(ဈ)-ကနီမြို့နယ်ရှိ ယင်း-ကုန်းသာ ရေတားတမံ ပြုပြင်နိုင်ရန် တာတမံ မူလဧရိယာများအား ကျူး၍ ပုံစံ(၇) ရယူထားမှုများအား ပယ်ဖျက်ပေးရန်နှင့် ရေဘေးအန္တရာယ် ကင်းဝေးနိုင်မည့် ဒီဇိုင်းများဖြင့် ရေးဆွဲ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
ကနီမြို့နယ်ရှိ ယင်း-ကုန်းသာ ရေတားတမံ ပြုပြင်နိုင်ရန် တာတမံ မူလဧရိယာများအား ကျူး၍ ပုံစံ(၇) ရယူထားမှုများအား ပယ်ဖျက်ပေးရန်နှင့် တာတမံပြုပြင်ရာတွင် ရေဘေး အန္တရာယ် ကင်းဝေးနိုင်မည့် ဒီဇိုင်းများဖြင့် ရေးဆွဲ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
ကနီမြို့နယ် ယင်း-ကုန်းသား ရေတားတမံကို ၁၉၈၁-၁၉၈၂ ခုနှစ်ခန့်က တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး တာပေါင်အလျားပေ ၇၄၀၀ ခန့် ရှိပါကြောင်း၊ ၎င်းရေတားတမံသည် လယ်ယာ မြေဧကပေါင်း ၁၅၀၀ ခန့်ကို ချင်းတွင်းမြစ် ရေကြီးရေလျှံမှု၊ ရေလွှမ်း နစ်မြုပ်မှုများမှ ကာကွယ်ပေးခဲ့သည်ကို သိရပါကြောင်း၊ ၎င်းရေတားတမံသည် ကျိုးပေါက်ပျက်စီးမှုများ ဖြစ်ပေါ်လျက်ရှိရာတွင် ချင်းတွင်းမြစ်ရေ ကြီးလာပါက လယ်ယာမြေ စိုက်ပျိုးသီးနှံများ၊ ရေကြီး နစ်မြုပ်မှုများ ဖြစ်ပေါ်လေ့ ရှိပါကြောင်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် အဆိုပါ ရေတားတမံ ပြုပြင်နိုင်ရေး တိုင်းဒေသကြီး အစိုးရရန်ပုံငွေမှ ခွဲဝေပေးခဲ့ချိန်တွင် တာပေါင်တစ်လျှောက်ရှိသည့် ပုံစံ(၇) ရယူစိုက်ပျိုးလျက်ရှိသည့် တောင်သူအချို့က ကန့်ကွက်ခွင့်ပြုထားသည့်အတွက် ပြုပြင် ဆောင်ရွက်နိုင်ခြင်း မရှိ ရရှိ ရန်ပုံငွေများကို ပြန်လည်အပ်နှံခဲ့ရခြင်း ဖြစ်ပါကြောင်း၊ သို့သော် ၎င်းကျိုးပေါက် ပျက်စီးနေသည် ရေတားတမံကို မပြုပြင်နိုင်သမျှ ရေတားတမံ အောက်ရှိသည့် လယ်ယာသီးနှံများ ပျက်စီး ဆုံးရှုံးနိုင်ချေများသည့် အပြင် အချိန်မှန် စိုက်ပျိုးနိုင်ရေးကိုလည်း ထိခိုက်နေသည့် အတွက် ဒေသခံ တာဝန်ရှိသူများနှင့် တောင်သူများက တောင်းဆိုချက်များအရ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ကွင်းဆင်းစိစစ်မှုများ ပြုလုပ်ခဲ့ကြပါကြောင်း၊ ကွင်းဆင်း စစ်ဆေးချက်များအရ ရေတားတမံ၏ နယ်နိမိတ်အကျယ်သည် ယခင်က ပေ ၁၀၀ ခန့် ရှိခဲ့ပါကြောင်း၊ ယခုအချိန်ထိ အချို့နေရာများတွင် ရေတားတမံ နယ်နိမိတ် အမှတ်အသားတိုင်များ တည်ရှိနေသည်ကို တွေ့ရပါကြောင်း၊ တာတမံ တစ်လျှောက် ကျိုးပေါက်ပျက်စီနေသည့် နေရာများတွင် တောင်သူအချို့မှ တာတမံ နယ်နိမိတ်ကို ငုံပြီး လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ(၇)များ ရယူ လုပ်ကိုင်နေကြောင်းကို တွေ့ရပါကြောင်း၊ ထိုကဲ့သို့ တာတမံနယ်ကို ကျူးပြီး ပုံစံ(၇)ကို သက်ဆိုင်ရာ ဝန်ထမ်းများနှင့် ပေါင်းပြီး ရယူထားခဲ့သူများသည် ပုံစံ(၇)ကို အကြောင်းပြုပြီး ရေတားတမံ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများကို ကန့်ကွက်ခဲ့ကြောင်းကို တွေ့ရပါကြောင်း၊ လယ်သမား အများစုအတွက် အကျိုးပြုမည့် စီမံကိန်းတွင် တာပေါင်ကျူးပုံစံ(၇) ရယူထားသူများမှ တရားဝင် ကန့်ကွက်ခွင့် ရနေခြင်းဖြစ်သည့်အတွက် ၎င်းတာပေါင် ကျူးပုံစံ(၇)များကို ပယ်ဖျက်ပေးရန် လိုအပ်မည် ဖြစ်ပါကြောင်း၊
ထို့ပြင် ယင်း-ကုန်းသာ ရေတားတမံ ပြုပြင်ရေးနှင့်စပ်လျဉ်းပြီး ပြုပြင်မည်ဆိုပါက ယင်းကျေးရွာအပေါ် ချင်းတွင်းမြစ်ရေ ဘေးအန္တရာယ် ကင်းဝေးနိုင်မည့် ပုံစံဒီဇိုင်းများဖြင့် ဆောင်ရွက် ပေးနိုင်ရေးအတွက် တင်ပြမှုများ ရှိပါကြောင်း၊ ထို့ကြောင့် မိမိမေးမြန်းလိုသည့် မေးခွန်းသည် ယင်း-ကုန်းသာ ရေတားတမံ ပြုပြင်နိုင်ရန် တာတမံ မူလဧရိယာများအား ကျူး၍ ပုံစံ(၇)ရယူထားမှုများအား ပုံစံ(၇)များ ပယ်ဖျက်ပေးရန်နှင့် တာတမံပြုပြင်ရာတွင် ၎င်းကျေးရွာအပေါ် ချင်းတွင်းမြစ်ရေ ဘေးအန္တရာယ် ကင်းဝေးစေနိုင်မည့် ပုံစံဒီဇိုင်းများဖြင့် ရေးဆွဲဆောင်ရွက် ပေးနိုင်ရေး ရှိ/မရှိတို့ကို သိရှိလိုကြောင်း မေးမြန်းပါသည်။