(က)-နိုင်ငံ့ဝန်ထမ်းများအပေါ် မြန်မာနိုင်ငံကူးလက်မှတ် လွတ်လပ်စွာ လျှောက်ထားရယူခြင်းနှင့်ခရီးသွားလာခြင်းကန့်သတ်ခဲ့ခြင်းများအားယခုအချိန်တွင်တရားဝင်ခွင့်ရက်ခံစားပြီးနိုင်ငံရပ်ခြားသို့သွားလာလည်ပတ်ခွင့်ကို ခွင့်ပြုပေးရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

2021-01-05

နိုင်ငံတော်၏ အာဏာကြီးသုံးရပ်ကို အစဉ်မပြတ်လည်ပတ်စေရန် တည်ဆောက်ကာကွယ်ကြရသူများမှာ နိုင်ငံ့ဝန်ထမ်းများဖြစ်ကြပြီး နိုင်ငံတော်နှင့်နိုင်ငံ‌ဝန်ထမ်းဟူသည် တစ်သားတည်း ခွဲခြား မရဘဲ အေးအတူပူအမျှဖြစ်နေကြပါကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ဦးတည်ဆောင်ရွက်နေ သော နိုင်ငံ့ဝန်ထမ်းများ၏ စိတ်ဓာတ်အင်အားမြင့်မားခြင်းသည် နိုင်ငံတွင် ရေမြင့်ကြာတင့်ကဲ့သို့ ဝန်ထမ်းအား စိတ်ဓာတ်ခွန်အားနှင့် အကျင့်စာရိတ္တနိမ့်ပါးလျှင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးမှာ လည်း နှောင့်နှေးကြန့်ကြာနိုင်ပါကြောင်း၊ ဝန်ထမ်းများ၏ စားဝတ်နေရေးကို ပြည်သူလူထုမှ အကျိုး ကျေးဇူးပြုထားသကဲ့သို့ နိုင်ငံတော်အစိုးရနှင့် ဝန်ထမ်းသည်လည်း ပြည်သူလူထုကို ဦးထိပ် ထားပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်လျက် တာဝန်သိသိ၊ သစ္စာရှိရှိ၊ ရိုးသားကြိုးစား စိတ် စေတနာကောင်းများစွာနှင့် ကျရာနေရာ၌ တာဝန်ကျေပွန်စွာ ထမ်းဆောင်ကြရမှာဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရဆိုသည်မှာ အနိုင်ရပါတီမှ အစိုးရအဖွဲ့နိုင်လျှင် ငါးနှစ်သက်တမ်းကာလ ဖြစ်ပြီး မိမိတို့ဝန်ထမ်းများ၏ စိတ်ခွန်အားကိုလည်း လျော့ပေါ့စဉ်းစားပေးရမည်ဖြစ်ပါကြောင်း၊  ဝန်ထမ်းဆို သည်မှာ ပြစ်မှုတစ်စုံတစ်ရာမရှိပါက သက်တမ်း ၆၀ ပြည့်နှစ်အထိ နိုင်ငံ့တာဝန်ကို ထမ်းဆောင် ကြမည့်သူများဖြစ်ပါကြောင်းနှင့် နိုင်ငံ့ဝန်ထမ်းကောင်းများကို အစိုးရအနေနှင့် ခေတ်နှင့် လိုက် လျောညီထွေရှိစေရန် ဝန်ထမ်းများအပေါ် ဖြေလျော့မှုများ ပြုလုပ်ပေးသင့်ပါကြောင်း၊

ယခုအခါ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးတွင် ဝန်ထမ်းများသွားလာရာ၌ ခက်ခဲမှုများရှိသဖြင့် ဝန်ထမ်းများ Passport ပြုလုပ်ရာတွင် ၎င်းတို့၏မှတ်ပုံတင်နှင့် အိမ်ထောင်စုဇယားတွင်၊ အလုပ် အကိုင်နေရာတွင်၊ ဝန်ထမ်းဟူ၍ရေးသားခဲ့ခြင်း သို့မဟုတ် ဆရာဝန်၊ အင်ဂျင်နီယာ၊ ရှေ့နေ၊ ကျောင်းဆရာ/ဆရာမ၊ တပ်မတော်အရာရှိ/အရာခံ၊ တပ်ဖွဲ့ဝင်များဟု ရေးသားခဲ့ခြင်းရှိပါက မှတ်ပုံတင် ပြုလုပ်ရာတွင် အင်မတန်ခက်ခဲခြင်း ထုတ်ယူခွင့်မရရှိသောကြောင့် မှတ်ပုံတင်နှင့် အိမ်ထောင်စု ဇယား ပျက်စီးပျောက်ဆုံးလျောက်ထားပြီး ဝန်ထမ်းနေရာတွင် ကုန်သည်စသဖြင့် အသစ်ပြန်လည်ပြင်ဆင်ရေးသားပြီး နည်းမျိုးစုံနှင့် နိုင်ငံကူးလက်မှတ်ရရှိရေး လုပ်ကိုင်နေကြသည်ကို များစွာမြင်တွေ့ရပါကြောင်း၊ ထို့ကြောင့် ဝန်ထမ်းဌာနအသီးသီးမှ သက်ဆိုင်ရာဌာနတွင်း ခွင့်ပြု ချက်ဖြင့် နိုင်ငံကူးလက်မှတ်ကို လွတ်လပ်စွာထုတ်ပေးရန်အစီအစဉ်ရှိ/မရှိနှင့်ပတ်သက်၍ သိရှိလို ပါကြောင်း မေးမြန်းပါသည်။