(က)-အမျိုးသမီးများအားအကြမ်းဖက်မှုမှကာကွယ် ရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာန အနေဖြင့် ဥပဒေများရေးဆွဲပြဋ္ဌာန်းပေးရန်အစီအစဉ်ရှိ၊မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

2021-01-05

ဒေါ်ခင်စန်းလှိုင် (ပုလဲ) အမျိုးသမီးများအား ခွဲခြားထားမှု လုံးဝပပျောက်ရေး ဆီလွှာစာချုပ် ကို ၁၉၇၉ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပြီး ၁၉၈၁ ခုနှစ်တွင် သက်ဝင်ခဲ့ပါကြောင်း၊  နိုင်ငံပေါင်း ၁၈၇ နိုင်ငံလက်မှတ်ရေးထိုးခဲ့ပြီး မြန်မာနိုင်ငံသည် ၂၂-၇-၁၉၉၇ ရက်နေ့တွင် လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး ဆီလွှာစာချုပ်ဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့ပါကြောင်း၊ သို့သော် ဆီလွှာစာချုပ်သည် ကမ္ဘာ့ အမျိုးသမီးတို့ကို ထိရောက်စွာကာကွယ်မှုမပြုနိုင်သောကြောင့် ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ပုဒ်မ ၁၃၂၅ အရ အမျိုးသမီးများ၏ အိမ်တွင်းအကြမ်းဖက်မှုကို ကာကွယ်သည့် ဥပဒေကို ထပ်မံပြဋ္ဌာန်းခဲ့ရပါကြောင်း၊  ဤဥပဒေအရ သက်ဆိုင်ရာရဲဝန်ထမ်း၊ တရားရေးဝန်ထမ်း၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျန်းမာရေးနှင့် ပညာရေးဆိုင်ရာ တာဝန်ရှိသူများ ဝိုင်းဝန်းကူညီကြပြီး ကမ္ဘာ့နိုင်ငံများ၏ ၆၀ % ကျော်က ထောက်ခံခဲ့ပါကြောင်း၊ အမျိုးသမီးများ ကာကွယ်စောင့် ရှောက်သည့်ဥပဒေကို အာရှတွင် ၁၈ နိုင်ငံ၊ အာဖရိကတွင် ၉ နိုင်ငံ၊ ဥရောပတွင် ၁၄ နိုင်ငံနှင့် အမေရိကတိုက်တွင် နိုင်ငံပေါင်း ၂၀ ကျော်တို့က ပြဋ္ဌာန်းထားရှိသည့်ကို သိရှိရပါကြောင်း၊ မိမိတို့ို့မြန်မာနိုင်ငံသည် လွန်ခဲ့သောနှစ်ပေါင်း ၁၇ နှစ်ကျော်က ဆီလွှာအဖွဲ့ဝင်နိုင်ငံ ဖြစ်ခဲ့သော်လည်း ယနေ့ အချိန်အထိ အမျိုးသမီးများ၏ တန်းတူညီမျှမှုအခွင့်အရေး၊ ခွဲခြားဆက်ဆံခံရမှု၊ အကြမ်းဖက်ခံရမှုများနှင့် ပတ်သက်ပြီး ထိရောက်သောဆောင်ရွက်ချက်များကို မတွေ့ရှိရသည့်အပြင် အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်စော်ကားမှုနှင့် လူကုန်ကူးခံရမှုများလည်း နေရာအနှံ့အပြားတွင် ဖြစ်ပွားနေသည်ကို တွေ့ရှိရပါကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် အမျိုးသမီးများအား အကြမ်းဖက်မှုမှ ကာကွယ်ရန်အတွက် ဥပဒေကြမ်းကို နိုင်ငံတကာအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ စီမံကိန်းအဖွဲ့နှင့် ချိတ်ဆက် ဆောင်ရွက်နေသည်ကို သိရပါကြောင်း၊ နိုင်ငံတကာစံချိန်မီဥပဒေတစ်ရပ်အဖြစ် အမြန်ဆုံးပြဋ္ဌာန်းပေးနိုင်ရန်နှင့် အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရန်အတွက်လည်းကောင်း၊ မြန်မာတစ်နိုင်ငံလုံးရှိ အမျိုးသမီးများအားလုံး သိရှိနိုင်ရန်အတွက် ထုတ်ပြန်ကြေညာပေးနိုင်ရန်အတွက်လည်းကောင်း၊ မည်သည့်အချိန်တွင် ဥပဒေတစ်ရပ်အဖြစ်ပေါ်ပေါက် လာမည်ကို သိရှိလိုကြောင်းမေးမြန်းပါသည်။