(ဈ)-ပေါင်မြို့နယ်ရှိ ကုလားမတောင်တန်းကြီးတွင် တရားမဝင် ဝင်ရောက်လုပ်ကိုင်နေခြင်းကို ပိတ်သိမ်းပေးရန်နှင့် သဘာဝထိန်းသိမ်း စောင့်ရှောက်သည့် ဇီဝတောင်အဖြစ် သတ်မှတ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

2021-01-05

ပေါင်မြို့နယ်ရှိ ကုလားမတောင်တန်းကြီးမှ လမ်းခင်းကျောက်ထုတ်လုပ်ခြင်း၊ ဓာတ်သတ္တုတူးဖော် ခြင်း၊ မြေကွက်ဖော်မြေတူးရောင်းချခြင်း စသည့်လုပ်ငန်းများကို တရားဝင်နှစ်ရှည်လုပ်ကိုင်ခွင့်ပြု ထားခြင်းနှင့် တရားမဝင် ဝင်ရောက်လုပ်ကိုင်နေခြင်းကို ပိတ်သိမ်းပေးရန်နှင့် သဘာဝထိန်းသိမ်း စောင့်ရှောက်သည့် ဇီဝတောင်အဖြစ် သတ်မှတ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း 

ပေါင်မြို့နယ်တွင်ရှိသည့်ပြည်သူများသည် ကုလားမတောင်တန်းကြီးကို အားထားမှီတင်း နေထိုင်ကြသည့် တောင်တန်းတွင်ရေအရင်းအမြစ် စိမ့်စမ်းရေများ အစဉ်မပြတ် ထုတ်ပေးနေသည့် အတွက် ပြည်သူများ သောက်သုံး‌ရေအဆင်ပြေနေရခြင်းဖြစ်ပါကြောင်း၊ ကုလားမတောင်တန်းကြီး ကြောင့် ကားတိုက်ဆည်ကြီးကိုတည်ဆောက်နိုင်ခဲ့ပြီး လယ်ယာမြေဥယျာဉ်ခြံလုပ်ငန်းတွင်လည်း အောင်မြင်ဖြစ်ထွန်းခဲ့ဖြစ်ပါကြောင်း၊  ဆန်စပါးထွက်နှုန်းကောင်းသည့်မြို့နယ်တစ်ခုဖြစ်ပါကြောင်း၊ ကမ္ဘာ့ရာသီဥတုပြောင်းလဲလာသည်နှင့်အမျှ မိုးခေါင်းရေရှားသည့်ဒဏ်ကို တစ်နှစ်ထက်တစ်နှစ်ပိုမို ကြုံတွေ့နေရပါကြောင်း၊ ယခင်က တောတောင်များမပျက်စီးခဲ့စဉ်က စိမ့်စမ်းရေ၊ ရေတွင်းများမှ ရေမပြတ်တည်ရှိနေပါသော်လည်း ယခုအခါတွင် သစ်ပင်ခုတ်၊ တောင်ပြို၊ မြေတူး၊ လမ်းဖောက်၊ ခြံကွက်ဖော်ရောင်းစားခဲ့သည့်အတွက် ဂေဟစနစ်များလည်း ပျက်စီးခဲ့ရပါကြောင်း၊ တောတောင်ကို မှီပြီး နေထိုင်စားသောက်နေရသည့်တိုင်းရင်းသားပြည်သူများ၏ ဥယျာဉ်ခြံလုပ်ငန်းတွင်လည်း ပျောက်ပျက်ခဲ့ရပြီး ရှားပါးတိရစ္ဆာန်များ၊ ပရေဆေးများ မျိုးရိုးဗီဇ ပျောက်ကွယ်ခဲ့ရပါကြောင်း၊

ထို့ကြောင့် အစိုးရအနေဖြင့် နှစ်ရှည်ခွင့်ပြုထားသည့် ကျောက်ထုတ်လုပ်ငန်းများ၊ တရားမဝင် လုပ်ကိုင်နေသည့်မြေကွက်ဖော်၊ ခြံကွက်ဖော်လုပ်ငန်းများကို အပြီးအပိုင်ရပ်တန့်ပြီး ကြပ်မတ် ဆောင်ရွက်ရမည်အချိန်ဖြစ်ပါကြောင်း၊ ပျောက်ကွယ်နေသည့် စိမ့်စမ်းရေများ၊ ရေတံခွန်များကိုလည်း ပြန်လည်ထိန်းသိမ်းပြီး မြေသားတမံအသေးစားများတည်ဆောက်ပေးခြင်း၊ သစ်ပင်၊ ဝါးပင်များ အစားထိုးစိုက်ပျိုးပေးခြင်းဖြင့် နောင်လာနောက်သားများအတွက် ထည့်စဉ်းစားပေးရမည် ဖြစ်ပါကြောင်း၊ 

၂၀၁၈ ခုနှစ်၊ ဇီဝမျိုးစုံကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်း ဆိုင်ရာဥပဒေအခန်း(၁)တွင် ဖော်ပြထားသည့် ဇီဝမျိုးစုံကွဲဆိုသည့်အဓိပ္ပာယ်မှာ ကုန်းမြေပင်လယ်နှင့် အခြားဂေဟစနစ်များ ပါဝင်နေသည့် ဂေဟဗေဒအရဆက်စပ်မှုရှိကြောင်း၊ အရင်းအမြစ်အားလုံး၏ သက်ရှိများကြား ကွဲပြားမှုကိုဆိုလိုပါကြောင်း၊ ကုလားမတောင်တန်းသည် ဤဇီဝမျိုးဇုံကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ရမည့်ဒေသ တစ်ခုအဖြစ်လည်း အသုံးဝင်နေပါကြောင်း၊ ပေါင်မြို့နယ်သည် ဆောင်းရာသီတွင် ကမ္ဘာ့ဆောင်းခိုငှက်များ လာရောက်ခိုအောင်းနားနေသည့်ဒေသတစ်ခုဖြစ်ပါကြောင်း၊ ပင်လယ်ကမ်းခြေ ကျေးရွာတစ်ခုဖြစ် သည့် အလှပ်ကျေးရွာသည် ဆောင်းခိုငှက်များပျော်မွေ့ရာနေရာ ဖြစ်သောကြောင့် ငှက်ကြည့် ဝါသနာရှင်များလာရောက်ပြီး လေ့လာခဲ့ပါကြောင်း၊ ကုလားမတောင်တန်း တစ်လျှောက်တွင် ငှက်များနားခိုပြီး နေထိုင်စားသောက်ကြပါကြောင်း၊ ဒေသခံများ၏ ဖမ်းဆီးစားသောက်မှုကိုလည်း ကြုံတွေ့နေရကြောင်း၊ တောင်တန်းတစ်လျှောက် တန်ဖိုးရှိသော ပရဆေးများစွာ ပေါက်ရောက် နေသည့်အတွက် ဒေသခံများ များစွာအကျိုးကျေးဇူးရှိပါကြောင်း၊  ထင်ရှားသည့်ရေတံခွန်များ ပေါ်ထွန်းခဲ့ပြီး ဒဂူဝီရေတံခွန်၊ ဇင်းကျိုက်မြို့ရှိ ဇင်းကျိုက်ရေတံခွန်၊ ကြုံကရေတံခွန်၊ ဆင်ရွာရေတံခွန်တို့သည် ဒေသခံများအတွက်အားထားရသည့်အပြင် နွေရာသီတွင် အပန်းဖြေစရာ ဖြစ်ခဲ့ပါကြောင်း၊ သို့သော် ယခုအခါတွင် လူတို့၏ပယောဂကြောင့် ရေတံခွန်သည်လည်း ပျောက်ပျက် သွားရသည့်ဘေးကို ကြုံတွေ့နေရပါကြောင်း၊ ရေရှည်မျှော်ကိုး၍ ကုလားမတောင်တန်းကို ထိန်းသိမ်း စောင့်ရှောက်ရန်အချိန် ရောက်နေပြီဖြစ်သည့်အတွက် သဘာဝထိန်းသိမ်းစောင့်ရှောက်သည့် ဇီဝတောင်တန်းအဖြစ် သတ်မှတ်ပေးနိုင်ခြင်းရှိ/မရှိ မေးမြန်းပါသည်။