(ဂ)-အပြည်ပြည်ဆိုင်ရာလူသားချင်းစာနာထောက်ထားမှုဥပဒေ(International Humanitarian Law-IHL)အား အကောင်အထည်ဖော်ခြင်းအတွက် နိုင်ငံအဆင့်အမျိုးသားကော်မတီ(National Committee)အား မြန်မာနိုင်ငံတွင် ဖွဲ့စည်းပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
မြန်မာနိုင်ငံသည် ၁၉၄၉ ခုနှစ် ဂျီနီဖာသဘောတူစာချုပ်အဖွဲ့ဝင်နိုင်ငံဖြစ်သည့်အပြင် IHL အခြား စာချုပ်များ၊ ၁၉၅၄ ခုနှစ် ဟိတ်သဘောတူညီချက်၊ ၁၉၈၉ ခုနှစ် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ၊ ၂၀၀၀ ပြည့်နှစ်တွင် လက်နက်ကိုင်ပဋိပက္ခမှာ ကလေးသူငယ်များပါဝင်ခြင်းဆိုင်ရာ နောက်ဆက်တွဲ သဘောတူညီချက်နှင့် ၁၉၇၂ ခုနှစ် လက်နက်ဆိုင်ရာသဘောတူညီချက်၊ ဓာတုလက်နက် သဘော တူညီစာချုပ်ကို ၁၉၉၃ ခုနှစ်တွင် ချုပ်ဆိုထားသည့်အပြင် ၂၀၁၇ ခုနှစ်တွင် နျူကလီးယားလက်နက် များတားဆီးပိတ်ပင်သည့်သဘောတူစာချုပ်တို့ကိုလည်း စာချုပ်ဝင်အဖြစ် ပါဝင်ခဲ့ပါကြောင်း၊ အမျိုးသားကော်မတီ ဖွဲ့စည်းခြင်းအားဖြင့် IHL ကို လက်တွေ့အကောင်အထည်ဖော်ရာတွင် နိုင်ငံရေး အရ ဆန္ဒရှိမှု (Political Willingness) ကို မိမိတို့နိုင်ငံက နိုင်ငံတကာကို ပြသရာရောက်ပါကြောင်း၊ National Committee ကို အစိုးရအဖွဲ့၊ နိုင်ငံတော်သမ္မတက ဖွဲ့စည်းပေးနိုင်ခြင်း ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရကို ဤအမျိုးသားကော်မတီက အထောက်အကူပြုနိုင်သည့် အချက်အလက်များမှာ အောက်ပါအတိုင်းဖြစ်ပါကြောင်း၊ စာချုပ်ဝင်နိုင်ငံတစ်နိုင်ငံ၏ အခြေခံအကျဆုံး တာဝန်ဖြစ်သည့် မြန်မာနိုင်ငံသည် နိုင်ငံတကာသဘောတူစာချုပ်များကို တရားဝင်မြန်မာဘာသာဖြင့် ပြန်ဆိုခြင်းလုပ် ရပါကြောင်း၊ ၁၉၄၉ ခုနှစ် ဂျီနီဖာသဘောတူညီချက် အပါအဝင် တခြားစာချုပ်များက ဥပမာဖြစ်ပါ ကြောင်း၊ အဓိကလိုက်နာရန် သက်ဆိုင်သူများသာမက အများပြည်သူများအပေါ် အသိပညာ ပြန့်ပွား ရေးအတွက် ထိရောက်စွာ ဆောင်ရွက်ရန်နည်းလမ်းများ အကြံပြုနိုင်ပါကြောင်း။
သဘောတူညီချက်များက အကောင်အထည်ဖော်ရာတွင် ပြည်တွင်းဥပဒေပြဋ္ဌာန်းရန်လို/မလို၊ ဖြည့် ဆည်းရန်လို/မလိုကိုလည်း အကြံပြုနိုင်ပါကြောင်း၊ IHL အောက်တွင်ရှိသည့် အခြားနိုင်ငံတကာ သဘောတူညီချက်စာချုပ်နှင့် ပါဝင်ရန်သင့်/မသင့်ကို မျက်မှောက်ကမ္ဘာ့အခြေအနေအပေါ်မူတည်ပြီး နိုင်ငံတော်အကျိုးစီးပွားအတွက် ယှဉ်၍စိစစ်သုံးသပ် အကြံပြုနိုင်ပါကြောင်း၊ စစ်မက်ပဋိပက္ခမှာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကာအကွယ်ပေးသည့် ကြက်ခြေနီအမှတ်အသားကို အပြည်ပြည်ဆိုင်ရာဥပဒေနှင့် ပြည်တွင်းဥပဒေပြဋ္ဌာန်းချက်နှင့်အညီ နည်းလမ်းတကျ အသုံးပြုစေ ရေးနှင့် အလွဲသုံးစားမပြုစေရေးအတွက် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် လှုပ်ရှားမှု Campaign ကို ထိရောက်စွာပညာရေးတွင်လည်း ဦးဆောင်နိုင်ပါကြောင်း၊ ယဉ်ကျေးမှုအဆောက်အအုံများ၊ အမွေအနှစ်များကို အကာအကွယ်ပေးနိုင်သည့်နည်းစနစ်ကို အကြံပေးနိုင်ပါကြောင်း၊ လေးစား လိုက်နာရန် ချိုးဖောက်မှုကို ကာကွယ်ရန် IHL ကို သင်ကြားရေးတွင်လည်း အကြံပေးနိုင်ပါကြောင်း၊ ချိုးဖောက်မှုအတွက် ထိရောက်သည့်အရေးယူမှု ချမှတ်ကျင့်သုံးရေးကိုလည်း အကြံပြုနိုင်ပါကြောင်း၊ ဥပဒေများပြဋ္ဌာန်းခြင်းအပြင် အများလိုက်နာကျင့်သုံးရန်အတွက် စောင့်ကြည့်ချက်နှင့် ဖွံ့ဖြိုးရေးတွင် ပါဝင်ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊
ဤဥပဒေဆိုင်ရာ IHL သည် Public International Law ၏အစိတ်အပိုင်းဖြစ်ပြီး လက်နက်ကိုင် ပဋိပက္ခကာလနှင့် ပါဝင်ခြင်းမရှိသောသူ၊ ပါဝင်လိုခြင်းမရှိသောသူများကို စောင့်ရှောက်ပေးသည့် စည်းမျဉ်းဖြစ်ကြောင်း၊ စစ်ဘေးဆိုင်ရာဥပဒေဖြစ်ကြောင်းကို တင်ပြလိုပါကြောင်း၊ အဓိကမှာ လူသားချင်းစာနာမှု (Humanity) နှင့် Military Necessity (စစ်ရေးဆိုင်ရာလိုအပ်ချက်) များကို နှစ်ခုကြားတွင် ဟန်ချက်ညီညီ ထိန်းပေးနိုင်သည့်ဥပဒေဖြစ်ကြောင်းနှင့် အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာထောက်ထားမှုဥပဒေ (International Humanitarian Law - IHL) ကို အကောင်အထည်ဖော် ရာတွင် နိုင်ငံအဆင့် အမျိုးသားကော်မတီအား မြန်မာနိုင်ငံတွင်ဖွဲ့စည်းပေးရန် အစီအစဉ်ရှိ/မရှိ သိရှိ လိုပါကြောင်း မေးမြန်းပါသည်။