(က)- ပြဋ္ဌာန်းကာလသက်တမ်း (၂)နှစ်ကျော်နေပြီ ဖြစ်သောဥပဒေများကို ပြန်လည်စိစစ်သုံးသပ်ပြီး ဥပဒေကျင့်သုံးအကောင်အထည်ဖော်မှုမှတ်တမ်း အစီရင်ခံစာကို လွှတ်တော်များနှင့် သက်ဆိုင်ရာ ကော်မတီများသို့ ပေးပို့ရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းသည့် မေးခွန်း
ဝန်ကြီးဌာနအသီးသီးက လက်ရှိကျင့်သုံးနေသော ပြဋ္ဌာန်းကာလ သက်တမ်း(၂)နှစ်ကျော်နေပြီဖြစ်သောဥပဒေများကို သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးမှ ပြန်လည်စိစစ်သုံးသပ်ပြီး ဥပဒေကျင့်သုံး အကောင်အထည်ဖော်မှု စိစစ်ချက်မှတ်တမ်း အစီရင်ခံစာကို လွှတ်တော်များနှင့် သက်ဆိုင်ရာ ကော်မတီများသို့ ပေးပို့ရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းသည့် မေးခွန်း
ဝန်ကြီးဌာနအသီးသီးမှ လက်ရှိကျင့်သုံးနေသည့် ပြဋ္ဌာန်းသက်တမ်းကာလ (၂)နှစ် ကျော်ပြီဖြစ်သည့် ဥပဒေများကို သက်ဆိုင်ရာဝန်ကြီးဌာနမှ ပြန်လည်စိစစ်သုံးသပ်ပြီး ဥပဒေကျင့်သုံး အကောင်အထည်ဖော်မှု စိစစ်ချက်မှတ်တမ်း အစီရင်ခံစာကို သက်ဆိုင်ရာ လွှတ်တော်ကော်မတီများကို ပေးပို့ရန်နှင့်ပတ်သက်သည့် မေးခွန်းဖြစ်ပါကြောင်း၊ ရည်ရွယ်ချက် (၄) ခုရှိပါကြောင်း၊ ပထမ ရည်ရွယ်ချက်သည် လွှတ်တော်၏ လုပ်ငန်းယန္တရားများ ပိုမိုခိုင်မာ သန်စွမ်းလာစေရန် ဖြစ်ပါကြောင်း၊ မိမိတို့ နိုင်ငံသည် အသွင်ကူးပြောင်းနေသည့် နိုင်ငံဖြစ်ပါကြောင်း၊ လက်ရှိအခြေအနေသည် ပြည်သူကို တိုက်ရိုက်ကိုယ်စားပြုသည့် လွှတ်တော်သည် အလွန်အရေးကြီးပါကြောင်း၊ လွှတ်တော် အားကောင်းသန်မာလာစေရန် ကြိုးစားဆောင်ရွက်နိုင်မှသာ ဒီမိုကရေစီ တည်တံ့ခိုင်မြဲမှု အဆင့်ကို နောက်တစ်ဆင့် တက်လှမ်းနိုင်မည် ဖြစ်ပါကြောင်း၊ ထို့ပြင် မိမိတို့လွှတ်တော်တွင် တာဝန်ကြီး သုံးရပ်ဖြစ်သည့် ကိုယ်စားပြုခြင်း၊ ထိန်းကျောင်းခြင်းနှင့် ဥပဒေပြုခြင်း ဆိုသည့် တာဝန် (၃)ခု ကို ထမ်းဆောင်သည့် အချိန်တွင် ယခုမိမိမေးခွန်းတွင် တင်ပြထားသည့် အစိုးရဝန်ကြီးဌာန အသီးသီးက ဥပဒေ ကျင့်သုံးအကောင်အထည်ဖော်ရေး အစီရင်ခံစာသည် ၎င်းလုပ်ငန်းသုံးခုကို ဆောင်ရွက်ရန် အတွက် အဓိကပင်မကျောရိုးဖြစ်ပါကြောင်း၊ မိမိတို့ ပြဋ္ဌာန်းလိုက်သည့်ဥပဒေများသည် တကယ် လက်တွေ့အကောင်အထည်ဖော်သည့် အချိန်တွင် ဥပဒေ၏ မူလရည်ရွယ်ချက်များအတိုင်း တကယ် ကျင့်သုံး/မကျင့်သုံး၊ တကယ်ထိရောက်မှု ရှိ/မရှိ သုံးသပ်ပြီး ၎င်းဥပဒေများကို ပြန်လည် ပြင်ဆင်သည့် အလေ့အကျင့်သည် ကမ္ဘာတွင် ဒီမိုကရေစီ ကျင့်သုံးနေသည့် နိုင်ငံအများစုသည် ၎င်းကို လွှတ်တော်၏ ယန္တရားတစ်ခုဖြစ်စေရန် ကြိုးစားဆောင်ရွက်နေသည်ကို မိမိတို့ လေ့လာ တွေ့ရှိရပါကြောင်း၊ ယခုမေးခွန်းမေးသည့်အချိန်တွင် မေးခွန်းသည် မေးချိန်တန်ပြီလားဆိုသည့် မေးခွန်းတစ်ခု ကိုယ့်ကိုယ်ကို ပြန်မေးရပါကြောင်း၊ စဉ်းစားသည့်အချိန်တွင် မိမိတို့ လွှတ်တော် သက်တမ်းသည် နှစ်ကြိမ်ထဲကို ရောက်ပြီး၁၀ နှစ်ပြည့်တော့မည်ဖြစ်ပါကြောင်း၊ အစိုးရအတွက် ဒီမိုကရေစီ အစိုးရသက်တမ်းသည် နှစ်ကြိမ်သာရှိသော်လည်း အုပ်ချုပ်ရေးယန္တရား၏ သက်တမ်း အရဆိုပါက ၎င်းသည် လွတ်လပ်ရေးရပြီးကတည်းကစခဲ့သည့် သက်တမ်းဖြစ်ပါကြောင်း၊ မေးခွန်းကို မေးရသည့် ရည်ရွယ်ချက်နှင့်ပတ်သက်ပြီး ဥပမာ နှစ်ခုရှိပါကြောင်း၊ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေ ကျင့်သုံး အကောင်အထည်ဖော်မှု နှင့်ပတ်သက်ပြီး စိစစ်သည့် အစီရင်ခံစာတစ်ခုပေးပို့ရန် ပြည်ထဲရေးကိုတောင်းပါကြောင်း၊ ပြည်ထဲရေးမှ ၎င်းဥပဒေကို အကောင်အထည်ဖော်ပြီး တရားစွဲသည်မှာ ၃၇၀ ကျော်ရှိသည့်အနက် ဥပဒေ၏ ရည်ရွယ်ချက်အတိုင်း တရားစွဲနိုင်သည်မှာ အလွန်နည်းပြီး လူတစ်ဦးနှင့် တစ်ဦးကို စွဲသည့် ဥပဒေပေါင်းသည် အလွန်များပြားနေသည့်အတွက် ပြင်ဆင်သင့်သည်ဆိုသည့် သဘောထားမျိုး ရခဲ့ပါကြောင်း၊
မိမိတို့ ကော်မတီများကို လွှတ်တော် စဖွင့်သည့်အချိန်ကတည်းက ကော်မတီတစ်ခုချင်းစီအလိုက် လေ့လာဆန်းစစ်ပြီး ပြင်ဆင်ဖြည့်စွက်ရန် ပေးထားသည့် ဥပဒေများ အသီးသီး ရှိပါကြောင်း၊ မိမိတို့ ကော်မတီများသည် ၎င်းဥပဒေပေါင်း များစွာကို ကော်မတီတွင် ၎င်းဥပဒေများကို ဖတ်၍ပြင်ဆင်ရန် ကြိုးစားရုံဖြင့် လုံလောက်မည် မဟုတ်ပါကြောင်း၊ သို့သော် ကော်မတီ အသီးသီးမှ ဥက္ကဋ္ဌများနှင့် ကော်မတီဝင်များသည် ပြည်သူ့အသံများကို နားထောင်၍တတ်နိုင်သမျှ ကြားနာမှုများမှတစ်ဆင့် ပြင်ဆင်ရန် ကြိုးစားခဲ့သည့် ဥပမာကောင်းများရှိခဲ့ပါကြောင်း၊ သို့သော် ၎င်းသည် ပုံမှန်လည်ပတ် နေသည့် Mechanism ဖြစ်သည်အထိ အထောက်အပံ့မဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့သည် အုပ်ချုပ်ရေးယန္တရားတွင် ဥပဒေတစ်ခုချင်းစီအလိုက် မည်မျှကျင့်သုံးနေသည်ဆိုသည့် မှတ်တမ်းများသည် ရှိပြီးဖြစ်မည်ဖြစ်ကြောင်း၊ ၎င်းမှတ်တမ်းများကို (၂)နှစ်တစ်ကြိမ်သာ မိမိတင်ပြသည့် PLS Paper ကို ရေးပြီး သက်ဆိုင်ရာ ရေးရာကော်မတီများသို့ အမြဲတင်ပို့နေမည် ဆိုပါက ကော်မတီများသည် ဌာနဆိုင်ရာများ ကျင့်သုံးနေသည့် ၎င်း Paper များကို လေ့လာ ဖတ်ရှုပြီး ဌာနဆိုင်ရာများ၊ လုပ်ငန်းအကောင်အထည်ဖော်မှုများကို ပိုမိုချောမွေ့စေရန် ဆောင်ရွက် သည့် နေရာတွင်များစွာအထောက်အကူဖြစ်မည် ဖြစ်သည့်အတွက် မိမိတို့လွှတ်တော်၏ တာဝန်ဖြစ်သည့် ထိန်းကျောင်းမှုကို အထောက်အပံ့ဖြစ်မည် ဖြစ်သည့်အပြင် လက်တွေ့ ဝန်ကြီးဌာန ယန္တရားများတွင် နိုင်ငံရေး Position သည် နှစ်ခုသာ ရှိပါကြောင်း၊ ဝန်ကြီး၊ ဒုတိယဝန်ကြီးသာ ရှိပါကြောင်း၊ အဆင့်ဆင့်သော ယန္တရားများ၏ အကောင်အထည်ဖော်မှုများ ထိရောက်မှု၊ မထိရောက် မှုကို ဥပဒေ Paper များကို လွှတ်တော်သို့ ပေးပို့မည်ဆိုပါက လွှတ်တော်က ၎င်းယန္တရားများကို ဝိုင်းဝန်း ထိန်းကျောင်းပေးခြင်း ဖြစ်သည့်အတွက် ၎င်းလုပ်ငန်းစဉ်သည် လွှတ်တော်၏ တာဝန်လည်း ဖြစ်သည့်အပြင် အုပ်ချုပ်ရေးအဖွဲ့အစည်းတွင်ရှိသည့် ဝန်ကြီးများ၏ လုပ်ငန်းများကို များစွာ အထောက်အကူ ဖြစ်စေနိုင်မည် ဖြစ်ပါကြောင်း၊ ထိုကြောင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများသည် နိုင်ငံတကာတွင် ဥပဒေများကို (၂) နှစ်ကျော်သည်နှင့် Paper များရေးပြီး လွှတ်တော်ကို တင်ပေး ရခြင်းသည် အလေ့အထ ရှိနေပြီဖြစ်သည့်အတွက် လွှတ်တော်၏ ယန္တရားများကို ပိုမိုသန်စွမ်း လာစေရန် လုပ်ဆောင်ရာတွင် အင်မတန် အရေးကြီးပါကြောင်း မေးမြန်းပါသည်။