(ဇ)-ထီးလင်းမြို့နယ်ရှိ ဆင်စွယ်ကျေးရွာတွင် စိုက်ပျိုးရေ၊ သောက်သုံးရေဖူလုံစွာရရှိရေးအတွက် သင့်တော်သောနေရာတွင် တစ်ဖက်ရပ်ဆည်တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
ယောဒေသ၊ ထီးလင်းမြို့နယ်၊ ဆင်စွယ်ကျေးရွာဟုဆိုလျှင် မြန်မာ့နိုင်ငံရေးသမိုင်းကို တီးမိခေါက်မိသူအတော်များများအနေဖြင့် ရင်းနှီးကြလိမ့်မည်ဟု မိမိအနေဖြင့် ယူဆမိပါကြောင်း၊ အဘယ်ကြောင့်ဆိုသော် ဆင်စွယ်ကျေးရွာသည် ရှေးပဝေသနီကပင်တည်ရှိခဲ့သည့် ကျေးရွာ လေးတစ်ရွာဖြစ်ပြီး နိုင်ငံရေးခေတ်စနစ်အပြောင်းအလဲအမျိုးမျိုးကို ဖြတ်သန်းခဲ့ရပြီး ပြိုကွဲနေသည့် နိုင်ငံရေးအဖွဲ့အစည်းများ၏ကြားတွင် မြေစာပင်အဖြစ် ရေတိမ်နစ်ခဲ့ရသည့် နံနက်အချိန်တွင် နေဝင် ခဲ့ရသည့် ကျေးရွာလေးတစ်ရွာဖြစ်ပါကြောင်း၊ ၁၉၆၀ ပြည့်နှစ်၊ ဧပြီလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် ကျေးရွာနေ ပြည်သူ ၇၄ ဦးမြေစာပင်ဖြစ်ခဲ့ရပြီး အိမ်ခြေ ၉၂ အိမ် ပြာအတိဖြစ်ခဲ့ရပါကြောင်း၊ ဒုက္ခသည်ပြည်သူ ၄၅၉ ဦးသည် အားကိုးရာမဲ့ကျန်ရစ်ခဲ့တာ ဖြစ်ပါကြောင်း၊ ၎င်းတို့ကို ဦးနု အစိုးရ လက်ထက်တွင် တစ်အိမ်ထောင်လျှင် ငွေကျပ် ၅၀၀ စီထောက်ပံ့ပေးခဲ့ပြီး ပြန်လည်ထူထောင် ခဲ့ရသည့်ကျေးရွာလေး တစ်ရွာဖြစ်ပါကြောင်း၊
ယခုဆိုလျှင် ၎င်းရွာလေးတွင် အိမ်ခြေ ၁၇၈ အိမ်၊ လူဦးရေ ၉၄၅ ဦး နေထိုင်ကြပြီး စိုက်ပျိုးရေး လုပ်ငန်းနှင့် အသက်မွေးကြသူများ ဖြစ်ပါကြောင်း၊ ထို့အပြင် ၎င်းကျေးရွာ လေးတွင် အခြေခံ ပညာအထက်တန်းကျောင်း၊ ကျေးလက်ကျန်းမာရေးဌာနများလည်းရှိနေပြီး လမ်းပန်းဆက်သွယ် ရေးအနေဖြင့်လည်း အတော်လေးကောင်းမွန်နေပြီဖြစ်ပါကြောင်း၊ ထို့အပြင် ကျေးရွာ လျှပ်စစ် မီးလင်းရေးအတွက်လည်း ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ အခြားအခြေခံအဆောက်အအုံများ တိုးတက်လာသော်လည်း ကျေးရွာမှအဓိကလိုအပ်နေသည့် စိုက်ပျိုးရေ၊ သောက်သုံးရေကို ဖူလုံ အောင် ဆောင်ရွက်ပေးနိုင်ခဲ့ခြင်းမရှိဘဲ နှစ်စဉ်နွေရာသီရောက်တိုင်းတွင် ရေအခက်အခဲ ကြုံတွေ့ နေရကြောင်း၊ ရေရရှိရေးနှင့် ပတ်သက်၍ ခေတ်အဆက်ဆက်တွင် ဆောင်ရွက်ပေးခဲ့ ကြသော်လည်း ဖူလုံမှုမရှိဘဲဖြစ်နေပါကြောင်း၊ ၂၀၁၅ ခုနှစ်တွင်လည်း ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ အဝီစိတွင်းကို ပေ ၆၀၀ အထိ နှစ်နေရာရွှေ့ပြောင်းတူးခဲ့သော်လည်း မအောင်မြင်ခဲ့ သကဲ့သို့ ယခု ၂၀၂၀ ပြည့်နှစ်တွင်လည်း ပေ ၇၀၀ အထိတူးခဲ့သော်လည်း ရေမရရှိခဲ့ ပါကြောင်း၊ ထို့ကြောင့် သံသေချောင်းအနီးတွင်ရှိသည့် တွင်းတွင် စက်ရေတွင်းတူးဖော်မှသာလျှင် အတော် အတန်အသင့် အဆင်ပြေလာကြောင်းကို တွေ့ရှိရပါကြောင်း၊ အခြားနေရာများတွင် တွင်းတူး ၍မရအောင်ဖြစ်နေပါကြောင်း၊ ထို့ကြောင့် သင့်တော်သည့် လျှောက်ရိုးများတွင် တစ်ဖက်ရပ် ဆည်တည်ဆောက်ပေးမည်ဆိုလျှင် ဆင်စွယ်ကျေးရွာအတွက် သောက်သုံးရေသာမက စိုက်ပျိုးရေပါ ဖူလုံလာမည်ဖြစ်ပါကြောင်း၊
ဆင်စွယ်ကျေးရွာ၏ အရှေ့မြောက်ဘက်တွင်ရှိသည့် ရွှေတွင်းတူးရိုးချောင်းကို အလျား(ပေ ၃၀၀ X အနံ ၂၅ ပေ X အမြင့် ၄၅ ပေ)ရှိသည့် တစ်ဖက်ရပ်ဆည်ကို ဆောက်ပေးလိုက်မည်ဆိုပါက ဆင်စွယ် ကျေးရွာတွင်ရှိသည့် ပြည်သူများအတွက် သောက်သုံးရေဖူလုံရုံမျှမက လယ်မြေဧက ၉၀ ကျော် ခန့်ကိုလည်း စိုက်ပျိုးရေပေးဝေနိုင်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ထီးလင်းမြို့နယ်ရှိ ဆင်စွယ် ကျေးရွာတွင် စိုက်ပျိုးရေ၊ သောက်သုံးရေဖူလုံစွာရရှိရေးအတွက် သင့်တော်သောနေရာတွင် တစ်ဖက် ရပ် ဆည်တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိသိရှိလိုပါကြောင်းမေးမြန်းပါသည်။