(င)- တီကျစ်ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံသည်ဥပဒေ၊နည်းဥပဒေများနှင့် ညွှန်ကြားချက်များကိုလိုက်နာ၍အကောင်အထည်ဖော်ခြင်းရှိ/မရှိနှင့်စက်ရုံလည်ပတ်ခွင့်ကို သုံးနှစ်အထိသက်တမ်းတိုးပေးခဲ့ခြင်းကိုသုံးသပ်ပေးရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
ပင်လောင်း မြို့နယ်အတွင်းရှိ တီကျစ် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံသည် ပြဋ္ဌာန်းထားသော ဥပဒေ၊ နည်းဥပဒေများနှင့် ညွှန်ကြားချက်များကို လေးစားလိုက်နာ၍ အကောင်အထည် ဖော်ခြင်း ရှိ/မရှိနှင့် စက်ရုံ လည်ပတ်ခွင့်ကို သုံးနှစ်အထိ သက်တမ်း တိုးပေးခဲ့ခြင်းကို ပြန်လည် သုံးသပ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းသည့် မေးခွန်း
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့၊ တီကျစ်ကျေးရွာအုပ်စု အတွင်း တည်ရှိသည့် ၁၂၀ မဂ္ဂါဝပ် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံနှင့်စပ်လျဉ်းသည့် ကြယ်ပွင့်ပြ မေးခွန်းကို မေးမြန်းသွားမည် ဖြစ်ပါကြောင်း၊
တီကျစ် ၁၂၀ မဂ္ဂါဝပ် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံကို န.ဝ.တ အစိုးရ လက်ထက် ၂၀၀၁ ခုနှစ်တွင် စတင်အကောင်အထည်ဖော် တည်ဆောက်ခဲ့ပါကြောင်း၊ တရုတ်နိုင်ငံ အမျိုးသားအကြီးစား စက်မှုလုပ်ငန်း ကော်ပိုရေးရှင်း (China National Heavy Machinery Corporation)နှင့် အေဒင်အုပ်စု ကုမ္ပဏီတို့ ပူးပေါင်း၍ ၂၀၀၂ ခုနှစ်မှာ စက်ရုံကို စတင် လည်ပတ်ခွင့် ရရှိခဲ့ပါကြောင်း၊ သို့သော် နည်းပညာ နိမ့်ခြင်း၊ စက် ချို့ယွင်းခြင်း၊ ဒေသခံပြည်သူများက စက်ရုံ ရပ်ဆိုင်းပေးရန် တောင်းဆိုခြင်းများကြောင့် ၂၀၁၄ ခုနှစ်တွင် လုပ်ငန်းရပ်ဆိုင်း ထားခဲ့ရသည်ကို သိရှိရပါကြောင်း၊ တီကျစ်စက်ရုံကို ပြန်လည် လည်ပတ်နိုင်ရန်အတွက် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့တွင် တရုတ်နိုင်ငံမှ Wuxi Hua Guang ကုမ္ပဏီနှင့် သဘောတူစာချုပ် လက်မှတ် ရေးထိုးခဲ့ပြီး စမ်းသပ်လည်ပတ်ခွင့်ကို တစ်နှစ်တွင် တစ်ကြိမ်နှုန်းဖြင့် ထုတ်လုပ်မှု နှစ်ကြိမ် လုပ်ဆောင်ခဲ့သည်ဟု သိရပါကြောင်း၊ တင်ဒါအောင်မြင်ခဲ့သည့် ကုမ္ပဏီသည် တီကျစ်စက်ရုံကို နှစ်ရှည် ငှားရမ်း စာချုပ်ချုပ်ဆိုခဲ့ပြီး ၂၂ နှစ် လုပ်ကိုင်ခွင့် ရရှိထားကြောင်းနှင့် မူလက တစ်နှစ်ခြင်းစီ သက်တမ်း တိုးရန် သဘောတူ ထားခဲ့သော်လည်း ၂၀၁၉ ခုနှစ်တွင် နောက်ထပ် သုံးနှစ်အထိ ပြည်ထောင်စုအစိုးရမှ သက်တမ်းတိုး ခွင့်ပြုခဲ့သည်ကို သိရပါကြောင်း၊
တီကျစ် ၁၂၀ မဂ္ဂါဝပ် ကျောက်မီးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံမှ ထွက်ပေါ်လာသည့် အညစ်အကြေးများကြောင့် ဒေသခံပြည်သူများ၏ ကျန်းမာရေး အခြေအနေကို ဆိုးရွားစွာ ထိခိုက် လာနေသည့်အပြင် သဘာဝ ပတ်ဝန်းကျင် ဂေဟစနစ်များ ပျက်စီးလာခြင်းတို့ကြောင့် ဒေသခံ ပြည်သူများနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများ၏ အပြင်းအထန် ကန့်ကွက်နေမှုကို ကြုံတွေ့ နေရပါကြောင်း၊ စက်ရုံ ပိတ်သိမ်းရေးအတွက် ၂၀၁၉ ခုနှစ်၊ ဧပြီလ ၆ ရက်နေ့တွင် ရာချီသည့် ဒေသခံပြည်သူများက ဆန္ဒထုတ်ဖော် ချီတက်ခဲ့ကြပါကြောင်း၊ ကျောက်မီးသွေး စက်ရုံ မီးခိုးခေါင်းတိုင်သည် မီတာ ၈၀ ဖြစ်ပြီး နိုင်ငံတကာတွင် ပတ်ဝန်းကျင်ကို မထိခိုက်စေရန်အတွက် မီတာ ၂၀၀ အမြင့် ပြုလုပ်ကြသည်ကို လေ့လာတွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ၎င်းအမြင့်သည် ပြည့်စုံ လုံလောက်မှုရှိကြောင်း ရှင်းလင်းစွာ တွက်ချက်တင်ပြရန် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနက အကြံပြု တင်ပြထားပါကြောင်း၊ စက်ရုံမှ ထွက်ရှိသည့် လေထုအတွင်း အမှုန်အမွှား ပါဝင်မှုသည် ဥပဒေအရ သတ်မှတ်ပြဋ္ဌာန်း ထားသည်ထက် PM တန်ဖိုးများ ပိုမိုကျော်လွန်နေကြောင်း ဖော်ပြထားချက်နှင့် တီကျစ်ဒေသရှိ ရေအရင်းအမြစ်များ၏ ရေအရည်အသွေးဆိုင်ရာ အချက်အလက်များကို ပြန်လည် စစ်ဆေးတိုင်းတာရန် ECD ၏ တိုက်တွန်းအကြံပြုချက် ဖြစ်ပါကြောင်း၊ စက်ရုံမှ ထွက်ရှိသည့် ပြာမှုန်တွေနှင့်ပတ်သက်ပြီး စနစ်တကျ စစ်တမ်း ကောက်ယူထားခြင်း မရှိသည့်အတွက် ပြန်လည် စစ်တမ်းကောက်ယူရန် ECD က အကြံပြု တိုက်တွန်းထားချက် ဖြစ်ပါကြောင်း၊ စက်ရုံက အသုံးပြုနေသည့် နည်းပညာပိုင်းဆိုင်ရာ ညွှန်ကိန်းများကို တိကျစွာ ဖော်ပြရန် ပျက်ကွက်နေသည့်အတွက် မဖြစ်မနေ ပြန်လည် ဆောင်ရွက်သွားရန် ECD ၏ အကြံပြုချက် ဖြစ်ပါကြောင်း၊ ထို့ပြင် ကျောက်မီးသွေး စက်ရုံကြောင့် ဖြစ်ပေါ်လာမည့် ကောင်ကျိုး၊ ဆိုးကျိုးများကို ကျွမ်းကျင် ပညာရှင်များနှင့် စနစ်တကျ တွက်ချက်ခြင်း၊ သက်နု ကျောက်မီးသွေး အမျိုးအစား မဟုတ်ဘဲ အရည်အသွေး ပြည့်မီသည့် ကျောက်မီးသွေးကိုသာ အသုံးပြုခြင်း၊ ကျောက်မီးသွေးမှ ထွက်ရှိလာသည့် အမှုန်အမွှားများကို လေထုထဲသို့ မပျံ့နှံ့စေရန်နှင့် အဆိပ်ငွေ့များ လျော့ကျစေရန် ခေတ်မီနည်းပညာ အသုံးပြုခြင်း စသည့် အပိုင်းများတွင် အားနည်းချက်များ ကြီးမားစွာ ပေါ်ပေါက်နေသော်လည်း တီကျစ် ကျောက်မီးသွေးသုံး စက်ရုံကို တိတိကျကျ စစ်ဆေးပေးရန် အစိုးရဘက်မှ နှောင့်နှေးလျက်ရှိသည်ကို တွေ့ရပါကြောင်း၊ သို့ဖြစ်ပါ၍ တီကျစ် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အား စက်ရုံသည် ပြဋ္ဌာန်းထားသော ဥပဒေ၊ နည်းဥပဒေများနှင့် ညွှန်ကြားချက်များကို လေးစားလိုက်နာ၍ အကောင်အထည်ဖော်နေခြင်းရှိ/မရှိ၊ စက်ရုံမှ ခေတ်ဟောင်း နည်းပညာကို အသုံးပြုသည့် စက်ရုံအမျိုးအစားဖြစ်ပြီး သဘာဝပတ်ဝန်းကျင် ဂေဟစနစ်နှင့် ဒေသခံပြည်သူများ၏ ကျန်းမာရေးအပေါ် အန္တရာယ်ပြုခြိမ်းခြောက်လျက် ရှိသော်လည်း ဆက်လက်လည်ပတ်ရန် ဆောင်ရွက်နေခြင်းသည် ဖြစ်သင့်/မဖြစ်သင့်၊ ဒေသခံ ပြည်သူများ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် ကုမ္ပဏီအကြား အငြင်းပွားဖွယ်ကိစ္စရပ်များ ဖြစ်ပေါ်နေမှုကို အစိုးရကြပ်မတ် ထိန်းသိမ်းသွားရန်နှင့် စက်ရုံ လည်ပတ်ခွင့်ကို သုံးနှစ်အထိ သက်တမ်းတိုးပေးခဲ့ခြင်းကို ပြန်လည်သုံးသပ်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။