(က)နိုင်ငံရေးပါတီဝင်တစ်ဦးသည်ပါတီ၏စည်းမျဉ်းများနှင့်အညီထုတ်ပယ်ခြင်း၊ရပ်စဲခြင်းတို့ကိုလိုက်နာရသည်၊ အခြားပါတီဝင်အဖြစ်ဖြင့်ဝင်ရောက်ယှဉ် ပြိုင်လျှင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့် ဆန့်ကျင်သည်မဟုတ်ပါလားဆိုသည်ကိုသိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

2021-01-05

(က)နိုင်ငံရေးပါတီတစ်ခုခုကို ကိုယ်စားပြုသည့် ပါတီဝင်တစ်ဦးသည် သက်ဆိုင်ရာပါတီ၏ စည်းမျဉ်းများ နှင့်အညီ ပါတီဝင်ဖြစ်ခြင်း၊ နုတ်ထွက်ခြင်း၊ ထုတ်ပယ်ခြင်း၊ ပါတီဝင်အဖြစ်မှ ရပ်စဲခြင်းတို့ကို လိုက်နာ ရသည်ကို သိရှိပါသလား၊ ပါတီတစ်ခုခုကို ကိုယ်စားပြုသည့် ပါတီဝင်တစ်ဦးသည် အခြားပါတီဝင် အဖြစ်ဖြင့် ကိုယ်စားပြုပြီး ရွေးကောက်ပွဲများ၌ ဝင်ရောက်ယှဉ်ပြိုင်လျှင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၂၁ ပါပြဋ္ဌာန်းချက်နှင့် ဆန့်ကျင်သည်မဟုတ်ပါလားဆိုသည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

မိမိ ယနေ့မေးမြန်းမည့်မေးခွန်းသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က Focal လုပ်သော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေနှင့် သက်ဆိုင်ပါကြောင်း၊ မေးခွန်းက တိုတိုလေး ဖြစ်သလို ဥပဒေပြဋ္ဌာန်းချက်ကလည်း ရှင်းရှင်းတိုတိုလေးပဲ ဖြစ်ပါကြောင်း၊ မေးခွန်းက နိုင်ငံရေးပါတီ တစ်ခုခုကို ကိုယ်စားပြုသည့် ပါတီဝင်တစ်ဦးသည် သက်ဆိုင်ရာပါတီ၏ စည်းမျဉ်းများနှင့်အညီ ပါတီဝင်ဖြစ်ခြင်း၊ နုတ်ထွက်ခြင်း၊ ထုတ်ပယ်ခြင်း၊ ပါတီဝင်အဖြစ်မှ ရပ်စဲခြင်းတို့ကို လိုက်နာရသည်ကို သိရှိပါသလားဆိုသည့် အပိုင်းတစ်ပိုင်း၊ ပါတီတစ်ခုကို ကိုယ်စားပြုသည့် ပါတီဝင်တစ်ဦးသည် အခြား ပါတီဝင်အဖြစ်ဖြင့် ကိုယ်စားပြုပြီး ရွေးကောက်ပွဲများ၌ ဝင်ရောက်ယှဉ်ပြိုင်လျှင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၂၁ ပါ ပြဋ္ဌာန်းချက်များကို ဆန့်ကျင်တယ်မဟုတ်လားဆိုသည့် မေးခွန်း ဖြစ်ပါကြောင်း၊ ယခုကဲ့သို့မေးမြန်းရသည်မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဆိုသည်မှာ ၂၀၁၀ ပြည့်နှစ်က ပြဋ္ဌာန်းခဲ့သော ဥပဒေအရ နိုင်ငံရေးပါတီများကိုလည်း စီမံခန့်ခွဲသော အဖွဲ့အစည်း ဖြစ်သည့်အပြင် နိုင်ငံတစ်ဝန်းလုံးတွင် ကျင်းပသော ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်လွှတ်တော် စသည့် လွှတ်တော် အသီးသီးနှင့် ဆိုင်သည့်ကိစ္စများကိုလည်း စီမံခန့်ခွဲသည့် အလုပ်ကို လုပ်ရပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်သည် လွှတ်တော်အဆင့်ဆင့် တွင် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ဖြင့် ပါဝင်ယှဉ်ပြိုင်မည်ဆိုပါက နိုင်ငံရေးပါတီ အသီးသီးကို ကိုယ်စားပြု၍ဖြစ်စေ၊ တစ်သီးပုဂ္ဂလအဖြစ်ဖြင့်ဖြစ်စေ ဝင်ရောက်ယှဉ်ပြိုင်ကြပါ ကြောင်း၊

တစ်သီးပုဂ္ဂလကိုယ်စားလှယ်အဖြစ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်သည့်အခါ သက်ဆိုင်ရာရွေးကောက်ပွဲ များအတွက် သတ်မှတ်ထားသည့် ဥပဒေနှင့်အညီ အရည်အချင်းပြည့်ပါက ယှဉ်ပြိုင်၍ရပါကြောင်း၊ သို့သော် ပုဂ္ဂိုလ်တစ်ယောက်သည် နိုင်ငံရေးပါတီတစ်ခုကို ကိုယ်စားပြုပြီး ဝင်ရောက်အလုပ်လုပ် ကိုင်နေပါကြောင်း၊ ၎င်းပုဂ္ဂိုလ်က အခြားပါတီတစ်ခုတွင် ကိုယ်စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်သည့် အခါ အဆိုပါမေးခွန်းကို မေးစရာပေါ်လာပါကြောင်း၊ ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတုန်းက မိမိတို့ပါတီက မြို့နယ်အဆင့် ဒုတိယဥက္ကဋ္ဌတစ်ယောက်က တခြားပါတီက ကိုယ်စားလှယ်လောင်း အဖြစ် ပါတီကိုကိုယ်စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်ပါကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အစည်းအဝေးလုပ်သည့်အချိန်အခါတွင် မိမိက၎င်းအစည်းအဝေးတွင် အဆိုပါကိစ္စကို ဆွေးနွေးခဲ့သည့်အခါ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲလုပ်သည့်အတွက် ကြောင့် ရွေးကောက်ပွဲဆိုင်ရာဥပဒေနှင့်သာ ဆိုင်ပါသည်ဟုဖြေကြားပါကြောင်း၊ မိမိပြောသည်က ၎င်းပုဂ္ဂိုလ်က တစ်သီးပုဂ္ဂလအနေဖြင့် ရွေးကောက်ပွဲဝင်ပါက ၎င်းဥပဒေနှင့် မငြိစွန်းသော်လည်း နိုင်ငံရေးပါတီတစ်ခုတွင် တရားဝင်ပါတီဝင်အဖြစ် ရှိနေသည့်ပုဂ္ဂိုလ်က နောက်ပါတီတစ်ခုကို ကိုယ်စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်လျှင် ပြဋ္ဌာန်းဥပဒေဖြစ်သော နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၂၁ တွင် ပုဂ္ဂိုလ်တစ်ဦးသည် တစ်ချိန်တည်းတွင် ပါတီတစ်ခု၌သာ ပါဝင် ဆောင်ရွက်ခွင့်ရှိသည်ဟု ရှင်းရှင်းလင်းလင်း ပြဋ္ဌာန်းထားသည့်အတွက် ယခုလိုမရှင်းမလင်းဖြစ်နေ သည်ကို နိုင်ငံတစ်ဝန်းလုံးရှိ မဲဆန္ဒရှင်များ၊ နိုင်ငံရေးပါတီအသီးသီးတွင် တာဝန်ယူနေကြသည့် ပုဂ္ဂိုလ်များ၊ ရွေးကောက်ပွဲဝင်ကြမည့် ပုဂ္ဂိုလ်များ ရှင်းရှင်းလင်းလင်း ဥပဒေနှင့်အညီ သိရှိနိုင်စေချင်သည့်အတွက်ကြောင့် နိုင်ငံရေးပါတီတစ်ခုခုကို ကိုယ်စားပြုသည့် ပါတီဝင်တစ်ဦးသည် သက်ဆိုင်ရာပါတီ၏ စည်းမျဉ်းများ နှင့်အညီ ပါတီဝင်ဖြစ်ခြင်း၊ နုတ်ထွက်ခြင်း၊ ထုတ်ပယ်ခြင်း၊ ပါတီဝင်အဖြစ်မှ ရပ်စဲခြင်းတို့ကို လိုက်နာရသည်ကို သိရှိပါသလား၊ ပါတီတစ်ခုခုကို ကိုယ်စားပြု သည့် ပါတီဝင်တစ်ဦးသည် အခြားပါတီဝင်အဖြစ်ဖြင့် ကိုယ်စားပြုပြီး ရွေးကောက်ပွဲများ၌ ဝင်ရောက်ယှဉ်ပြိုင်လျှင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၂၁ ပါပြဋ္ဌာန်းချက်နှင့် ဆန့်ကျင်သည်မဟုတ်ပါလားဆိုသည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။