(ဃ)-မာန်အောင်မြို့နယ်ရှိ ပင်လယ်ကမ်းခြေနှင့် နီးကပ်စွာတည်ရှိနေသည့် မြေနိမ့်ပိုင်းကျေးရွာများအား လေမုန်တိုင်းဒဏ်ခံအဆောက်အဦ(Cyclone Shelter)များ ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
မာန်အောင်ကျွန်းသည် ဘင်္ဂလားပင်လယ်အော်ထဲရှိ ကျွန်တစ်ကျွန်းဖြစ်ပြီး ပင်လယ်ရေပတ်လည်ဝိုင်း လျက် ရှိပါကြောင်း၊ ကျွန်းပေါ်တွင် ကျေးရွာ ၁၃၇ ရွာ၊ မြို့ပေါ် ငါးရပ်ကွက် ၊ လူဦးရေ ၆၅၀၀၀ ကျော် နေထိုင်လျက်ရှိပြီး လူဦးရေ၏ ၅၀ ရာခိုင်နှုန်းသည် ပင်လယ်ကမ်းခြေကျေးရွာများတွင် နေထိုက်လျက် ရှိပါကြောင်း၊ ကျေးရွာ ၂၂ ရွာသည် ပင်လယ်ရေပြင်အထက် လေးပေမှ ခြောက်ပေအမြင့်တွင် ရှိပြီး အဆိုပါရွာများမှာ ရွာရှစ်ရွာနှင့် မြို့ပေါ်ရပ်ကွက်အချို့ ကို ၂၀၁၇ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း Cyclone Shelter များ နိုင်ငံတော်အစိုးရက ဆောက်လုပ်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊
၁၉၃၆ ခုနှစ် မေလ ၁၇ ရက်နေ့တွင် မာန်အောင်ကျွန်းမှာ တစ်နာရီလျှင် မိုင် ၁၃၀ ကျော်သည့် လေမုန်တိုင်း တိုက်ခတ်ခဲ့ခြင်းကြောင့် လူဦးရေ ၁၄၄ ယောက် သေခဲ့ရပါကြောင်း၊ အနှစ် ၁၀၀ တွင် ယခုကဲ့သို့ လူသတ်မုန်တိုင်းကြီးများ တစ်ကြိမ်စီ တိုက်လျက်ရှိသည်ဟု သိရှိရသည့်အတွက် အနှစ် ၁၀၀ ပြည့်ခါနီးပြီဖြစ်၍ အထူးသတိထားပြီး ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရန် လိုအပ်နေ ပါကြောင်း၊ တစ်နေ့တစ်ချိန်တွင် သေချာပေါက် လေမုန်တိုင်းကြီးများ ကျရောက်လာနိုင်သည့်အတွက် ပင်လယ်ကမ်းခြေမြေနိမ့်ပိုင်းတွင် ကျန်ရှိနေသေးသည့် ခုံရွာ၊ ပြားကြီး၊ မျှော်တော်ဦး၊ တောရွာ၊ မိန်းမကြွယ်၊ ကမား၊ ကမဝ၊ ပလ္လင်ရွာမ၊ ပလ္လင်ဇလပ်ကုန်း၊ သာယာကုန်းနှင့် ရဲကျွန်းမြောက်ရွာများတွင် မုန်တိုင်း ဒဏ်ခံနိုင်သည့် အဆောက်အဦများကို ကြိုတင်ဆောက်လုပ်ထားရန် လိုအပ်နေပါကြောင်း၊ ထို့ကြောင့် မာန်အောင်မြို့နယ်ရှိ ပင်လယ်ကမ်းခြေနှင့် နီးကပ်စွာတည်ရှိပြီး မြေနိမ့်ပိုင်းတွင် ကျန်ရှိနေသည့် ခုံရွာ၊ ပြားကြီး၊ မျှော်တော်ဦး၊ တောရွာ၊ မိန်းမကြွယ်၊ ကမား၊ ကမဝ၊ ပလ္လင်ရွာမ၊ ပလ္လင်ဇလပ်ကုန်း၊ သာယာကုန်းနှင့် ရဲကျွန်းမြောက်ရွာများတွင် လေမုန်တိုင်းခံ (Cyclone Shelter) များ နောက်ထပ် ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။