(က)-အစိုးရဘဏ်နှင့် ပုဂ္ဂလိကဘဏ်များတွင် ငွေထုတ်ငွေသွင်းလာကြသော ပြည်သူများနှင့် ဘဏ်လုပ်ငန်း များ ဘေးကင်းလုံခြုံရေးအတွက် မည်ကဲ့သို့ စီမံဆောင်ရွက်ထားသည်ကို သိလိုခြင်းနှင့်စပ်လျဉ်း သည့်မေးခွန်း
မိမိတို့နိုင်ငံတွင် နိုင်ငံတော်ပိုင်ဘဏ် ၄ ခု၊ ပုဂ္ဂလိကဘဏ် ၂၂ ခု၊ နိုင်ငံခြားသားပိုင် ၁၃ ခုရှိပြီး ယခု အချိန်တွင် အမြို့မြို့အနယ်နယ်၌ ဘဏ်ခွဲပေါင်းများစွာနှင့် ဘဏ်လုပ်ငန်းကို ဆောင်ရွက်နေကြပြီ ဖြစ်ပါကြောင်း၊ ဘဏ်များသည် နိုင်ငံတော်ဗဟိုဘဏ်၏ ရည်မှန်းချက်အတိုင်း ထိရောက်သည့် ငွေပေးချေမှု၊ စာရင်းရှင်းလင်းမှုစနစ်များနှင့် ငွေကြေးလွယ်ကူမှု၊ ကြွေးမြီပေးဆပ်နိုင်မှု၊ ငွေကြေးစနစ် ခိုင်ခံ့မှုတိုးတက်ပေါ်ပေါက်အောင်ဆောင်ရွက်စေမှုနှင့် အစီအစဉ်တကျဟန်ချက် ညီညီနှင့် ရှင်သန်သော စီးပွားရေးဖွံ့ဖြိုးမှုပေါ်ထွန်းစေရန် ငွေကြေး၊ ချေးငွေနှင့် ငွေကြေးအခြေအနေများ ကြိုးပမ်းဆောင်ရွက်ရန် စသည့်ရည်ရွယ်ချက်များအတိုင်း နိုင်ငံတော်စီးပွားရေး၏ ဗဟိုချက်မကြီးအဖြစ် အလွန်အရေးကြီးသည့် အခန်းကဏ္ဍမှပါဝင်ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊
ဘဏ်များ ငွေကြေးစီးဆင်းလည်ပတ်မှုရှိခြင်းသည် တိုင်းပြည်စီးပွားရေး၏ အသက်သွေးကြောကြီး လည်ပတ်နေခြင်းဖြစ်ပါကြောင်း၊ ဘဏ်၏ ငွေထုတ်ငွေသွင်းစနစ်များသည် နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်ရန်အတွက် ကြိုးပမ်း ဆောင်ရွက်နေသည်ကို ဝမ်းမြောက်ဝမ်းသာ တွေ့ရှိနေရပါကြောင်း၊ Mobile Banking စနစ်၊ Internet Banking စနစ်၊ e-Banking စနစ်၊ Prepaid Card ၊ Credit Card များ အသုံးပြုပြီး ငွေကြေးထုတ်လုပ်မှုကို လွယ်ကူအောင်ဆောင်ရွက်နေသော်လည်း ကိုယ်တိုင်ကိုယ်ကျဘဏ်များတွင် ငွေကြေးအဝင်/အထွက်၊ အထုတ်/အသွင်းလုပ်နေသည့်ပုဂ္ဂိုလ်များလည်း တစ်နေ့တခြားများပြားလျက်ရှိနေသေးပါကြောင်း၊ ဘဏ်များ၏ အရင်းအမြစ်အခြေခံနှင့် တိုင်းပြည်၏ အရင်းအမြစ်အခြေခံဖြစ်သည့် ဘဏ်များ ငွေထုတ်/ငွေသွင်းကြသူများနှင့် ဘဏ်လုပ်ငန်းများ၏ လုံခြုံမှုသည့် အင်မတန်အရေးကြီးပါကြောင်း၊
ဘဏ်များ၏ အသက်သွေးကြောသည် တိုင်းပြည်၏ စီးပွားရေးအသက်သွေးကြောဖြစ်ခြင်းကြောင့် ဘဏ်များ၏ Banking စနစ်များ မည်မျှကောင်းအောင် ဆောင်ရွက်နေပါသော်လည်း ဘဏ်များ၏ လုံခြုံမှုနှင့် ဘဏ်ကိုလာကြသည့် ငွေထုတ်/ငွေသွင်းသူများ၏ လုံခြုံမှုသည် အင်မတန် အရေးကြီးသည့်အတွက် အဆိုပါလုံခြုံမှုများကို သက်ဆိုင်ရာဌာနများအနေဖြင့် မည်ကဲ့သို့စီမံ ဆောင်ရွက်ထားသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။