(ည)-မယ်စဲ့မြို့နယ်၊ ဟိုစဲ့ကျေးရွာနှင့် နန့်မန်းကျေးရွာ၌ ရာသီမရွေးသောက်သုံးရေရရှိနိုင်ရန်အတွက် ချောင်းရေတင်စနစ်ဖြင့် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

2021-01-05

မယ်စဲ့မြို့နယ်၊ ဟိုစဲ့ကျေးရွာနှင့် နန့်မန်းကျေးရွာတွင် နေ့စဉ်နှင့်အမျှ သောက်သုံးရေလုံလောက်စွာ ရရှိရန် အခက်အခဲဖြစ်နေခြင်းကြောင့် စိမ့်စမ်းရေနှင့် ပိုက်သွယ်တန်းပြီး ရေရရှိ ရန် ဆောင်ရွက် ထားရှိသော်လည်း ရေရှည်အရ မဖြစ်နိုင်ပါကြောင်း၊ နွေရာသီတွင် တောမီးကြောင့် ပိုက်များ မီးလောင်ခြင်း၊ စိမ့်စမ်းရေခန်းခြောက်ခြင်း၊ မိုးရာသီတွင် ချောင်းရေကြီးမှုကြောင့် ပိုက်များ ရေထဲ မျောပါခြင်းများကြောင့် ပိုက်များကို မည်မျှပင် ထိန်းသိမ်းသော်လည်း သဘာဝဘေး အန္တရာယ်ကို မထိန်းသိမ်းနိုင်ပါကြောင်း၊ တစ်နှစ်ထက်တစ်နှစ် အစိုးရထံဘတ်ဂျက်တင်တောင်းပြီး ပိုက်များကို ဝယ်ယူခဲ့သော်လည်း သဘာဝဘေးကြောင့် အချည်းနှီးသက်သက်ဖြစ်ကာ တိုင်းပြည် ဘဏ္ဍာငွေ များ သာ အလဟဿဖြစ်ကုန်ပါကြောင်း၊ တိုင်းပြည်ဘဏ္ဍာငွေများ လေလွင့်ဆုံးရှုံးမှုရှိမရှိစေရန် တိကျ သည့် မူဝါဒချမှတ်ပြီး ရေရှည်ရေရရှိနိုင်ရန် ဆောင်ရွက်ပေးစေချင်ပါကြောင်း၊ ဟိုစဲ့ကျေးရွာနှင့် နန့်မန်းကျေးရွာကို ချောင်းရေတင်စနစ်ဖြင့် ဆောင်ရွက်ပေးမည်ဆိုပါက ရာသီမရွေး သောက်သုံးရေ ရရှိမည်ဖြစ်ပါကြောင်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ၁ လုံး၊ ၂၀၁၆- ၂၀၁၇ တွင် ၁ လုံး၊ ၂၀၁၇-၂၀၁၈ တွင် ၁ လုံး တည်ဆောက်ထားရှိသော်လည်း ရေကို ယနေ့ထိ အုတ်ကန်ထဲကို သွင်းယူနိုင်ခြင်း မရှိသေးပါကြောင်း၊ ရွာ၏အလယ် တောင်ပေါ်တွင် တည်ဆောက်ထားသော အုတ်ရေကန် တစ်လုံး လျှင် ဂါလန် ၅၀၀၀ ဆံ့ပြီး  အဆိုပါအုတ်ရေကန်ကို ပြန်လည်အသုံးပြုနိုင်ရန် ချောင်းရေတင် စနစ်ဖြင့် ဆောင်ရွက်ပေးမည်ဆိုပါက တိုင်းပြည်ဘဏ္ဍာငွေလည်း လေလွင့်ဆုံးရှုံးမှုမရှိဘဲ ပြည်သူလူထုအတွက် လည်း အကျိုးပြုနိုင်မည့်  အုတ်ရေကန်လည်း ဖြစ်ပါကြောင်း၊  

ထို့ကြောင့် ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်၊ ဟိုစဲ့ကျေးရွားနှင့် နန့်မန်းကျေးရွာ အတွက် ရာသီမရွေး သောက်သုံး ရေရရှိနိုင်အောင် ချောင်းရေတင်စနစ်ဖြင့် စီစဉ်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။