(ည)- (KMPC)ကုမ္ပဏီအနေဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြန်လည်ထူထောင်မှု ရန်ပုံငွေထားရှိရန် မည်ကဲ့သို့ဆောင်ရွက်ထားရှိသည်နှင့် ညွှန်ကြားချက်နှင့်အညီဆောင်ရွက်ထားခြင်းမရှိပါက အရေးယူ ရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2021-01-05

မော်ချီးဒေသတွင် သတ္တုအကြီးစားလုပ်ကွက် တူးဖော်လုပ်ကိုင်ခွင့်ရရှိသော ကယားပြည်နယ် သတ္တုတူးဖော်ထုတ်လုပ်ရေးကုမ္ပဏီ(KMPC)အနေဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးရန်ပုံငွေနှင့် သတ္တုတွင်းပိတ်သိမ်းမှုနှင့် ပြန်လည်ထူထောင်မှု ရန်ပုံငွေထားရှိရန် စသောကိစ္စရပ်များနှင့် စပ်လျဉ်း၍ မည်ကဲ့သို့စီမံဆောင်ရွက်ထားရှိသည်ကို သိရှိလိုခြင်းနှင့် ညွှန်ကြားချက်နှင့်အညီ လိုက်နာဆောင်ရွက်ထားခြင်းမရှိပါက မြန်မာ့သတ္တုတွင်း ဥပဒေ၊ နည်းဥပဒေနှင့်အညီ အရေးယူရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

မေးခွန်းမေးမြန်းရခြင်း၏ ရည်ရွယ်ချက်မှာ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသတွင် အကြီးစား သတ္တုတူးဖော် ထုတ်လုပ်ခွင့်ရရှိသော ကယားပြည်နယ်၊ သတ္တုတူးဖော်ထုတ်လုပ်ရေးကုမ္ပဏီ (KMPC) နှင့် အခြားလုပ်ကိုင်ခွင့်ရရှိထားသော ကုမ္ပဏီများမှ လုပ်ငန်းများကို လုပ်ကိုင်ရာတွင် မဖြစ်မနေလိုက်နာ ဆောင်ရွက်ရန်သတ်မှတ်ထားသည့် သက်ဆိုင်ရာဌာန၏ညွှန်ကြားချက်များ၊ လုပ်ငန်းလုပ်ဆောင်ကြသည့် အခါတွင် တစ်သွေမတိမ်းဖောက်ဖျက်ခွင့်မရှိသည့် လုပ်ငန်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေတို့နှင့်အညီ ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ မေးခွန်းမေးမြန်းရခြင်း ဖြစ်ပါကြောင်း၊

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဝန်ကြီးရုံးမှ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့ ရက်စွဲပါစာအမှတ်၊ ၄၇ ခွဲ(၂)၁၉/ သတ္တု(၇၉၀၈) အရ သတ္တုတွင်းပိတ်သိမ်းမှုနှင့် ပြန်လည်ထူထောင်မှုရန်ပုံငွေရရှိရန် ကိစ္စနှင့် ပတ်သက်၍ (က)မှ (ဇ)အထိ အပိုဒ် ၈ ပိုဒ်ပါသည့် ညွှန်ကြားချက်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ ထို့အတူ ၎င်းဝန်ကြီးဌာနမှ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့ စာအမှတ်၊ ၄၈ ခွဲ(၂)၁၉/ သတ္တု (၇၉၀၇)အရ ပတ်ဝန်းကျင်ထိန်းသိမ်းရေးရန်ပုံငွေထားရှိရန်ကိစ္စဆိုသည့်အတိုင်းအပိုဒ် (က)မှ (ဆ)အထိ အပိုဒ် ၇ ပိုဒ်ပါသည့် ညွှန်ကြားချက် နှစ်စောင်ကို အသီးသီးထုတ်ပြန်၍ အသေးစိတ် ညွှန်ကြားထားပါကြောင်း၊ ၎င်းညွှန်ကြားချက်များကိုလည်း ဓာတ်သတ္တုခွင့်ပြုမိန့်ရရှိသူ အများအား လည်းကောင်း၊ မိမိတို့ဦးစီးဌာနလုပ်ငန်းရှိ တာဝန်ပေးအပ်ထားသူများအားလည်းကောင်း၊ လိုက်နာ ဆောင်ရွက်ရန် ရှင်းရှင်းလင်းလင်းအသိပေး သွားရန်နှင့် ကြပ်မတ်ဆောင်ရွက်သွားရန် ညွှန်ကြား ထားပြီးဖြစ်ပါကြောင်း၊

ယခုလိုညွှန်ကြားချက်များ အတိအကျ ညွှန်ကြားထားသော်လည်း မိမိမဲဆန္ဒနယ်မြေမှ သတ္တုတူးဖော် ထုတ်လုပ်ခွင့်ရပြီး လုပ်ငန်းများလုပ်ကိုင်နေသည့် ကုမ္ပဏီများအနေဖြင့် သက်ဆိုင်ရာဌာနနှင့် ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ထားခြင်းမရှိဘဲ သတ္တုတွင်းပိတ်သိမ်းမှုနှင့် ပြန်လည် ထူထောင်မှုရန်ပုံငွေ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးရန်ပုံငွေများကိုလည်း မိမိမဲဆန္ဒနယ်၏ ဘဏ်တွင် ဖွင့်လှစ်ထားရှိရမည်ကို ယခုအချိန်အထိ ဖွင့်လှစ်ထားရှိခြင်းမရှိသည်ကိုလည်းသိရှိရပါကြောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ရန်ပုံငွေထားရှိရန်ကိစ္စမှာလုပ်ငန်း သဘောတူစာချုပ်ချုပ်ဆိုပြီး တစ်လအတွင်းငွေစာရင်းဖွင့်လှစ်၍ နှစ်စဉ်ထည့်ဝင်ရန် အတိအကျညွှန်ကြားထားပြီးဖြစ်ပါ ကြောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းမှုပျက်စီးမှုမရှိစေရန်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းစီမံ ခန့်ခွဲမှုကော်မတီဖွဲ့စည်းရမည်ကိုလည်း ယခုအချိန်ထိ ဖွဲ့စည်းထားခြင်း မရှိသည်ကိုသိရှိရပါကြောင်း၊ ပြည်ထောင်စု၏ညွှန်ကြားချက်များကို လိုက်နာကျင့်သုံးမှုအလွန်အားနည်းပြီး စည်းကမ်းချက်နှင့် ညွှန်ကြားချက်အပေါ်တွင် လိုက်နာဆောင်ရွက်မှု မရှိသည်ကိုတွေ့ရပါကြောင်း၊ ထို့ကြောင့် ဒေသတစ်ခုလုံးအတွက် အနာဂတ်ပတ်ဝန်းကျင်ထိခိုက် ပျက်စီးမှုများ၊ ဘေးထွက်ဆိုးကျိုးများ၊ မလိုလားအပ်သောအခြားပြဿနာများ၊ ပေါ်ပေါက်လာနိုင်စရာအခြေအနေမှာ အတိုင်းအတာတစ်ခု အထိ စိုးရိမ်စရာဖြစ်မည်ဟု ယူဆရသည့်အတွက် မိမိတို့ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မည်သည့်ကုမ္ပဏီကိုမဆို မိမိတို့၏မဲဆန္ဒနယ်အတွင်းတွင်ရှိသော သတ္တုသယံဇာတများကို မည်မျှ ထုတ်ယူသုံးစွဲစေကာမူ နိုင်ငံတော်၏အခွန်ဘဏ္ဍာငွေရရှိစေပြီး ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ထားခြင်း မရှိခြင်းကြောင့် ဥပဒေအရ ထောက်ပြ၍ မော်ချီးဒေသတွင် သတ္တုအကြီးစားလုပ်ကွက် တူးဖော်လုပ်ကိုင်ခွင့်ရရှိသော ကယား ပြည်နယ် သတ္တုတူးဖော်ထုတ်လုပ်ရေးကုမ္ပဏီ(KMPC)အနေဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ရန်ပုံငွေနှင့် သတ္တုတွင်းပိတ်သိမ်းမှုနှင့် ပြန်လည်ထူထောင်မှုရန်ပုံငွေထားရှိရန် စသောကိစ္စရပ် များနှင့် စပ်လျဉ်း၍ မည်ကဲ့သို့စီမံဆောင်ရွက်ထားရှိသည်ကို သိရှိလိုခြင်းနှင့် ညွှန်ကြားချက်နှင့်အညီ လိုက်နာဆောင်ရွက်ထားခြင်းမရှိပါက မြန်မာ့သတ္တုတွင်း ဥပဒေ၊ နည်းဥပဒေနှင့်အညီ အရေးယူရန် အစီအစဉ် ရှိ/မရှိ သိလိုကြောင်း မေးမြန်းပါသည်။