(စ)-မြဝတီမြို့နယ်၊ တောင်နီကျေးရွာ မူလတန်းကျောင်းတွင် ပျက်စီးပြုတ်ကျလျက်ရှိသော ကျောင်း မျက်နှာကြက်နှင့် ပြတင်းတံခါးတို့ကို ပြုပြင်တပ်ဆင်ပေးရန်အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
မြဝတီခရိုင်၊ မြဝတီမြို့နယ်သည် မြန်မာ-ထိုင်းနိုင်ငံသို့ သောင်ရင်းမြစ်နယ်နိမိတ်အဖြစ် ပိုင်းခြားထားပါကြောင်း၊ သောင်ရင်းမြစ်ကမ်းတစ်လျှောက်တွင် ကျေးရွာများရှိပါကြောင်း၊ မြဝတီမြို့တောင်ဘက် ကီလိုမီတာ ၅၀ အကျော်အကွာအဝေး DKBA တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဌာနချုပ် အခြေစိုက်ရာ ဆုံဆည်းမြိုင်ကျေးရွာရှိပါကြောင်း၊ ဆုံဆည်းမြိုင်ကျေးရွာနှင့် တောင်နီကျေးရွာသည် ၂ ကီလိုမီတာ ကွာဝေးပါကြောင်း၊ ဆုံဆည်းမြိုင် ကျေးရွာသည် မြဝတီ-ဝေါလေလမ်းပေါ်တွင်ရှိပြီး ဤဒေသသည် ယခင်က လမ်းပန်းဆက်သွယ်ရေး အလွန်ခက်ခဲပြီး သွားမည်ဆိုပါက ညဉ့်အိပ်နေ့နေ သွားရသောကြောင့် ဤDKBA နယ်မြေဒေသသည် ပညာရေး၊ ကျန်းမာရေး၊ လမ်း၊ တံတားစသည့် ဖွံ့ဖြိုးရေး လုပ်ငန်းများကို အစိုးရကဆောင်ရွက်ခွင့်ရှိပါကြောင်း၊ ထိုကဲ့သို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို DKBA တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့က ကြိုဆိုပါကြောင်း၊ ထို့ကြောင့် ပညာရေး၊ ကျန်းမာရေး၊ လမ်း၊ တံတားများ ဖွံ့ဖြိုးတိုးတက်သည်ကို မိမိတို့တွေ့ရပြီဖြစ်ပါကြောင်း၊ ၎င်းဒေသတွင်ရှိသည့် ကျောက်ခက် ကျေးရွာ၊ တောင်နီကျေးရွာ၊ ဆုံဆည်းမြိုင်ကျေးရွာ၊ ဝါးမီးထကျေးရွာ၊ ဦးကလိထ စသည့်ကျေးရွာများတွင် အစိုးရစာသင်ကျောင်းများဖွင့်လှစ်ထားပြီး သားငယ်သမီးငယ်များသည် အိုးမကွာ အိမ်မကွာ စာသင်ကြားခွင့်ရနေကြပြီဖြစ်ပါကြောင်း၊ ဆုံဆည်းမြိုင်တိုက်နယ်ဆေးရုံ၊ ဝါးမီးထကျေးရွာလည်း တည်ဆောက် ဖွင့်လှစ်ထားပြီးဖြစ်လို့ ဒေသခံကျန်းမာရေးစောင့်ရှောက်မှုများလည်း ရနေကြပြီဖြစ်ပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေးတွင် ယခင်က ညဉ့်အိပ်ညဉ့်နေသွားနေကြရသည့် လမ်းခရီးသည် ယခုဆိုလျှင် မြဝတီ-ဝေါလေ (၈၀)ကီလိုမီတာရှိသည့် ကွန်ကရစ်လမ်းမကြီးဖွင့်လှစ်ပြီး ဖြစ်နေလို့ နာရီပိုင်းလောက်နှင့် သွားနိုင်ကြပါပြီဖြစ်ပါကြောင်း၊ ဤ DKBA တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့၏ ဒေသဖွံ့ဖြိုးရေး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို ပူးပေါင်းဆောင်ရွက်သည့် အကျိုးကျေးဇူးပဲ ဖြစ်ပါကြောင်း၊ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထ ပုံမှန်အစည်းအဝေးအပြီး ၂၀၁၇ ခုနှစ်တွင် တောင်နီကျေးရွာကိုရောက်ရှိပြီး တောင်နီကျေးရွာသည် အစိုးရမူလတန်းကျောင်းတွင် ပျက်စီးနေသည့် မျက်နှာကြက်နှင့်တံခါးရွက် တပ်ဆင်မထားသည့် ပြတင်းပေါက်တို့ကို ပြုပြင်ပေးပါရန် တောင်နီကျေးရွာတာဝန်ခံမှ တင်ပြပါကြောင်း၊ ထိုကိစ္စအား မြို့နယ်ပညာရေးမှူးဖြင့် ပြင်ဆင်ပေးရန် ညှိနှိုင်းဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုအချိန် ၁၄-၁၁-၂၀၁၉ ရက်နေ့ထိ ပြင်ဆင်ထားခြင်းမရှိသေးသောကြောင့် မည်ကဲ့သို့ ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။