(ဆ)-မက်မန်းမြို့နယ်တွင် မြို့နယ်သစ်တော ဦးစီးဌာန၌ ဖွဲ့စည်းပုံပါ ဝန်ထမ်းဖွဲ့စည်းပုံအနက်မှ လစ်လပ် လျက်ရှိသည့် ဝန်ထမ်းဦးရေမည်မျှအား ထပ်မံဖြည့်ဆည်း ခန့်အပ်ပေးရန်နှင့် မြို့နယ်သစ်တော ဦးစီးဌာနရုံး အဆောက်အဦ ဆောက်လုပ်ပေးရန် အစီအစ ဉ်ရှိ/မရှိတို့နှင့် စပ်လျဉ်းသည့်မေ
မက်မန်းမြို့နယ်တွင် မြို့နယ်သစ်တော ဦးစီးဌာန၌ ဖွဲ့စည်းပုံပါ ဝန်ထမ်းဖွဲ့စည်းပုံအနက်မှ လစ်လပ် လျက်ရှိသည့် ဝန်ထမ်းဦးရေမည်မျှအား ထပ်မံဖြည့်ဆည်း ခန့်အပ်ပေးရန်နှင့် မြို့နယ်သစ်တော ဦးစီးဌာနရုံး အဆောက်အဦ ဆောက်လုပ်ပေးရန် အစီအစ ဉ်ရှိ/မရှိတို့နှင့် စပ်လျဉ်းသည့်မေးခွန်း
မက်မန်းမြို့နယ်သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ပါဝင်ပြီး အစွန်အဖျားတွင် တည်ရှိသည့် မြို့ ဖြစ်ပါကြောင်း၊ အကျယ်အဝန်း စတုရန်းမိုင်ပေါင်း ၁၁၆၈.၂၃ မိုင်ရှိပြီး၊ ဧရိယာဧက ၇၄၇၆၆၆ ဧက ကျယ်ဝန်းပါကြောင်း၊ မြေပြန့်လွင်ပြင်နည်းပါးပြီး တောတောင်ထူထပ်သည့် မြို့နယ်ဖြစ်ပြီး ပင်လယ် ရေမျက်နှာပြင်အထက် ပေ ၅၁၈၀ တွင် တည်ရှိသည့် မြို့ ဖြစ်ပါကြောင်း၊ မြို့နယ်သည် ယခင်က အမြဲစိမ်းတောများ ဖုံးလွှမ်းလျက်ရှိသော်လည်း ယခုအခါ ဒေသခံပြည်သူများ၏ ရွှေ့ပြောင်း တောင်ယာ ခုတ်ထွင်မှု၊ သစ်၊ ဝါး၊ ထင်းအဖြစ် ခုတ်ယူအသုံးပြုမှုတို့ကြောင့် သဘာဝ ပတ်ဝန်းကျင် ဂေဟစနစ်တို့ တဖြည်းဖြည်း ပျက်စီးယိုယွင်းလာသည်ကို တွေ့ရှိရပါကြောင်း၊ မြို့နယ် သစ်တော ဦးစီးဌာနရုံးကို ၂၀၀၄ ခုနှစ်တွင် မိုင်းပျဉ်းမြို့နယ် သစ်တောဦးစီးဌာနအဖြစ် တည်ရှိခဲ့ပြီး ၂၀၀၆ ခုနှစ်တွင် မက်မန်းမြို့နယ် သစ်တောဦးစီးဌာနရုံးအဖြစ် ဖွင့်လှစ်ခဲ့ပါကြောင်း၊ ရုံးအဆောက်အအုံနှင့် တွဲလျက် ဝန်ထမ်းအိမ်ရာဖြစ်သည့် သွပ်မိုး၊ ပျဉ်ကာ (၂၀x၂၆ ပေ) ကိုလည်း ၂၀၀၆ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ မြို့နယ်သစ်တော ဦးစီးဌာနရုံး ဝန်ထမ်းအင်အား ဖွဲ့စည်းပုံသည် ၂၁ ဦးဖြစ်သော်လည်း လက်ရှိအခြေအနေတွင် ဟိုပန်ခရိုင်မှ တာဝန်ချထားပေးသည့် တောအုပ် တစ်ဦးတည်းသာ ရှိသည်ကို တင်ပြလိုပါကြောင်း၊ မက်မန်းမြို့နယ်အတွင်းတွင် လွယ်ဟိုလာ ကြိုးဝိုင်းတော ဖွဲ့စည်းဆောင်ရွက်နိုင်ရေးကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှ စတင်ပြီး ဆောင်ရွက် လျက် ရှိပါကြောင်း၊ လက်ရှိအခြေအနေတွင် သစ်တောဧရိယာ ၃၇၇၈၀ ဧကကို ကြိုးဝိုင်းတော ဖွဲ့စည်းနိုင်ရေး ကြေးတိုင်သတ်မှတ်ခြင်း လုပ်ငန်းကို ဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း၊
လွယ်ဟိုလာ ဒေသသည် လွယ်ဟိုလာသည် ပေ ၇၀၀၀ ကျော်မြင့်သည့်တောင် ဖြစ်ပါကြောင်း၊ ကြိုးဝိုင်းတော ဖွဲ့စည်းခြင်း လုပ်ငန်းဆောင်ရွက်ရာတွင် လက်ရှိခန့်အပ်ထားသည့် ဝန်ထမ်း တစ်ဦးတည်းဖြင့် လုပ်ငန်းတာဝန်များများပြားသည့်အတွက် အခက်အခဲရှိသည့်အပြင် လုပ်ငန်း တွင်ကျယ်မှု နည်းပါးသည်ကို တင်ပြလိုပါကြောင်း၊ ဖွဲ့စည်းပုံအပြည့် ထပ်မံခန့်အပ်ပေးရန် တင်ပြနေခြင်း မဟုတ်ကြောင်း၊ ဝန်ကြီးဌာနမှ ထပ်မံခန့်အပ်ပေးနိုင်သည့် ဝန်ထမ်း အင်အားများ တတ်နိုင်သမျှ ခန့်အပ်ပေးရန် ဖြစ်ပါကြောင်း၊ သစ်တော၊ သစ်ပင်များနှင့် သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှုများကို ခရိုင်၊ မြို့နယ် တာဝန်ရှိသူများနှင့် အသိပညာပေးဟောပြောပွဲများ၊ ဆွေးနွေးပွဲများ၊ သစ်တော၊ သစ်ပင်များအား တန်ဖိုးထားတတ်သည့် အသိအမြင်များ ပိုမိုကြွယ်ဝ လာစေရန်နှင့် နယ်မြေကွင်းဆင်း ဆောင်ရွက်နိုင်ရန်ကို ယခုထက်ပိုမိုပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်မည် ဖြစ်သည်ကို တင်ပြလိုပါကြောင်း၊ မက်မန်းမြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင် ဂေဟစနစ် ပျက်စီးယိုယွင်းမှုများ နည်းပါးလာစေရန်၊ သစ်တောပြုန်းတီးပျက်စီးမှုများအား ယခုထက် ပိုမိုကာကွယ် ထိန်းသိမ်းစောင့်ရှောက်နိုင်ရန်၊ သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှုများ လျော့ပါးစေရန် နှင့် နိုင်ငံ့ဝန်ထမ်းများအတွက် ရုံးအဆောက်အဦ ဝန်ထမ်းအိမ်ရာများသည် မရှိမဖြစ်လိုအပ်သည့် အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်နေသည်ဖြစ်သည့်အတွက် မက်မန်းမြို့နယ်အတွက် မြို့နယ် သစ်တောဦးစီးဌာန၌ ဖွဲ့စည်းပုံပါ ဝန်ထမ်းများနှင့် လစ်လပ်လျက်ရှိသည့် ဝန်ထမ်းများ အရေအတွက် မည်မျှထပ်မံဖြည့်ဆည်းခန့်အပ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် မြို့နယ် သစ်တောဦးစီးဌာနရုံး အဆောက်အဦ ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။