(စ)-ငပုတောမြို့၊ ဈေးတံတားဆိပ်ကမ်းတွင် ခရီးသွားပြည်သူများနှင့် ရေယာဉ်များဘေးအန္တရာယ် ကင်းရှင်းစွာဆိုက်ကပ်နိုင်ရန်ဆိပ်ခံဘောတစ်စင်းကိုမည်သို့ဖြည့်ဆည်းဆောင်ရွက်ပေးမည်ကို သိလိုခြင်းနှင့် စပ်လျဉ်း သည့်မေးခွန်း
ငပုတောမြို့နယ်သည် ဧရာဝတီတိုင်းဒေသကြီး၏ အနောက်တောင်ဘက်အစွန်းတွင် တည်ရှိပြီး ဘင်္ဂလားပင်လယ်အော်၊ ကပ္ပလီပင်လယ်တို့နှင့် ထိစပ်လျက်ရှိပြီး ကျေးရွာပေါင်း ၄၁၁ ရွာ၊ လူဦးရေ ၃၁၆၇၅၅ ဦးနေထိုင်လျက်ရှိပြီး ဧရိယာအကျယ်အဝန်းသည် ၁၄၀၄.၁၈၃၄ စတုရန်းမိုင် ကျယ်ဝန်း ပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှုကဏ္ဍတွင် အဓိကအားထားရသည်မှာ ရေကြောင်းလမ်းများသာဖြစ်သည့်အတွက် ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍသည် ဖွံ့ဖြိုးမှုအင်မတန် နောက်ကျနေသည်ဟု သုံးသပ်ရမည်ဖြစ်ပါကြောင်း၊
ရေယာဉ်လိုင်းများအနေဖြင့် ကမ်းရိုးတန်းအမြန်ရေယာဉ် ၂၂ လိုင်း၊ ရိုးရိုးအနှေးရေယာဉ် ၃၁လိုင်းနှင့် မြင်းကောင်ရေ ၂၀ အောက် ရေယာဉ်လိုင်း ၂၅ လိုင်းတိုငပုတောမြို့၏ ဈေးတံတား ဆိပ်ကမ်းကို နေ့ညမပြတ်ဝင်/ထွက်ဆိုက်ကပ်ပြီး ပို့ဆောင်ဆက်သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှုကို အားကုန် ကြိုးပမ်းဖြည့်ဆည်းပေးနေကြပါကြောင်း၊ သို့သော်လည်း ပင်လယ်ဒီရေအတက်/အကျရှိသည့် ဒေသဖြစ်သည့်အတွက် ရေယာဉ်၊ သင်္ဘောများ ကမ်းကိုဆိုက်ကပ်ရာတွင် အခက်အခဲ အတား အဆီးများနှင့် နေ့စဉ်ကြုံတွေ့နေရပါကြောင်း၊ ယခုလိုမိုးရာသီတွင် အနောက်တောင်မုတ်သုံလေ၏ ကြမ်းတမ်းသည့် တိုက်ခတ်မှုများကြောင့် ရေယာဉ်သည် ဆိပ်ကမ်းကိုကပ်သည့်နေရာတွင် တံတားကိုအရှိန်ပြင်းစွာ ဝင်ရောက်တိုးတိုက်နေမှုကြောင့် ကွန်ကရစ်တံတားတိုင်များ မကြာခဏ ကျိုးပဲ့ ပျက်စီးနေရပါကြောင်း၊ အမြဲတမ်းလည်း ပြန်လည်ပြင်ဆင်နေရခြင်းကြောင့် ဘဏ္ဍာရန်ပုံငွေများ နှစ်စဉ်ဆုံးရှုံးနေရပါကြောင်း၊ ပုသိမ်မြို့က နံနက်(၅)နာရီနှင့် နံနက်(၁၀)နာရီတွင် ထွက်သည့် သင်္ဘောများသည် ငပုတောဆိပ်ကမ်းကို အလုအယက်ဝင်ရောက်ဆိုက်ကပ်ရာ၌ သင်္ဘောများ အထပ်ထပ်ဖြစ်ပြီး လူအတင်/အချများ၊ ကုန်စည်အတင်/အချများမှာ အင်မတန် အန္တရာယ်များ ပါကြောင်း၊
ထို့အတူ ကမ်းရိုးတန်းအခေါ် အမြန်ရေယာဉ်များသည်လည်း ပုသိမ်ဆိပ်ကမ်းမှ တစ်ပြိုင်တည်း ထွက်ပြီး ငပုတောဆိပ်ကမ်းကို တစ်ပြိုင်တည်း ဝင်/ထွက်ဆိုက်ကပ်ကြသည့်အတွက် ဘေး အန္တရာယ်များ အချိန်မရွေးကျရောက်လာနိုင်ပါကြောင်း၊ လက်ရှိဆိပ်ကမ်းတံတားသည် ရေယာဉ် တစ်စီးသာ ဆိုက်ကပ်နိုင်သည့် အကျယ်အဝန်းဖြစ်သည့် (၃၆ x ၂၇ ပေ) ရှိ၍ ရေယာဉ်တစ်စင်းမက တစ်ပြိုင်တည်းဆိုက်ကပ်နိုင်သည့် ဆိပ်ခံဘောတစ်စင်းကို နိုင်ငံတော်မှ ပံ့ပိုးကူညီ ဖြေရှင်းဆောင်ရွက် ပေးမည်ဆိုပါက ငပုတောမြို့အတွက် သယ်ယူပို့ဆောင်ရေးကဏ္ဍသည် ပိုမိုပွင့်လင်းပြီး သွက်လက် မြန်ဆန် လာမည်ဖြစ်ခြင်းကြောင့် ငပုတောမြို့နယ်၏ အထူးလိုအပ်ချက်အဖြစ် ငပုတောမြို့၊ ဈေး တံတားဆိပ်ကမ်းတွင် ခရီးသွားပြည်သူများနှင့် ရေယာဉ်များဘေးအန္တရာယ် ကင်းရှင်းစွာ ဆိုက်ကပ် နိုင်ရန်နှင့် ကုန်စည်စီးဆင်းမှုလျင်မြန်သွက်လက်စေရန်အတွက် ဆိပ်ခံဘော တစ်စင်းကို နိုင်ငံသား များအတွက် မည်သို့ဖြည့်ဆည်းဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။