(ဇ)-လဲချားမြို့နယ်၊ တပ်မောက်ကျေးရွာအုပ်စုနှင့် နမ့်လေကျေးရွာအုပ်စုသို့ ဆက်သွယ်ထားသော ကျေးရွာချင်းဆက်လမ်းပေါ်ရှိ ပါရင်တံတားအား မည်သည့်ဘဏ္ဍာရေးနှစ်တွင် အသစ်ပြန်လည် တည်ဆောက်ပေးမည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်၊ တပ်မောက်ကျေးရွာအုပ်စုနှင့် နမ့်လေ ကျေးရွာအုပ်စု ကျေးရွာချင်းဆက်လမ်းပေါ်ရှိ ပါရင်တံတားသည် ရွာသူရွာသားများက ကိုယ်ထူကိုယ်ထ တည်ဆောက်ထားခဲ့သော ရှည်လျားသည့်သစ်သားတံတားတစ်စင်းဖြစ်ပါကြောင်း၊ အဆိုပါတံတားသည် နှစ်ကာလာကြာမြင့်နေပြီဖြစ်သည့်အတွက် ဟောင်းနွမ်းဆွေးမြည့်လျက်ရှိပြီး ခိုင်ခံ့မှုမရှိတော့သည်ကို စစ်ဆေးတွေ့ရှိရပါကြောင်း၊ အဆိုပါတံတားသည် လဲချားမြို့နယ်အတွင်းရှိ တပ်မောက်၊ နမ့်လေ၊ ဝမ်စေ့ကျေးရွာအုပ်စုသုံးခုအတွက် ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ ကုန်စည်စီးဆင်းမှု အတွက် အရေးပါသောတံတားတစ်စင်းဖြစ်ပါကြောင်း၊ မိုင်းကိုင်-ကျေးသီးနယ်စပ်တွင် တည်ရှိပြီး လဲချားမြို့နှင့် ပိုမိုနီးကပ်သောကျေးရွာအုပ်စုများမှ ကုန်ထုတ်လမ်းအဖြစ် အသုံးပြုနေသည့် တံတားတစ်စင်းလည်း ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ လဲချားမြို့နယ်၊ တပ်မောက် ကျေးရွာအုပ်စုနှင့် နမ့်လေကျေးရွာအုပ်စုသို့ ဆက်သွယ်ထားသော ကျေးရွာချင်းဆက်လမ်းပေါ်ရှိ ပါရင်တံတားအား အသစ်တည်ဆောက်ပေးရန် လိုအပ်လျက်ရှိရာ မည်သည့်ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပေး မည်ကို သိရှိလိုပါကြောင်းနှင့် အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။