝင်ကျူးကျော်နေထိုင်သူများကို အချိန်မီရှင်းလင်းပြီး တည်ဆဲ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများအတိုင်း အမြန်ဆုံးအရေးယူပေးရန် လိုအပ်နေပါကြောင်း၊ ထို့ကြောင့် ကန်ပက်လက်မြို့၊ မြို့ဟောင်းမြေနေရာရှိ လက်ဖက်ခင်း၊ ပြန်လည်စွန့်လွှတ်မြေနှင့် မြို့မြေဧရိယာ နယ်နိမိတ်အတွင်း တရားမဝင်ကျူးကျော်နေထိုင်သူများအား ဥပဒေအရ ဖယ်ရှားပေးနိုင်ရေး၊ မြို့မြေ ဧရိယာအတွင်း ဖွင့်လှစ်ထားသော ဟိုတယ်ဇုန်နှင့် ဟိုတယ်မြေနေရာများ ပိုင်ဆိုင်မှုဧရိယာ အထောက်အထားအတိုင်း ပိုင်ဆိုင်မှုရှိ/မရှိ စိစစ်နိုင်ရေးနှင့် မြေယာစိစစ်တိုင်းတာမှုများ တိတိကျကျ ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။