(ဆ)-စဉ့်ကူးမြို့နယ်၏ အခြေခံပညာဦးစီးဌာနလက်အောက်ရှိ နေ့စားလပေးရုံးဝန်ထမ်းများအား အမြဲတမ်းဝန်ထမ်းအဖြစ်ခန့်ထားနိုင်ရေး မည်ကဲ့သို့စီစဉ်ထားသည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်း
စဉ့်ကူးမြို့နယ်ပညာရေးဌာနတွင် ၁-၈-၂၀၁၆ ရက်နေ့မှ စပြီး ရုံးဝန်ထမ်း ၁၅ ဦးနှင့် သင်ကြားရေးဝန်ထမ်းဆရာဆရာမ ၉၅ ဦးကို နေ့စားလပေးများ အဖြစ်ခန့်အပ်ခဲ့ပါကြောင်း၊ ယင်းသို့ခန့်အပ်နိုင်ရန် အလုပ်ခေါ်ယူရာတွင် သင်ကြားရေးဝန်ထမ်း ဆရာဆရာမများအတွက် မူလကတည်းက နေ့စားလပေးများအဖြစ်သာခေါ်ယူခဲ့ပါကြောင်း၊ ရုံးဝန်ထမ်းများ ခေါ်ယူခဲ့ရာတွင် အမြဲတမ်းဝန်ထမ်းများအဖြစ် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် ပညာရေးမှူးရုံးများမှတစ်ဆင့် အမြဲတမ်းဝန်ထမ်းပုံစံဖြင့် စနစ်တကျစာဖြင့် ခေါ်ယူခဲ့သော်လည်း အလုပ်ခန့်သည့်အချိန်တွင် အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်အပ်ခြင်းမရှိဘဲ နေ့စားလပေးဝန်ထမ်းများ အဖြစ်သာခန့်အပ်ခဲ့သည်ကို လေ့လာတွေ့ရှိရပါကြောင်း၊
သို့သော် အခြေခံပညာဦးစီးဌာနအောက်တစ်ခုတည်းတွင် ဝန်ထမ်းအမျိုးအစားနှစ်ခုသည် နေ့စား လပေးအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ကြရသည်မှာ တူညီသော်လည်း တစ်နှစ်အကြာ ၁-၈-၂၀၁၇ ရက်နေ့တွင် သင်ကြားရေးဝန်ထမ်းဖြစ်သည့် ဆရာဆရာမများသည် အမြဲတမ်းဝန်ထမ်းအဖြစ် အတည်ပြု ခန့်ထားခြင်းခံခဲ့ရပြီး ရုံးဝန်ထမ်းများအနေဖြင့် ယနေ့တိုင်အောင် Permanent ဝန်ထမ်းများအဖြစ် မရရှိသေးသည်ကို လေ့လာသိရှိရပါကြောင်း၊ ၁-၈-၂၀၁၃ ရက်နေ့တွင်လည်း နေ့စားလပေးများထဲမှ သင်ကြားရေးဆရာဆရာမများကို ၄-၈-၂၀၁၄ ရက်နေ့ တစ်နှစ်အကြာတွင် အမြဲတမ်းဝန်ထမ်းအဖြစ်လည်းကောင်း၊ ရုံးဝန်ထမ်းများကို ၁-၁၀-၂၀၁၄ ရက်နေ့ တစ်နှစ်အကြာတွင်လည်းကောင်း အမြဲတမ်းဝန်ထမ်းအဖြစ် အသီးသီးခန့်ထားခဲ့ကြပါကြောင်း၊ ထို့ကြောင့် ၂၀၁၆ ခုနှစ်က နေ့စားလပေးအဖြစ် ခန့်အပ်ခြင်းခံခဲ့ရတဲ့ရုံးဝန်ထမ်းများနေဖြင့်လည်း ဖော်ပြပါပုဂ္ဂိုလ်များအလားတူ တစ်နှစ်ခန့်ပြည့်လျှင် အမြဲတမ်းဝန်ထမ်း ဖြစ်လာမည်ဟူသည့် မျှော်လင့်ချက်များနှင့် အခက်အခဲများကိုသည်းခံပြီး တာဝန်များကို ထမ်းဆောင်ခဲ့ပါကြောင်း၊ ၎င်းတို့သည် နေ့စားဝန်ထမ်းများဖြစ်နေသည့်အတွက် Permanent ဝန်ထမ်းများကဲ့သို့ လုပ်ဆောင် နေရသော်လည်း ရုံးပိတ်ရက်များအတွက် နေ့စားခ မရရှိကြသည့်အပြင် ဒေသခံမဟုတ်သူများ အနေဖြင့် နေထိုင်စရာအခန်းငှားခ စရိတ်များ၊ စားသောက်စရိတ်များ၊ ရေမီတာ၊ လျှပ်စစ်မီတာနှင့် အခြားလူမှုရေးအသုံးစရိတ်များကြောင့် အခက်အခဲများနှင့် ရင်ဆိုင်နေခြင်း၊ အိမ် ထောင်သည်များအနေဖြင့်လည်း မိသားစုကိုပြန်လည်မထောက်ပံ့နိုင်သည့်အပြင် ကျသည့်နေရာမှာပင် တာဝန်များကို ခဲခဲယဉ်းယဉ်းထမ်းဆောင်လျက်ရှိခြင်း၊ အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်အပ်ခြင်း ခံရမည်ဆိုပါက ၎င်းတို့၏ဒေသများကို ပြန်လည်ပြီး ပြောင်းရွှေ့တာဝန်ထမ်းဆောင်နိုင်မည် ဖြစ်သည့်အတွက် နေထိုင်စားသောက်စရိတ်များ လျှော့ချပြီး မိသားစုကိုထောက်ပံ့နိုင်မည့်အပြင် မိသားစုပါစည်းစည်းလုံးလုံးနေနိုင်ကြမည်ဖြစ်ခြင်း၊ နေ့စားလပေးရုံးဝန်ထမ်းတချို့အနေဖြင့်လည်း အခြားသော ဝန်ကြီးဌာနများ၏ အလုပ်အကိုင်အခွင့်အလမ်းများအတွက် ပြောင်းရွှေ့ လျှောက်ထား လိုသော်လည်း ဘွဲ့ကန့်သတ်ချက်၊ အသက်ကန့်သတ်ချက်များကြောင့် မလွယ်ကူခြင်း စသည့် အခြေအနေများသို့ ရောက်ရှိနေပါကြောင်း၊
၎င်းနေ့စားလပေးရုံးဝန်ထမ်းများကို ခန့်အပ်ခဲ့ရာတွင်လည်း သက်ဆိုင်ရာ ကျောင်း၊ ရုံးများတွင် အမှန်တကယ်လိုအပ်လျက် ရှိသည့် ဖွဲ့စည်းပုံပါနေရာများအတွက်ခန့်ထားခဲ့ခြင်း ဖြစ်သဖြင့် ၎င်းတို့အား အမြဲတမ်းဝန်ထမ်းအဖြစ်ခန့်အပ်လိုက်မည်ဆိုပါက ရာထူးနေရာ၊ လစာစရိတ်များအတွက် ဌာနအနေဖြင့် အခက်အခဲရှိနိုင်မည်မဟုတ်ပါကြောင်းနှင့် ယင်းကဲ့သို့ အဆင်မပြေသည့် ဝန်ထမ်း များသည် မြန်မာနိုင်ငံအဝန်း ၄၀၀၀ ကျော်ရှိသည်ဟုလည်း လေ့လာသိရှိရပါကြောင်း၊
ထို့ကြောင့် အခြေခံပညာဦးစီးဌာနအောက်ရှိ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူး မြို့နယ်၏ ယနေ့တိုင်အမြဲတမ်းဝန်ထမ်းအဖြစ်ခန့်အပ်ခြင်းမခံရသေးသော နေ့စားလပေးရုံးဝန်ထမ်း ၁၅ ဦးအား အမြဲတမ်းဝန်ထမ်းအဖြစ်ခန့် အပ်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။