(ဇ)-မင်းဘူး(စကု)မြို့နယ်၊ လေးပင်ကျေးရွာအုပ်စုရှိ (၁၂၇၉) ကွင်းမှ နှစ်ပေါင်း (၆၅)နှစ်ခန့် ဓားမဦးချ လုပ်ကိုင်စားသောက်နေသော စိုက်ပျိုးဧရိယာအား ကွင်းဆင်းစိစစ်ပြီး ကြိုးဝိုင်းဧရိယာအတွင်းမှ ပယ်ဖျက်ပေးနိုင်ခြင်းရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

2021-01-05

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၊ လေးပင်ကျေးရွာကို လွန်ခဲ့သည့် ၁၉၅၄ ခုနှစ်က ကျေးရွာအဖြစ် စတင်တည်ထောင်ခဲ့ပါကြောင်း၊ ယင်းသို့ စတင်တည်ထောင်ခဲ့သည့် ၁၉၅၄ ခုနှစ်ကပင် ကျေးရွာပတ်ဝန်းကျင်ရှိ ယခုကွင်းအမှတ်(၁၂၇၉)ကွင်းတွင် ဓားမဦးချ စိုက်ပျိုးရေးလုပ်ကိုင်ခဲ့ပြီး အသက်မွေးဝမ်းကျောင်းပြုခဲ့ကြသည်မှာ ယခုဆိုလျှင် နှစ်ပေါင်း ၆၅ နှစ်ခန့် ကြာမြင့်ခဲ့ပြီဖြစ်ပါ ကြောင်း၊ ထို့သို့ စိုက်ပျိုးရေးလုပ်ခဲ့သော်လည်း ကြိုးဝိုင်းဧရိယာအတွင်းမှ ပယ်ဖျက်ပေးခြင်း မရှိသေး သည့်အတွက် စိုက်ပျိုးရေးလုပ်သည့်ရာသီချိန်တွင် ဒေသခံတောင်သူများနှင့် ဒေသခံစိုက်ပျိုးရေး ဝန်ထမ်း တို့သည် အဆင်မပြေမှုမှုများ မကြာခဏကြုံတွေ့ခဲ့ရပါကြောင်း၊

စိုက်ပျိုးရေးလုပ်သည့် မြေများတွင် ကွင်းအမှတ်နှင့် ဦးပိုင်အမည်ပေါက် ပြေစာများကိုလည်း လက်ရှိ တောင်သူများလက်ထဲတွင် ကိုင်နေမြဲရှိနေသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ဒေသခံ တောင်သူများ၏ အခက်အခဲများ ပြေလျော့စေရန် နှစ်ပေါင်း ၆၅ နှစ်ခန့် ဓာမဦးချလုပ်ကိုင်ခဲ့သော ကွင်းအမှတ်(၁၂၇၉)ကွင်းအား ကြိုးဝိုင်းအတွင်းမှ ပယ်ဖျက်ပေးပါရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်းမေးမြန်းပါသည်။