(ခ)-ရွှေဘို၊ ဝက်လက်နှင့် ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်မြို့ရှိ စပါးဂိုဒေါင်များကို မည်သည့်အချိန်တွင် တာဝန်ယူ ဖျက်သိမ်းမည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

2021-01-05

မိမိတို့ ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်မြို့ စပါးအဝယ်ဒိုင်ဝင်းမြေပေါ်ရှိ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနပိုင် သက်တမ်းနှစ်ပေါင်း ၄၀ ကျော်ရှိပြီဖြစ်သော အသုံးမပြုတော့သည့် စပါးဂိုဒေါင် လေးလုံးနှင့် ရွှေဘိုမြို့နယ်၊ ဝက်လက်မြို့နယ်အတွင်းရှိ စပါးဂိုဒေါင်များကို ဝန်ကြီးဌာန အနေဖြင့် တာဝန်ယူဖျက်သိမ်းပေးရန် အစီအစဉ်ရှိ/မရှိသိလိုပါသောကြောင့် မေးမြန်းရခြင်း ဖြစ်ပါကြောင်း၊ မေးခွန်း၏ရည်ရွယ်ချက်က ဒိုင်ဝင်းမြေများကို ပြည်သူလူထုထံမှ ဥပဒေမဲ့သိမ်းဆည်း ရယူခဲ့သည့်အတွက် မူလပိုင်ရှင်တောင်သူလယ်သမားများကို နိုင်ငံတော်အစိုးရမှ မူဝါဒနှင့်အညီ ပြန်လည်ပေးအပ်နိုင်ရန်ဖြစ်ပါကြောင်း၊

ဒိုင်ဝင်းမြေများကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနက စီမံခန့်ခွဲပြီး မြေပေါ်ရှိ စပါးဂိုဒေါင်အဟောင်းများကို ကာကွယ်ရေးဝန်ကြီးဌာန၊ တပ်မတော် စစ်/ထောက်ချုပ်ရုံးကို လွှဲပြောင်းအပ်နှံထားသည်ဟု သိရပါကြောင်း၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် တခြားတိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ဒိုင်ဝင်းမြေအချို့ကို မူလပိုင်ရှင်များထံပြန်လည်စွန့်လွှတ်သည်ဟုလည်း ကြားသိရပါကြောင်း၊ မိမိတို့ရွှေဘိုခရိုင်တွင်လည်း ဝက်လက်မြို့နယ်ရှိ လှတောဒိုင်ဝင်းမြေတစ်စိတ်တစ်ပိုင်းကို ပြန်လည်စွန့်လွှတ်ထားပြီး ဖြစ်ပါ ကြောင်း၊ သို့သော် ဝက်လက်မြို့နယ် စိုင်နိုင်ကွေ့ရှိ ဒိုင်ဝင်းမြေကို ဂိုဒေါင်များရှိနေသေး၍ စွန့်လွှတ် နိုင်ခြင်းမရှိသေးသည်ကို သိရပါကြောင်း၊ မိမိတို့ ဒီပဲယင်းမြို့နယ် မြို့မစပါးဝယ်ဒိုင်မြေက အငှါးချ ထားခဲ့သောကြောင့် မူလပိုင်ရှင်က အလွယ်တကူပြန်ရသွားပြီဟုလည်း သိရှိရပါကြောင်း၊ ဒိုင်ဝင်းမြေ ပေါ်ရှိ စပါး ၁၀၀၀၀ ဆန့်ဂိုဒေါင်ကြီးကိုလည်း ကြိုကြိုတင်တင်ဖျက်သိမ်းပေးခဲ့ပါကြောင်း၊ ဒီပဲယင်း မြို့နယ် အင်ပင်ရွာစပါးဒိုင်ဝင်းမြေကိုလည်း ယခုနှစ်ထဲတွင် ၂၀၁၉ ခုနှစ်ထဲတွင် မူလပိုင်ရှင် တောင်သူလယ်သမားသုံးဦးထံကို ခွဲဝေအပ်နှံပေးနိုင်ခဲ့ပါကြောင်း၊ လမ်းစဉ်ပါတီခေတ်က စပါးရောင်း သွားသည့်အခါ လွယ်ကူမှုရရှိစေရန် မူးကမ်းကြီး ဒိုင်နယ်မြေရှိ တောင်သူလယ်သမားက ကုန်သွယ် လယ်ယာစပါးဝယ်ဒိုင်မြေကို စုပေါင်းဝယ်ပေးခဲ့ကြပါကြောင်း၊ ယခုအခါ မိဘပြည်သူများက စပါးဒိုင် ဝင်းမြေကို ပြန်လည်တောင်းခံသော်လည်း ယခုထိစွန့်လွှတ်ရန် သက်ဆိုင်ရာကဆောင်ရွက်ပေးခြင်း မရှိသေးသည်ကို တွေ့ရပါကြောင်း၊ စိုင်ပြင်မြို့ရှိ ဒိုင်ဝင်းမြေပေါ်တွင် ဂိုဒေါင်များရှိနေသေး၍ မူလပိုင်ရှင်ထံပြန်လည်အပ်နှံခြင်းမရှိသေးသော်လည်း မူးကမ်းကြီး ဒိုင်ဝင်းမြေနှင့် စိုင်ပြင်ဒိုင်ဝင်း မြေနှစ်နေရာစလုံး သက်ဆိုင်ရာက State Land အဖြစ် ကြော်ငြာထားပြီးဖြစ်သည်ဟု သိရပါ ကြောင်း၊ သိမ်းဆည်းခံထားရသော ဒိုင်ဝင်းမြေများနှင့်ပတ်သက်ပြီး ဝန်ကြီးဌာနက ပြန်လည်အပ်နှံရ ကြောင်း၊ မူလပိုင်ရှင်များ ရသည့်သူရ၊ မရသည့်သူမရနှင့် မညီမမျှဖြစ်နေသည်ကို တွေ့ရပါကြောင်း၊

လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုများပြန်လည်စိစစ်ရေးဗဟိုကော်မတီ၏ ဆဋ္ဌမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၁၈) တွင် သမ္မတကြီး၏ သိမ်းဆည်းမြေများ နှင့်ပတ်သက်ပြီး ရှင်းလင်းတိကျသည့်လုပ်ငန်းလမ်းညွှန်မိန့်ခွန်းများအရ သိမ်းဆည်းမြေများကို မူလပိုင်ရှင်များထံ ပြန်လည်ပေးအပ်နိုင်ရန်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့၏အတည်ပြုထားသော မူဝါဒလုပ်ငန်းစဉ် (၅၂) ချက်နှင့် ကြိုးပမ်းဆောင်ရွက်ကြရာတွင် သက်ဆိုင်ရာ ကော်မတီအဆင့်ဆင့်က တရားနည်းလမ်းတကျဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ နိုင်ငံသားတိုင်း တန်းတူညီမျှအခွင့်အရေး ကိုလည်း ရရှိခံစားသင့်သည်ဟု ယူဆပါကြောင်း၊

သိမ်းဆည်းခံထားရသော ဒိုင်ဝင်းမြေများကို မူလပိုင်ရှင်များပြန်လည်ရရှိစေရန် အသုံးမပြုတော့ သောဂိုဒေါင်အဟောင်းများအား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့်ညှိနှိုင်းပေါင်းစပ်ပြီး ဖျက်သိမ်းရောင်းချသင့်ပါကြောင်း၊ ရွှေဘို၊ ဝက်လက်နှင့် ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်မြို့ရှိ စပါးဂိုဒေါင်များကို မည်သည့်အချိန်တွင် တာဝန်ယူဖျက်သိမ်းမည်ကို သိလိုကြောင်း မေးမြန်းပါသည်။