(ဈ)-ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ဆိုက်ခေါင်အိမ်တွင်းသက်မွေးပညာသင်ကျောင်း၏ လိုအပ်နေသေးသော ဆောင်ရွက်ရန်ကိစ္စများကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဖြည့်ဆည်းပေးပြီး အမြန်ဆုံးဖွင့်လှစ်ပေးရန်အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
ဆီဆိုင်မြို့နယ်အပါအဝင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သုံးမြို့နယ်တွင် လူဦးရေ ၄၅၀,၀၀၀ ခန့် နေထိုင်ပြီး ပအိုဝ်းလူမျိုး ၇၀ ရာခိုင်နှုန်းခန့်နှင့် ရှမ်း၊ ဗမာ၊ ကယန်း၊ လီဆူး၊ တောင်ရိုးအပါအဝင် လူမျိုး ၁၅ မျိုး အတူတကွ စုပေါင်းနေထိုင်ပါကြောင်း၊ ဒေသအတွင်း နေထိုင်ကြသည့် ပြည်သူများသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကအားကိုးအားထား လုပ်ကိုင်လျက် ရှိကြပါကြောင်း၊ ယခု ဆယ်စုနှစ် ကာလများအတွင်း၌ ရာသီဥတုမမှန်ခြင်း၊ သွင်းအားစု ဓာတ်မြေဩဇာများ အဆင့်မြင့်တက်ခြင်း၊ မျိုးစေ့များဈေးကြီးမြင့်ခြင်း၊ လုပ်သားများရှားပါးလာခြင်း၊ လုပ်သားခဈေးကြီး မြင့်လာခြင်းနှင့် စိုက်ပျိုးသီးနှံအထွက်နှုန်း ကျဆင်းခြင်းအပြင် ထွက်ရှိသီးနှံများဈေးပုံမှန်မရှိခြင်း၊ ဈေးမကောင်းခြင်းတို့ကြောင့် ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားသည် ပိုမိုခက်ခဲကျပ်တည်းလာသည်ကို တွေ့ရှိရ ပါကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် စားဝတ်နေရေးအခက်အခဲကြောင့် အရွယ်ကောင်း လူငယ်များသည် အိမ်နီးချင်းနိုင်ငံများသို့ နေ့စဉ်နှင့်အမျှ နေရပ်စွန့်ခွာသွားရောက်ပြီး ရရာအလုပ်ကို လုပ်ကိုင်လျက်ရှိကြပါကြောင်း၊
ဤကဲ့သို့ ဒေသတွင်းလူငယ်များ စိုက်ပျိုးရေးလုပ်ငန်းတစ်ခုတည်းကိုသာ အဓိကအားကိုး လုပ်ကိုင်နေရခြင်းကို အထောက်အကူဖြစ်စေရန်၊ အိမ်တွင်းသက်မွေးပညာရပ်များ စဉ်ဆက်မပြတ် သင်ယူခွင့်ရရှိစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုအထောက်အကူဖြစ်စေရန်အတွက် နိုင်ငံတော် ခွင့်ပြုချက်နှင့်အတူ ပအိုဝ်းကိုယ်ပိုင်အုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌမှ ဦးဆောင်ညှိနှိုင်း ပေါင်းစပ်မှုနှင့် သက်မွေးပညာသင်ကျောင်းတစ်ကျောင်းဖွင့်လှစ်နိုင်ရန် ၂၀၁၇ ခုနှစ်တွင် စတင်ခဲ့ပါကြောင်း၊ သင်တန်းကျောင်းအတွက်လိုအပ်သည့် မြေနေရာငါးဧကကို မိမိကိုယ်ပိုင်ခြံမြေနှင့် တစ်ဆက် တစ်စပ်တည်းရှိသော ခြံအလှူရှင်ကိုးဦးတို့မှ စုပေါင်းလှူဒါန်းခဲ့ကြပါကြောင်း၊
နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဆီဆိုင်မြို့နယ်-ဆိုက်ခေါင်အိမ်တွင်း သက်မွေးပညာကျောင်းကို ၂၀၁၈ ခုနှစ် မီနီဘဏ္ဍာ၊ နိုင်ငံတော်ဘဏ္ဍာငွေအဖြစ် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုအခါ သင်တန်းသားအိပ်ဆောင် ဝန်ထမ်းအိမ်ရာ၊ စားရိပ်သာ၊ ရေ၊ မီး၊ လမ်းနှင့် ကျောင်းဝင်း ကာရံခြင်းများကို ဆောင်ရွက်ပြီးစီးနေပြီး ပင်မစာသင်ဆောင်နှင့် အခြားသင်ကြားရေး ဆိုင်ရာ ကိစ္စများသာ ဆောင်ရွက်ရန်ကျန်ရှိနေပါကြောင်း၊
သို့ဖြစ်ပါ၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ လူငယ်လူရွယ်များအတွက် သက်မွေးပညာရပ်များကို သင်ကြားပို့ချပေးမည့် ဆိုက်ခေါင်အိမ်တွင်းသက်မွေးပညာသင်တန်းကျောင်း၌ လိုအပ်နေသေးသည့် ဆောက်ရွက်ရန်ကိစ္စများကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဖြည့်ဆည်းပေးပြီး အမြန်ဆုံးဖွင့်လှစ်ပေးနိုင်ပါရန်နှင့် စီမံဆောင်ရွက်ပေးမည့်အစီအစဉ်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။