(ဂ)-မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ မစိုးရိမ်ကံတက်ကုန်း ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းကို မူလတန်းအဆင့်မှ အလယ်တန်းအဆင့်သို့ တိုးမြှင့်ပေးရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်း သည့်မေးခွန်း

2021-01-05

မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ မစိုးရိမ်ကံတက်ကုန်း ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းကို မူလတန်းအဆင့်မှ အလယ်တန်းအဆင့်သို့ တိုးမြှင့်ပေးရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်း သည့်မေးခွန်း

မန္တလေး မစိုးရိမ်ကံတက်ကုန်းဘုန်းတော်ကြီး သင်ပညာရေးကျောင်းသည် ပညာရေး၊ ဘာသာရေးနှင့် ပရဟိတလုပ်ငန်းများ စွမ်းစွမ်းတမံဆောင်ရွက်မှုများကြောင့် ထင်ရှားသည့် ကျောင်းတစ်ကျောင်း ဖြစ်ပါကြောင်း၊ မစိုးရိမ် ကံတက်ကုန်း ဘုန်းတော်ကြီး သင်ပညာရေးကျောင်း သည် ၂၀၀၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့ တွင် ဆရာ၊ဆရာမရှစ်ဦး၊ ကျောင်းသူ ကျောင်းသား ၃၄၂ ဦးနှင့် မူလတန်းကျောင်းကို စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ၂၀၀၅-၂၀၀၆ ခုနှစ်တွင် မူလတန်းလွန် အဆင့်ကို တိုးမြှင့်ရရှိခဲ့ပါကြောင်း၊ ၂၀၁၆-၂၀၁၇ ခုနှစ်တွင် ဆရာဆရာမ ပေါင်း ၄၅ ဦး၊ ကျောင်းသားပေါင်း ၂,၀၅၇ ဦးအထိ ပညာသင်ကြားလျက်ရှိပါကြောင်း၊ မစိုးရိမ် ကံတက်ကုန်း ကျောင်းတွင် တက်ရောက်သည့် ကျောင်းသားအများစုသည် ဆင်းရဲနွမ်းပါးသည့် မိသားစုများ၊ တောင်ပေါ်ဒေသမှ တိုင်းရင်းသားများနှင့် စစ်မက်ဖြစ်ပွားရာ ပဋိပက္ခဒေသမှ ကလေးငယ်များ ဖြစ်ပါကြောင်း၊ ကျောင်းသား ၆၀၀ ဦးကို ဘုန်းတော်ကြီးမှ အစားအသောက်၊ အဝတ်အစားနှင့် ကျန်းမာရေးပါ တာဝန်ယူစောင့်ရှောက်နေခြင်း ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး၏ သာသနာရေးမှူး ထောက်ခံချက်ဖြင့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်မှ အလယ်တန်း အဆင့်သို့ တိုးမြှင့်ပေးရန် ထောက်ခံတင်ပြ ထားပါကြောင်း၊ ၎င်းဘုန်းတော်ကြီး သင်ကျောင်းသည် ကွန်ပျူတာခန်း၊ လက်တွေ့ခန်းနှင့် အားကစားခန်းမလည်း ရှိကြောင်း၊ စာကြည့်ခန်းလည်းရှိ ပါကြောင်း၊ စာသင်ခန်းပေါင်း ၃၉ ခန်း အထိ ရှိပါကြောင်း၊ ကလေးများကို ကျောင်းပညာရေးအပြင် ယဉ်ကျေးလိမ္မာသင်တန်းနှင့် ပြည်သူ့နီတိသင်တန်းများ ပေးပါကြောင်း၊ တရုတ်ဘာသာစကား၊ အင်္ဂလိပ်ဘာသာစကားနှင့် တိုင်းရင်းသားဘာသာ စကားများလည်း သင်ကြားပေးပါကြောင်း၊  ၎င်းက ကလေးအများစုသည် တရုတ်ဘာသာစကားနှင့် အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောနိုင်သည်ကို တွေ့ရပါကြောင်း၊ စာပေ၊ ပန်းချီ၊ ဂီတနှင့် အနုပညာဘာသာရပ်များကိုလည်း သင်ကြားပေးသည်ကို တွေ့ရပါကြောင်း၊ ကလေးများ၏အသိပညာ ဖွံ့ဖြိုးတိုးတက်ရန်အတွက် နှစ်စဉ်စာပေဟောပြောပွဲများ ကျင်းပနေသည်ကို တွေ့ပါကြောင်း၊ ကလေးများသည် ငွေကြေး မပြည့်စုံသော်လည်း ပညာရေး လိုလားသည့်သူများ ဖြစ်ပါကြောင်း၊ ဘုန်းတော်ကြီးမှ ကလေးများကို ပျော်ရွှင်အောင် စနစ်တကျပြုစုစောင့်ရှောက်ပြီး ပညာသင်ကြားပေးနေခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရမှလည်း ပညာရေးကို အထူးအားပေးမြှင့်တင်နေသည့် အချိန်ကာလ ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပညာလိုလားသည့် ကလေးများ၏ စိတ်ဓာတ်ခွန်အားကို ထောက်ထားသောအားဖြင့် အလယ်အတန်း အဆင့်တိုးမြှင့်ပေးရန် အစီအစဉ် ရှိ/မရှိမေးမြန်းပါသည်။