(င)-တွံတေး တူးမြောင်းပိုင်မြေများအား ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက စီမံခန့်ခွဲဆောင်ရွက်နေမှု အခြေအနေများနှင့် တိကျရှင်းလင်းသော မူဝါဒများ ချမှတ် ပေးနိုင်ခြင်း ရှိ/မရှိတို့ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်း

2021-01-05

တွံတေး တူးမြောင်းပိုင်မြေများအား ရေအရင်းအမြစ်နှင့်  မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက စီမံခန့်ခွဲဆောင်ရွက်နေမှု အခြေအနေများနှင့် တိကျရှင်းလင်းသော မူဝါဒများ ချမှတ် ပေးနိုင်ခြင်း ရှိ/မရှိတို့ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်း

ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက တွံတေးတူးမြောင်းပိုင် မြေများကို The Land and Acquisition Act 1894 နှင့် The Burma Canal Act 1905 တို့နှင့်အညီ တူးမြောင်း ရေရှည်တည်တံ့ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရည်ရွယ်ချက်ဖြင့် သိမ်းယူခဲ့ပြီး လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှာ တူးမြောင်းပိုင်မြေ CNA အဖြစ် မှတ်တမ်းတင်စဉ်က မြေအကျယ်အဝန်းသည် ၁,၃၈၂ ဧက ဖြစ်ပါကြောင်း၊ တူးမြောင်း၏ လုပ်ငန်းအဝဝနှင့် တူးမြောင်းပိုင်မြေများ စီမံခန့်ခွဲရေး လုပ်ငန်းကို ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနထံမှ ဆည်မြောင်းဦးစီးဌာနထံမှ ၃၁-၃-၁၉၉၅ ရက်နေ့တွင် လွှဲပြောင်း ရယူခဲ့ပါကြောင်း၊ သို့သော် လွှဲပြောင်းရယူခဲ့သည့်   တူးမြောင်းပိုင်မြေ ၁၃၈၂ ဧကအနက် လက်ရှိ ဦးစီးဌာနက လက်ဝယ် အမှန်တကယ် ထိန်းသိမ်းထားနိုင်သည့် တွံတေးဝ အကောက်စခန်းနယ်မြေ ၈.၆ ဧကနှင့် လက်ပံကုန်း အကောက်စခန်းမြေ ၆.၈၉ ဧကသာရှိသည်ကို သိရပါကြောင်း၊ 

တူးမြောင်းလုပ်ငန်းများ လွှဲယူစဉ်ကပင် အကောက်စခန်းများ ပြင်ပ၌ တူးမြောင်းပိုင် မြေများပေါ်တွင် ကျေးရွာများ၊ လူနေရပ်ကွက်များ တည်ရှိနေခဲ့ပါကြောင်း၊ ယခုအချိန်တွင် ဒလတံတား စီမံကိန်းကြောင့် အနီးကပ် မြို့နယ်များမှ မြေဈေးများ လှုပ်ခတ်လာခဲ့ပြီး ယင်းအထဲတွင် တူးမြောင်းပိုင် မြေများလည်း ပါဝင်လာပါကြောင်း၊ ၎င်းမြေများပေါ်တွင် ခေတ်အဆက်ဆက် နေထိုင်၊ စိုက်ပျိုးလုပ်ကိုင်လာခဲ့သူများက လွှဲပြောင်းရောင်းချခွင့်  မရှိသည့် ၎င်းမြေများကို လွှဲပြောင်းခြင်း၊ မြေယာပြုပြင်ခြင်း၊ လူနေအိမ်များ တည်ဆောက်ခြင်း၊ ပြုပြင်ခြင်း၊ ခြံစည်းရိုးကာရံခြင်း၊ သာသနိက အဆောက်အဦ ‌တည်ဆောက်ခြင်းများ ဆောင်ရွက်လာခဲ့ကြပါကြောင်း၊ ဦးစီးဌာနသည် ၎င်းကိစ္စများ အပေါ် မူတည်ပြီး ခွင့်ပြုခြင်း၊ တားမြစ်ခြင်း၊ တရားစွဲဆိုခြင်းများ ပြုလုပ်နေသည်ကို သိရှိရပါကြောင်း၊ ထို့အတူ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် တူးမြောင်းပိုင် မြေအချို့အား ကုမ္ပဏီများကို အခကြေးငွေဖြင့် ငှားရမ်းထားခြင်း ရှိနေသည်ကို သိရှိရပါကြောင်း၊ ၎င်းကိစ္စနှင့်ပတ်သက်ပြီး တူးမြောင်းပိုင်မြေများပေါ်တွင် ရှေးလွန်ခဲ့သည့် နှစ်ပေါင်းများစွာ ကတည်းက နေထိုင်ခဲ့ကြပြီး လက်ရှိတွင် တရားစွဲဆိုခြင်း ခံနေကြရသူများက ၎င်းတို့နေထိုင် စိုက်ပျိုးလုပ်ကိုင်လျက် ရှိကြသည့် မြေများကို ၎င်းတို့ပိုင် မြေများအဖြစ် နိုင်ငံတော်က တရားဝင် အသိအမှတ်ပြုပေးရန် လိုလားလျက် ရှိနေသည်ကို ကြားသိရပါကြောင်း၊ 

ထို့ကြောင့် (က) တူးမြောင်းပိုင် မြေဧက ၂,၃၀၀ ကျော်အနက် ရေအရင်းအမြစ်နှင့် ‌မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက အမှန်တကယ် ပိုင်ပိုင်နိုင်နိုင် ထိန်းချုပ်ထားနိုင်သည့် မြေအကျယ်အဝန်း အတိအကျ မည်မျှရှိသည်ကိုလည်းကောင်း၊  (ခ) တူးမြောင်းပိုင်မြေများ ပေါ်တွင် စိုက်ပျိုးထားသည့် သီးနှံများပေါ်မှ အခွန်များ စည်းကြပ်နေခြင်း၊ ၎င်းသီးနှံခွန်‌ ပြေစာများကို မြေပိုင်ဆိုင်မှု အထောက်အထားများအဖြစ် အသုံးပြုပြီး တူးမြောင်းပိုင် မြေများအား ရောင်းချ နေမှုများ အပေါ်တွင် မည်သို့မည်ပုံ တားဆီးနေသည်ကိုလည်းကောင်း၊ (ဂ) ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက အသုံးပြုခြင်း မရှိသည့် ရပ်ကွက်နှင့် ကျေးရွာများ တည်ရှိရာ၊ သာသနိက အဆောက်အဦများ တည်ရှိရာ၊ သုဿန်များ တည်ရှိရာ၊ တူးမြောင်းပိုင် မြေများအား တရားဝင် စွန့်လွှတ်ပေးရန် အစီအစဉ် ရှိ/မရှိ၊ မရှိပါက မည်သည့်အတွက်ကြောင့် မစွန့်လွှတ်နိုင်သည်နှင့် ၎င်းမြေများအား တစ်ချိန်ချိန်တွင် ပြန်လည်သိမ်းယူရန် အစီအစဉ် ရှိ/မရှိကို လည်းကောင်း၊ (ဃ) တူးမြောင်းပိုင် မြေများအား ရေအရင်းအမြစ်နှင့် ‌မြစ်ချောင်းများ ဖွံ့ဖြိုးတိုး တက်ရေး ဦးစီးဌာနမှမဟုတ်ဘဲ  အခြားသူများက လွှဲပြောင်းခြင်း၊ ရောင်းချခြင်း၊ အဆောက်အဦသစ် ဆောက်လုပ်ခြင်း၊ အဟောင်း ပြုပြင်ခြင်း၊ ခြံစည်းရိုး ကာရံခြင်း၊ စီးပွားရေး လုပ်ငန်း လုပ်ဆောင်ခြင်းတို့ အပေါ် မည်သို့မည်ပုံ အရေးယူ ဆောင်ရွက်ရမည်ဆိုသည်သည့် ကိစ္စနှင့် စပ်လျဉ်းပြီး တိကျရှင်းလင်း ပြတ်သားသည့် မူဝါဒများ ချမှတ်ပေးနိုင်ခြင်း ရှိ/မရှိတို့ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။