(ခ)-၂၀၁၈ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ်(၁၆) နိုင်ငံ့ဝန်ထမ်းဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည်‌့ ဥပဒေအရ တာဝန်ပေးအပ်ထားသည်‌့ နိုင်ငံတကာမှ ကျွမ်းကျင်သူ သို့မဟုတ် အကြံပေး ပုဂ္ဂိုလ်တို့နှင့် ပတ်သက်၍ ပြည်သူလူထုအနေဖြင့် သိလိုခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်း

2021-01-05

၂၀၁၈ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် (၁၆) နိုင်ငံ့ဝန်ထမ်းဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည်‌့ ဥပဒေအရ တာဝန်ပေးအပ်ထားသည်‌့ နိုင်ငံတကာမှ ကျွမ်းကျင်သူ သို့မဟုတ် အကြံပေးပုဂ္ဂိုလ်တို့နှင့် ပတ်သက်၍ ပြည်သူလူထုအနေဖြင့် ပွင့်လင်းမြင်သာစွာ သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

 

ယခုအချိန်တွင် နိုင်ငံတော်၏ ဘဏ္ဍာငွေသည် ပြည်တွင်း/ပြည်ပ ချေးငွေများ ပါဝင်မှုရာခိုင်နှုန်း တစ်စနှင့်တစ်စ မြင့်တက်လာပါကြောင်း၊ ၂၀၁၇-၁၈ ခုနှစ်၊ အစိုးရ၏ကြွေးမြီဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာအရ ပြည်တွင်း/ပြည်ပ ကြွေးမြီနှင့် GTP အချိုးကို ၄၀ ရာခိုင်နှုန်းထက် မကျော်လွန်စေရန် ထိန်းညှိဆောင်ရွက်လျက် ရှိကြောင်းနှင့် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် ပြည်တွင်း/ ပြည်ပ ကြွေးမြီနှင့် GTP အချိုးသည် ၃၈.၄ ရာခိုင်နှုန်း ရှိနေပြီ ဖြစ်သည်ကို သိရှိရပါကြောင်း၊ ၃၁-၁၂-၂၀၁၈ ရက်နေ့အထိ စာရင်းများအရ ပြည်ပကြွေးမြီပမာဏသည် အမေရိကန်ဒေါ်လာ ၉.၈၄၄ ဘီလီယံဖြစ်ပြီး GTPနှင့် ပြည်ပချေးငွေအချို့သည် ၁၄.၃၈ ရာခိုင်နှုန်း ရှိနေပြီ ဖြစ်သည်ဟု သိရှိရပါကြောင်း၊  ယခုအစိုးရအနေဖြင့် နိုင်ငံတော်၏ တာဝန်များကို စတင်တာဝန်ယူ ထမ်းဆောင် ချိန်တွင် ဘဏ္ဍာငွေချွေတာ နိုင်ရန်အတွက် ပြည်ထောင်စုဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီး များကိုသာ ခန့်ထားခြင်းမပြုခဲ့ဘဲ နောက်ပိုင်းမှသာ လိုအပ်ချက်အရ ခန့်ထားခဲ့ခြင်း ဖြစ်ပါကြောင်း၊

နိုင်ငံတော်၏ ဘဏ္ဍာငွေကို‌ ချွေတာရန်အတွက် ရည်ရွယ်ပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေးတွင် အောင်မြေသာစံမဲဆန္ဒနယ်က ကိုယ်စားလှယ်ကြီး ဒေါက်တာလှမိုးက ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အသီးသီးအတွက် အသုံးပြုရသည့် ချီးမြင့်ငွေပမာဏများ လျော့ချနိုင်ရန်အတွက် အဆိုတစ်ရပ် တင်သွင်းခဲ့ပြီး ယင်းအဆိုကို မိမိကိုယ်တိုင်ပါဝင် ဆွေးနွေးပြီး နိုင်ငံတော်၏ ဘဏ္ဍာငွေများကို ခြွေတာနိုင်ရန်အတွက် ဒေါက်တာလှမိုး၏ အဆိုကိုလည်း ထောက်ခံခဲ့ပါကြောင်း၊

 ယခုအခါ နိုင်ငံ့ဝန်ထမ်းဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့်ဥပဒေ ၂၀၁၈ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် (၁၆) ပြဋ္ဌာန်းခဲ့ပြီး ယင်းသို့ ပြင်ဆင်မှုကြောင့် ပုဒ်မ ၂ ပုဒ်မခွဲ (ည) ပုဒ်မခွဲငယ် ၄ နှင့် ၉ တို့အရ နိုင်ငံခြားသားများကိုလည်း ပြည်သူ့ဝန်ထမ်းအဖြစ် ခန့်အပ်တာဝန်ပေးနိုင်သည်အပြင် ပုဒ်မ ၇၄ ပုဒ်မခွဲ (က) အရ သက်ဆိုင်ရာဌာန အဖွဲ့အစည်းအရလည်း ပြည်သူ့ဝန်ထမ်းများ၏ ခံစားခွင့်ကြောင့် သတ်မှတ်ပေးရ မည်ဖြစ်ပါကြောင်း၊

ဝန်ထမ်းလောကတွင် ပြည်သူ့ဝန်ထမ်းများကို တာဝန်ပေးအပ်ထားမှု၊ ခံစားခွင့်များ ပေးအပ်ထားမှုနှင့် စပ်လျဉ်းပြီး ပွင့်လင်းမြင်သာစွာ မှန်မှန်ကန်ကန် သိရှိနိုင်ရေးအတွက် အောက်ပါမေးခွန်းများကို မေးမြန်းသွား လိုပါကြောင်း၊ နိုင်ငံတော်အချုပ်အခြာအာဏာ မဏ္ဍိုင်ကြီး သုံးရပ်ဖြစ်သည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးကဏ္ဍများရှိ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ ဝန်ကြီးဌာနများတွင် အထောက်အကူ ရရှိစေရန်အလို့ငှာ ၂၀၁၈ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေပြုအမှတ် (၁၆) နိုင်ငံ့ဝန်ထမ်းဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေအရ တာဝန်ပေးအပ်ထားသည့် နိုင်ငံတကာမှ ကျွမ်းကျင်သူ သို့မဟုတ် အကြံပေးပုဂ္ဂိုလ် စသည်တို့နှင့် စပ်လျဉ်းပြီး (က) ခန့်အပ်တာဝန် ပေးထားသည့် နိုင်ငံခြားသား ပြည်သူ့ဝန်ထမ်း အရေအတွက် စုစုပေါင်း၊ (ခ) ယင်းဝန်ထမ်းများ၏ နိုင်ငံအလိုက် ဦးရေစာရင်း၊ (ဂ) အဆိုပါ ပုဂ္ဂိုလ်များအား ချီးမြှင့်‌ပေးရသည့် လစာ/စရိတ်နှင့်  ချီးမြှင့်ငွေပမာဏစုစုပေါင်း  မြန်မာငွေသုံးကို နိုင်ငံခြားငွေနှင့် ပေးချေရခြင်းများကို ရှင်းလင်းဖော်ပြ ပေးစေလိုပါကြောင်း၊ (ဃ) လစာ၊ စရိတ်ချီးမြှင့်ငွေ အများဆုံးချီးမြှင့် ခံရသူရရှိသည့် ငွေပမာဏနှင့် အနည်းဆုံးချီးမြှင့်ခံရသူ ရရှိသည့် ငွေပမာဏ၊ (င) နိုင်ငံခြားသား ပြည်သူ့ဝန်ထမ်းများအား ခန့်အပ်တာဝန် ပေးထားသည့်အတွက်ကြောင့် နိုင်ငံတော်ကရရှိသည့် အကျိုးကျေးဇူးများ စသည်တို့ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။