(ခ)-နိုင်ငံတစ်ဝန်းလုံးတွင် တည်ထောင်ဖွင့်လှစ်ထားသော ပရဟိတဂေဟာအရေအတွက်နှင့် တည်ထောင်ခွင့်ပြုမိန့်ပေးရာတွင် မည်ကဲ့သို့စိစစ်၍ ကြီးကြပ်ဆောင်ရွက်နေသည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

2021-01-05

မိမိတို့နိုင်ငံတွင် ၂၀၁၉ ခုနှစ်စာရင်းဇယားများအရ လူဦးရေ စုစုပေါင်း ၅၄ သန်းကျော်ရှိသည့်အနက် ၂၀၁၉ ခုနှစ်၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေအရ ကလေးသူငယ်ဦးရေမှာ ၁၇ သန်းကျော်ရှိ နေပါကြောင်း၊ ၎င်းတို့အနက်မှ မိဘမဲ့ကလေးများ ပဋိပက္ခဖြစ်ပွားလျက်ရှိသော တိုင်းရင်းသားဒေသများရှိကလေးများ၊ လမ်းပျော်ကလေးများနှင့် မသန်စွမ်းကလေးများစသည်ဖြင့် ကူညီစောင့်ရှောက်ရန်လိုအပ်နေသော ကလေးသူငယ်များလည်း ရှိပါကြောင်း၊ ထိုကဲ့သို့သောကလေးသူငယ်များကို ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေ ပုဒ်မ ၁၄ ပုဒ်မခွဲ()အရ တည်ထောင်ထားသော အစိုးရ၏ စောင့်ရှောက်ရေးဂေဟာများ၊ ပုဒ်မ ၁၅ ပုဒ်မခွဲ()အရဖွဲ့စည်းတည်ထောင်ထားသော ပုဂ္ဂလိကအဖွဲ့အစည်းများ၏ပရဟိတဂေဟာများ၊ ဘုန်းတော်ကြီးများနှင့် သီလရှင်ဆရာကြီးများမှ စောင့်ရှောက်ပေးထားသောဂေဟာများအစရှိသဖြင့် အသီးသီးစောင့်ရှောက် ပညာသင်ကြားပေးလျက်ရှိပါကြောင်း၊ ထို့အပြင် ပရဟိတလှုပ်ရှားဆောင်ရွက်သူများအနေဖြင့် တစ်ဦးချင်းဖြစ်စေ အဖွဲ့အစည်းဖြင့်ဖြစ်စေ ထပ်မံဖွင့်လှစ်စောင့်ရှောက်မှုပေးနေသော ပရဟိတဂေဟာများကိုလည်းနေရာအနှံ့အပြားတွင် တွေ့ရှိရပါကြောင်း၊

မိမိတို့ ပြည်သူ့လွှတ်တော် အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီအနေဖြင့် လူမှုဝန်ထမ်းဦးစီးဌာန ၏ ကလေးပြုစုရေးဌာနများကို ကွင်းဆင်းလေ့လာခဲ့ပါကြောင်း၊ ကလေးများကို စနစ်တကျပြုစုပျိုးထောင်နေသည်ကို တွေ့ရှိရပါကြောင်း၊ ထို့အပြင် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကလေးမွေးစားလိုသူ မိသားစုများထံ ကလေးမွေးစားခွင့်ပြုပေးခြင်း၊ အရွယ်ရောက်လာသည်နှင့်အမျှ အတန်းပညာ၊ အသက်မွေးဝမ်းကျောင်းပညာများကို သင်တန်းကျောင်းများသို့ လွှဲပြောင်းပေးပို့ သင်ကြားပေးခြင်းများဖြင့် ကလေးများ၏အနာဂတ်ကို စနစ်တကျစီမံဆောင်ရွက်နေသည်ကို လေ့လာ သိရှိရ၍ ကျေနပ်အားရမိပါသော်လည်း ကလေးပြုစုရေးဌာနများတွင် အများအားဖြင့် ကလေးဦးရေသည် ၂၀ ဦးမှ ၅၀ ဦးခန့်ရှိပြီး တချို့ပုဂ္ဂလိက၊ ပရဟိတဂေဟာများတွင် ကလေးဦးရေ ၄၀၀ ဦး၊ ၅၀၀ ဦး၊ ၆၀၀ ဦးကျော်အထိရှိနေသည်ကို တွေ့မြင်ကြားသိနေရပါကြောင်း၊ ဘာကြောင့် ဖြစ်နိုင်ပါသလဲ အကြောင်းအရင်းမှန်ကို သေချာစွာလေ့လာသုံးသပ်သင့်ပါကြောင်း၊

ပရဟိတဂေဟာများ၏ သဘောသဘာဝအရ အလှူရှင်များကိုသာ မှီခိုအားထားနေရသည့်အတွက် ပြည့်စုံသည့်ဂေဟာများရှိသကဲ့သို့ ချို့တဲ့မှု၊ လိုအပ်မှုများစွာရှိနေသည့်ဂေဟာများလည်းရှိပါကြောင်း၊ လသားအရွယ်၊ နှစ်သားအရွယ်ကလေးများအတွက် နို့မှုန့်ဖိုး၊ အဝတ်အစားဖိုးလောက်သာကုန်ကျမည်ဖြစ်သည့်အတွက် အလှူငွေနှင့်လောက်ငှနေသေးလျှင်တောင်မှ ကလေးကြီးပြင်းလာသည်နှင့်အမျှ ပညာရေး၊ ကျန်းမာရေးကုန်ကျစရိတ်များသည် ပိုမိုများပြားလာမည် ဖြစ်ပါကြောင်း၊ ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်များကို အလှူရှင်များကို ဖိတ်ခေါ်အလှူခံနေကြရသည့်အတွက် Online Media များမှတစ်ဆင့် ပြည်သူအများမြင်တွေ့သိရှိနိုင်ပါကြောင်း၊ စိတ်ပိုင်းဆိုင်ရာချို့တဲ့မှု၊ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရမှု၊ အကြမ်းဖက်ခံရမှုများရှိ/မရှိကို အုတ်အော်သောင်တင်းဖြစ်ရပ်များမှလွဲပြီး သိရှိနိုင်ရန်ခက်ခဲလှပါကြောင်း၊ အာဆီယံဒေသဆိုင်ရာကလေးသူငယ်များအပေါ် အကြမ်းဖက်ခြင်း ပပျောက်ရေးလုပ်ငန်းစီမံချက်တွင် မိဘအရင်းမဟုတ်သည့်သူများနှင့် အတူနေထိုင်သောကလေးသူငယ်များနှင့် အခြားနည်းဖြင့်ပြုစုစောင့်ရှောက်သည့်နေရာများမှ ကလေးများသည် အန္တရာယ်ပိုမို ကျရောက်နိုင်သောကလေးအုပ်စုများထဲတွင် ပါဝင်နိုင်ကြောင်းဖော်ပြထားသည့်အတွက် ပိုမိုအလေး ထားစောင့်ရှောက်ပေးရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ပရဟိတဂေဟာများတွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေပါ ကလေးသူငယ်များ၏ရပိုင်ခွင့် အခွင့်အရေးများ၊ ကျန်းမာရေး၊ ပညာရေး ဆိုင်ရာအခွင့်အရေးများရရှိခံစားနိုင်ခြင်းရှိ/မရှိ၊ ကလေးများ ၏အနာဂတ်အတွက် စီမံထားနိုင်ခြင်း ရှိ/မရှိ လေ့လာစုံစမ်းပြီး ကူညီထောက်ပံ့လမ်းညွှန်မှုပေးခြင်း၊ လိုအပ်ပါက သက်ဆိုင်ရာဌာနက လွှဲပြောင်းလက်ခံပေးခြင်းစသည်ဖြင့် သင့်လျော်သော အစီအမံများဖြင့် ကူညီထောက်ပံ့ပေးသင့်သည့်အပြင် ကလေးများကိုပျိုးထောင်ရာတွင် ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ အတွေးအခေါ်ပိုင်းဆိုင်ရာနှင့် ပညာရေးတို့ မှန်ကန်စွာဖွံ့ဖြိုး တိုးတက်စေရန် နည်းစနစ်မှန်ကန်စွာစီမံဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနက ပရဟိတဂေဟာတည်ထောင်သူများကို သင်တန်းပေးခြင်း၊ ကြီးကြပ်လမ်းညွှန်မှုပြုခြင်းများဖြင့် ကူညီထောက်ပံ့သင့်ပါကြောင်း၊

မြန်မာနိုင်ငံသည် CRC ကို လက်မှတ်ရေးထိုးထားသည့်နိုင်ငံဖြစ်သည်နှင့်အညီ ပဉ္စမအကြိမ် မြောက်နှင့် ဆဋ္ဌမအကြိမ်မြောက် ပူးတွဲအစီရင်ခံစာကို တင်သွင်းရန်လည်းရှိနေပါကြောင်း၊ အင်္ဂလန် နိုင်ငံအခြေစိုက် Save the Children အဖွဲ့၏ Add of Childhood Index 2017 အစီရင်ခံစာတွင် ကလေးသူငယ်အခွင့်အရေးကာကွယ်စောင့်ရှောက်ရာတွင် နိုင်ငံပေါင်း ၁၂၇ နိုင်ငံအနက် မြန်မာနိုင်ငံ သည်အဆင့် ၁၁၂ ဖြစ်သည်ဟု ဖော်ပြထားသည့်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ပိုမို အားစိုက်ဆောင်ရွက်ရန်လိုနေပါကြောင်း၊ သို့ဖြစ်ပါ၍ မိမိတို့နိုင်ငံ၏ လူသားအရင်းအမြစ်များ ဖြစ်သော ကလေးသူငယ်များကို ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေအရ ကလေးများ၏ အကောင်းဆုံးအကျိုးကျေးဇူးများ ရရှိခံစားနိုင်စေရန်ရည်ရွယ်၍ မြန်မာနိုင်ငံအတွင်းရှိ အစိုးရပိုင်နှင့် ပုဂ္ဂလိကစောင့်ရှောက်ရေးဂေဟာအရေအတွက်မည်မျှရှိပြီး မည်ကဲ့သို့စိစစ်၍ တည်ထောင်ခွင့်ပြုမိန့် ပေးနေသည်နှင့် မည်ကဲ့သို့ကြီးကြပ်ဆောင်ရွက်လျက်ရှိသည်ကို  သိရှိလိုပါကြောင်း မေးမြန်းပါသည်။