(ခ) COVID-19 ဘေးအန္တရာယ်ကျရောက်လာသည့်အခါ လုံလောက်သောဘဏ္ဍာငွေများ ဖြည့်ဆည်းပေးရန်နှင့် COVID-19 ကနဦး ရန်ပုံငွေ ကျပ်ဘီလီယံ ၁၀၀ အပြင် ပြည်ထောင်စုလွှတ်တော်ကနောက်ထပ်အရေးပေါ်ရန်ပုံငွေ သုံးစွဲခွင့်ပြုရန်အစီအစဉ်ရှိ/မရှိတို့ကိုသိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

2021-01-05

ယခုပြင်ဆင်ထားသည်ထက် ပိုမိုထိရောက်သော စီမံခန့်ခွဲမှုများ နိုင်ငံအနှံ့တွင် အရေးပေါ်ပြင်ဆင်နိုင်ရန်နှင့် COVID-19 ဘေးအန္တရာယ်ကျရောက်လာသည့်အခါ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရများသို့ လုံလောက်သောဘဏ္ဍာငွေများ ဖြည့်ဆည်းပေးရန်နှင့် ထိုသို့ဆောင်ရွက်နိုင်ရန် COVID-19 ကနဦး ရန်ပုံငွေ ကျပ်ဘီလီယံ ၁၀၀ အပြင် ပြည်ထောင်စုဘဏ္ဍာငွေ အရအသုံး ဥပဒေမူကြမ်း တင်သွင်းခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၀၃၊ ပုဒ်မခွဲ(ဂ)အရ ပြည်ထောင်စုလွှတ်တော်က လက်ရှိဘဏ္ဍာရေးနှစ်အတွင်း နောက်ထပ်အရေးပေါ်ရန်ပုံငွေ သုံးစွဲခွင့်ပြုရန် အစီအစဉ်ရှိ/မရှိတို့ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

၂၀၁၉ ခုနှစ် ဒီဇင်ဘာလက တရုတ်နိုင်ငံ၊ ဝူဟန်မြို့တွင် စတင်ဖြစ်ပွားခဲ့ပြီး ကမ္ဘာတစ်ဝန်းသို့ ကူးစက် ပျံ့နှံ့လျက်ရှိသော COVID-19 ကူးစက်မြန်အဆုတ်ရောင်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးအတွက် အရေးပေါ်ရန်ပုံငွေချထားခြင်းနှင့်ပတ်သက်ပြီး မေးခွန်းမေးမြန်းသွားမည်ဖြစ်ပါကြောင်း၊ အဆိုပါ မေးခွန်းကို ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေးကာလအတွင်း ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၅ ရက်နေ့တွင် မေးမြန်းထားခဲ့ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၂၇ ရက်နေ့တွင် COVID-19 စီးပွားရေးကုစားမှုအစီအစဉ် COVID-19 Economic Relief Plan(CERP)ကို ထုတ်ပြန်ကြေညာခဲ့ပြီး ၎င်းအစီအစဉ်၏ ပန်းတိုင်(၇)တွင် ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်အတွက် ခွဲဝေချထားပေးသည့်ဘတ်ဂျက်မှ ၁၀ ရာခိုင်နှုန်း ကို အရေးပေါ်ရန်ပုံငွေ အပါအဝင် COVID-19 တုံ့ပြန်ဆောင်ရွက်မှုရန်ပုံငွေ သုံးစွဲနိုင်ရန် လျာထားသတ်မှတ်ခဲ့ကြောင်း သိရှိရ ပါကြောင်း၊ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ (၂/၂၀၂၀)ဆုံးဖြတ်ချက်အရ COVID-19 ဆိုင်ရာ ရန်ပုံငွေအဖြစ် ကျပ် ဘီလီယံ ၁၀၀ ကို ကနဦး မတည်ရန်ပုံငွေအဖြစ် တည်ထောင်ထားပြီး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနကလည်း အလုပ်လက်မဲ့ဖြစ်သွားကြသော အလုပ်သမားများအတွက် ကျန်းမာရေး စောင့်ရှောက်မှု ဆေးဖိုးနှင့်ခရီးစရိတ်များ တိုးမြှင့်ခံစားခွင့်ပြုခြင်း၊ အလုပ်ရှင်၊ အလုပ်သမား ထည့်ဝင် ကြေးများကို အချိန်တိုးမြှင့်သတ်မှတ်ပေးခြင်း၊ ကျန်းမာရေးနှင့်လူမှုရေးစောင့်ရှောက်မှု အာမခံ စနစ်ပါ အကျိုးခံစားခွင့်များကို တိုးမြှင့်ပေးခြင်းတို့ဆောင်ရွက်နေခြင်းအပေါ်တွင်လည်း များစွာ ဝမ်းမြောက်ဂုဏ်ယူကြောင်း ပဏာမပြောကြားလိုပါကြောင်း၊ 

တစ်ဖက်တွင်လည်း အိမ်နီးချင်းနိုင်ငံများတွင် ကျန်းမာရေး၊ စီးပွားရေးအရ ထိခိုက်မှုမြင့်မားလာပြီး လုပ်ငန်းများရပ်ဆိုင်းလျက်ရှိရာ မြန်မာနိုင်ငံအတွက် နိုင်ငံခြားဝင်ငွေရှာဖွေပေးနေသည့် ပြည်ပ ရောက်မြန်မာလုပ်သားများ အလုံးအရင်းဖြင့် ပြန်လာခဲ့ကြပြီး တိုင်းပြည်အတွင်း အလုပ်လက်မဲ့ဦးရေ များပြားနေသည့်ကာလ ဖြစ်ပါကြောင်း၊ COVID-19 ကို တုံ့ပြန်ဆောင်ရွက်ရာတွင် ဒေသန္တရ အစိုးရများနှင့် မြူနီစပယ်အဖွဲ့များအနေဖြင့် အားကစားပွဲများ၊ ဈေးများ၊ ဘာသာရေးနှင့် ဝတ်ပြုရေး ဆိုင်ရာနေရာများ၊ နယ်စပ်ဒေသများကို စီမံကြသူများဖြစ်ပြီး အသွားအလာကန့်သတ်မှု (Quarantine) အတွက် နေရာထိုင်ခင်းများ စီမံခြင်း၊ ဈေးများအတွင်း ခပ်ခွာခွာနေစေခြင်း၊ Social Distancing တို့အတွက် စီမံဆောင်ရွက်ခြင်း၊ နပ်စပ်ဂိတ်များ စစ်ဆေးဆောင်ရွက်ခြင်းနှင့် ပြည်တော်ပြန် မြန်မာလုပ်သားများ နေရပ်ပြန်ရေး စီစဉ်ပေးရခြင်းတို့ကြောင့် ပုံမှန်အခြေအနေထက် ရန်ပုံငွေများ ပိုမိုလိုအပ်နေမည်ဖြစ်သည့်အတွက် ပြည်ထောင်စုအစိုးရမှ တိုင်းဒေသကြီးနှင့်ပြည်နယ် အစိုးရများသို့ လုံလောက်သောဘဏ္ဍာငွေများ ဖြည့်ဆည်းပေးရန် အစီအစဉ်ရှိ/မရှိ မေးမြန်းလိုခြင်း ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ COVID-19 ဘေးအန္တရာယ်ကိုတုံ့ပြန်ရန် ပိုမိုထိရောက်သော စီမံခန့်ခွဲမှုများ နိုင်ငံအနှံ့တွင် အရေးပေါ်ပြင်ဆင်နိုင်ရန် တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရများသို့ လုံလောက်သည့် ဘဏ္ဍာငွေများ ဖြည့်ဆည်းပေးရန်နှင့် ထိုသို့ဆောင်ရွက်နိုင်ရန် အထက်ဖော်ပြပါ COVID-19 ကနဦး ရန်ပုံငွေကျပ် ၁၀၀ ဘီလီယံအပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများသို့ ဘဏ္ဍာငွေများ ဖြည့် ဆည်းပေးခြင်း အပါအဝင် နောက်ထပ်အရေးပေါ် ရန်ပုံငွေသုံးစွဲခြင်း အသေးစိတ်အစီအစဉ်ဖြင့် အကောင်အထည်ဖော်ခြင်းတို့ကို သိရှိလိုပါကြောင်း  မေးမြန်းပါသည်။