(ဃ)-အလောင်းတော်ကဿပဂေါပကဖွဲ့စည်းရာတွင်နယ်မြေခံသံဃနာယကအဖွဲ့က လက်ခံနိုင်သော ဂေါပကဖွဲ့စည်းပုံ စည်းမျဉ်းစည်းကမ်းများအား တိုင်းဒေသကြီးအစိုးရမှ အတည်ပြု ထုတ်ပြန်နိုင်ရန် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ သိလိုခြင်းတို့နှင့် စပ်လျဉ်းသည့် မေးခွန်း

2021-01-05

ကနီမြို့နယ် အလောင်းတော်ကဿပဂေါပကဖွဲ့စည်းရာတွင် ကနီမြို့နယ် သံဃနာယကအဖွဲ့၏ သဘောထားထုတ်ပြန်ချက်ပါအတိုင်း ဖွဲ့စည်းပေးနိုင်ခြင်း ရှိ/မရှိနှင့် နယ်မြေခံ သံဃနာယကအဖွဲ့က လက်ခံနိုင်သော ဂေါပကဖွဲ့စည်းပုံ စည်းမျဉ်းစည်းကမ်းများအား တိုင်းဒေသကြီးအစိုးရမှ ကြီးကြပ် ရေးဆွဲ၍ အတည်ပြု ထုတ်ပြန်နိုင်ရန် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ သိလိုခြင်းတို့နှင့် စပ်လျဉ်းသည့် မေးခွန်း

ဗုဒ္ဓဘာသာဘုရားစေတီများရှိ ဂေါပကအဖွဲ့များနှင့်စပ်လျဉ်းပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ က ညွှန်ကြားလွှာအမှတ် ၃၆ ကိုထုတ်ပြန်၍ ဂေါပကအဖွဲ့များစနစ်တကျဖွဲ့စည်းထားရှိရေး အဆင့်ဆင့်လမ်းညွှန်ထားပါကြောင်း၊ ညွှန်ကြားလွှာအရ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများက ကြီးကြပ်၍ ဂေါပကအဖွဲ့များဖွဲ့စည်းထားရှိပြီး ထိုဂေါပကအနေဖြင့်ဘုရားစေတီများတွင် ဆက်လက်ဆောင်ရွက်စေခြင်း၊ အစဉ်အလာအရဖွဲ့စည်းမှုရှိပြီးဖြစ်သော်လည်း စနစ်တကျရှိစေရေး ပြင်ဆင်ဆောင်ရွက်ခြင်းနှင့် ပုဂ္ဂိုလ်တစ်စုက အကျိုးစီးပွားနှင့်ဆက်စပ်ဆောင်ရွက်နေသော ဘုရားစေတီများရှိပါက ထိုအဖွဲ့အစည်းများကိုဖယ်ရှား၍ အများနှင့်ဆိုင်သောဂေါပကအဖွဲ့များစနစ်တကျ အစားထိုးဖွဲ့စည်းထားရှိစေခြင်းတို့ ဖြစ်ပါကြောင်း၊ အလောင်းတော်ကဿပဂေါပကအဖွဲ့နှင့်ပတ်သက်ပြီး ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာနက ၁၉၆၃ ခုနှစ်၊ အများနှင့်သက်ဆိုင်သောပစ္စည်းများ ကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ ၂ ပုဒ်မခွဲ (ဃ)ဖြင့် အပ်နှင်းထားသောအာဏာကိုသုံးစွဲလျက် အများနှင့် သက်ဆိုင်သောပစ္စည်းများတွင် အကျုံးဝင်သည့် ပုဒ်မခွဲ ၄ ပါ အခြားအဖွဲ့အစည်း တစ်ခုခုတွင်ပါဝင်ကြောင်း ၂၅-၂-၁၉၉၂ ရက်စွဲဖြင့်ကြော်ငြာစာအမှတ် ထုတ်ပြန်ထားရှိပြီးဖြစ် ကြောင်းလည်း သိရှိရပါကြောင်း၊ ပြည်သူ့လွှတ်တော် (၁၄) ကြိမ်မြောက်အစည်းအဝေးကာလ အတွင်း ယင်းမာပင်ကိုယ်စားလှယ် ဦးအောင်စိုးမှ အလောင်းတော်ကဿပဂေါပကအဖွဲ့၏ ရသုံး ငွေကြေးပြဿနာများနှင့် ဂေါပကအဖွဲ့သစ်စနစ်တကျဖွဲ့စည်းပေးရန်ကိစ္စတို့ကိုမေးမြန်းခဲ့ရာ သက်ဆိုင်ရာဝန်ကြီးက ပြန်လည်ဖြေကြားထားရာတွင် ဘုရားဘဏ္ဍာငွေများအလွဲသုံးစားပြုလုပ်ကြောင်း ပေါ်ပေါက်ပါက အများနှင့်သက်ဆိုင်သောပစ္စည်းများကာကွယ်စောင့်ရှောက်ရေးဥပဒေပုဒ်မ ၃ ဖြင့်အရေးယူနိုင်ရေး စစ်ကိုင်းတိုင်းဒေသကြီးအစိုးရက စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် ငွေကြေးကိုင်တွယ်သုံးစွဲသူတာဝန်ရှိပုဂ္ဂိုလ်များအား ငွေကြေးကွာခြားချက်များအပေါ် ပြေလည်သည် အထိတာဝန်ခံ ဖြေရှင်းရန်နှင့် ဖြေရှင်းနိုင်ခြင်းမရှိပါက ဥပဒေနှင့်အညီအရေးယူရန်စီမံဆောင်ရွက် လျက်ရှိကြောင်းကို သိရှိရပါကြောင်းဖြေကြားထားရာ တိုင်းအစိုးရအနေဖြင့်အလွဲသုံးစားမှုများ ပေါ်ပေါက်ခဲ့မှုအပေါ် အများနှင့်သက်ဆိုင်သောပစ္စည်းများကာကွယ်စောင့်ရှောက်ရေးဥပဒေပုဒ်မ ၃ ဖြင့် အရေးယူနိုင်ရေး မဆောင်ရွက်ဘဲ နာမည်ဆိုးဖြင့်ကျော်ကြားသည့်ဂေါပကအဖွဲ့ပေါ်တွင် တိုင်ကြားသူပေါ်လာမှ စစ်ဆေးပေါ်ပေါက်သည့် ငွေကြေးကွာဟမှုကိုသာ ပြစ်မှုကျူးလွန်သူများကို ငွေကြေးပြန်လည်ပေးသွင်းစေခဲ့ ပါကြောင်း၊ ၎င်းကိစ္စများနှင့်ပတ်သက်ပြီး ကနီမြို့နယ်သံဃနာယက အဖွဲ့က ၇-၁-၂၀၁၉ ရက်စွဲဖြင့် သဘောထားထုတ်ပြန်ချက်တစ်ခုထုတ်ပြန်ခဲ့ရာ ၂၀၁၉-၂၀၂၀ ရာသီ အလောင်းတော်ကဿပ ဂေါပကဖွဲ့စည်းရာတွင် မန္တလေးတိုင်းသံဃနာယကအဖွဲ့ အကျိုးတော် ဆောင်ဆရာတော်ကြီးတစ်ပါးကရေးဆွဲသည့် ဂေါပကစည်းမျဉ်းဖြင့် သုံးမြို့နယ်ဂေါပကဖွဲ့စည်းခဲ့မှု အပေါ်ကန့်ကွက်ကြောင်း ကနီမြို့နယ်အတွင်း အထင်ရှားတည်ရှိသည့် အလောင်းတော်ကဿပ ဘုရားအား လေးမြို့နယ်ပိုင်ဟုသတ်မှတ်ကာ ရသမျှအလှူတော်ဘဏ္ဍာငွေများကို နယ်မြေခံ အဖွဲ့အစည်းများအားအသိမပေးဘဲ သုံးစွဲနေကြကြောင်း၊ ယခင် ၁၅ နှစ်ကျော်ကာလက ငွေစုဘဏ် မှာလက်ကျန်ငွေ ကျပ်သိန်း ၃၀၀၀ ခန့်သာရှိခဲ့သော်လည်း ၂၀၁၆-၂၀၁၇ ရာသီတွင် နယ်မြေခံ သံဃနာယကအဖွဲ့ကဦးစီး၍ ကနီမြို့နယ် ဂေါပကအဖွဲ့မှ ဥက္ကဋ္ဌတာဝန်ပေးဆောင်ရွက်ခဲ့ရာတွင် ကျပ်သိန်း ၆၅၀၀ ကျော်အထိ တစ်နှစ်ထဲမှာပင် ထည့်သွင်းနိုင်ခဲ့သည့်အပြင် လမ်းတံတား အဆောက်အဦတို့ကိုလည်းတည်ဆောက်နိုင်ခဲ့ကြောင်း ယခုဂေါပကဖွဲ့ရာတွင် နယ်မြေခံသံဃ နာယကအဖွဲ့က သဘောမတူပါဝင်ခြင်းမရှိသော်လည်း ကျန်သုံးမြို့နယ်ဖြင့်ဖွဲ့စည်းခဲ့ကြောင်း၊ လေးမြို့နယ်ဂေါပကဖြင့် ဖွဲ့စည်းဆောင်ရွက်ခဲ့၍ ဘဏ္ဍာငွေများ စည်းကမ်းမဲ့သုံးစွဲခဲ့မှုများ၊ ဖွဲ့စည်းပုံအရလုပ်ပိုင်ခွင့်များအပေါ်လည်း ဂိုဏ်းကဏ္ဍဖွဲ့၍ မလေးစားမှုများကြောင့် သက်ဆိုင်ရာ မြို့နယ်အဖွဲ့အစည်းဖြင့်သာ စီမံခန့်ခွဲပိုင်ခွင့်အပြည့်အဝရရှိရမည်ဖြစ်ကြောင်းတို့ကို ကနီမြို့နယ် သံဃနာယကက သဘောထားထုတ်ပြန်ကန့်ကွက်ခြင်း၊ သက်ဆိုင်ရာ ပုဂ္ဂိုလ်/အဖွဲ့အစည်းများအပေါ် လမ်းညွှန်ဩဝါဒ များပေးခဲ့ပြီးဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ကနီမြို့နယ် အလောင်းတော်ကဿ ဂေါပကဖွဲ့စည်းရာတွင် ကနီမြို့နယ်သံဃနာယကအဖွဲ့၏ သဘောထားထုတ်ပြန်ချက်ပါအတိုင်း ဖွဲ့စည်းပေးနိုင်ခြင်း ရှိ/မရှိနှင့် နယ်မြေခံသံဃနာယကအဖွဲ့ကလက်ခံနိုင်သော ဂေါပကဖွဲ့စည်းပုံ စည်းမျဉ်းစည်းကမ်းများအား တိုင်းဒေသကြီးအစိုးရမှကြီးကြပ်ရေးဆွဲအတည်ပြုထုတ်ပြန်နိုင်ရေး တို့ကို ဆောင်ရွက်ပေးနိုင်ရေးရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။