(ခ)-တစ်နိုင်ငံလုံးမှမဲရုံအသီးသီးရှိ မဲရလဒ်များအား ရွေးကောက်ပွဲ နေ့ရက်၏ ညနေ ၄ နာရီမတိုင်မီ ဖွင့်ဖောက်ရေတွက်ခြင်းမပြုလုပ်ရန်နှင့်မဲရလဒ်များ ပေါက်ကြားခြင်းမရှိစေရန် ညွှန်ကြားချက် ၊စည်းကမ်းချက်များထုတ်ပြန်ကြေညာပေးရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့် မေးခွန်း
အထွေထွေ ရွေးကောက်ပွဲ ကျင်းပသည့်နေ့ရက်တွင် တစ်နိုင်ငံလုံးမှ မဲရုံအသီးသီးရှိ မဲရလဒ်များအား ရွေးကောက်ပွဲ နေ့ရက်၏ ညနေ ၄ နာရီမတိုင်မီ ဖွင့်ဖောက်ရေတွက်ခြင်း မပြုလုပ်ရန်နှင့် မဲရလဒ်များ ပေါက်ကြားခြင်း မရှိစေရန် ညွှန်ကြားချက်၊ စည်းကမ်းချက်များ ထုတ်ပြန် ကြေညာပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ ကျင်းပသည့် နေ့ရက်တွင် တစ်နိုင်ငံလုံးမှ မဲရုံအသီးသီးရှိ မဲရလဒ် များအား ရွေးကောက်ပွဲ နေ့ရက်၏ ညနေ ၄ နာရီမတိုင်မီ ဖွင့်ဖောက်ရေတွက်ခြင်း မပြုလုပ်ရန်နှင့် မဲရလဒ်များ ပေါက်ကြားစေခြင်း မရှိရန် ညွှန်ကြားချက်၊ စည်းကမ်းချက်များ ထုတ်ပြန်ကြေညာ ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုသည့်မေးခွန်း မေးမြန်းသွားမည် ဖြစ်ပါကြောင်း၊
မိမိတို့ ချင်းပြည်နယ်အတွင်းရှိ ကျေးလက်ဒေသ မဲရုံများတွင် မဲပေးခွင့်ရှိသည့် ဦးရေ နည်းပါးသည့် မဲရုံ များစွာ ရှိနေပါကြောင်း၊ ၎င်းမဲရုံများသည် မဲပေးပိုင်ခွင့် ရှိသည့် ဦးရေ ၅၀ ဦးမှ ၁၀၀ ဦးကြား ရှိသည့် မဲရုံများဖြစ်ပြီး ရွေးကောက်ပွဲ ကျင်းပရက် မဲရုံများ စတင်ဖွင့်လှစ်သည့် နံနက် ၆ နာရီမှစတင်ပြီး မဲပေးကြမည်ဆိုပါက နေ့လယ် ၁ နာရီအတွင်း မဲပေးသည့် ဆန္ဒပြုခြင်း အစီအစဉ် ပြီးဆုံးနိုင်မည် ဖြစ်ပါကြောင်း၊ ၎င်းမဲရုံများသည် မဲပေးခွင့် ရှိသည့် ဦးရေ ပြည့်မီပြီးပါက ဆန္ဒမဲရလဒ်များ စတင်ဖွင့်ဖောက် ရေတွက်မည်ဆိုပါက လူဦးရေ ၁၀၀ ဦးအောက်ရှိသည့် မဲရုံအသီးသီးရှိ မဲရလဒ်များသည် ရွေးကောက်ပွဲ ကျင်းပသည့် နေ့ရက် နံနက်ပိုင်း ၉ နာရီ၊ ၁၀ နာရီအတွင်း ပေါက်ကြား သိရှိနိုင်မည် ဖြစ်ပါကြောင်း၊
မိမိ၏ မဲဆန္ဒနယ်တွင် မဲရုံပေါင်း ၇၇ ရုံရှိသည့် အနက် မဲရုံပေါင်း ၂၃ ရုံသည် မဲပေးခွင့်ရှိသူ ၁၀၀ ဦးအောက် ရှိသည့် မဲရုံများ ဖြစ်ပါကြောင်း၊ မြို့ပေါ်ရပ်ကွက်များနှင့် အခြားလူဦးရေ များသည့် မဲရုံများတွင် မဲပေးသည့်သူ၊ မဲပေးခွင့်ရှိသည့် ဦးရေ ၁၀ ရာခိုင်နှုန်းလခန့်သာ ဆန္ဒမဲ လာရောက်ပေးပြီးချိန် မြို့နယ်အတွင်းရှိ အခြား မဲရုံငယ်များ၏ မဲရလဒ်များကို Facebook၊ Online ပေါ်တွင် ကြေညာခြင်းများ၊ ဖြန့်ဝေများ ပြုလုပ်ကြခြင်းကို ၂၀၁၈ ခုနှစ်၊ ကြားဖြတ် ရွေးကောက်ပွဲ အတွေ့အကြုံအရ ကြုံကြိုက်ခဲ့ရဖူးပြီး ဖြစ်ပါကြောင်း၊ ၎င်းမဲရုံငယ်များ၏ မဲရလဒ်များ စောစီးစွာ ဖွင့်ဖောက်ကြေညာခြင်းသည် ပါတီအသီးသီးတွင် ကိုယ်စားပြု ရွေးကောက်ခံသည့် ကိုယ်စားလှယ်လောင်းများအတွက် မလိုလားအပ်သည့် မဲရလဒ်များကို ရုတ်တရက် ပြောင်းလဲ ဖြစ်ပေါ်စေနိုင်သည်ကို သတိမူသင့်ပါကြောင်း၊ ဆန္ဒမဲ မပေးရသေးသည့် မဲဆန္ဒရှင် ပြည်သူများနှင့် ကနဦး ရည်ရွယ်သည့် ကိုယ်စားလှယ်လောင်းများအပေါ် ဆန္ဒပြု မဲပေးခြင်းအတွက် ဆုံးဖြတ်ချက်များကို အခြားသော မဲရုံငယ်များ၏ မဲရလဒ် သတင်းအပေါ် အခြေခံပြီး စိတ်အာရုံ ထွေပြားစေခြင်း၊ ဆုံးဖြတ်ချက် ချမှတ်ရွေးချယ်ရာတွင် ပြဿနာများ ဖြစ်ပေါ်စေနိုင်ပါကြောင်း၊ ပြီးခဲ့သည့် ရွေးကောက်ပွဲများတွင် မဲပေးခွင့်ရှိသည့် ဦးရေ ၅၀ ဦးနှင့် ၁၀၀ ဦးကြား ရှိသည့် မဲရုံများတွင် ရွေးကောက်ပွဲရက်၏ နံနက်ပိုင်း အချိန်တိုအတွင်း မဲပေးခြင်း ပြီးဆုံးပြီး မဲပေးခွင့်ရှိသူ ဦးရေ ပြည့်မီပြီးပါက မဲရေတွက်ခြင်းကို ချက်ချင်းဆောင်ရွက်ခဲ့ ကြပါကြောင်း၊ မဲရလဒ်များ စောစီးစွာ သတင်းပေါက်ကြားပြီး Facebook၊ Online များ ပေါ်တွင် ဖွင့်ထုတ်ကြေညာခြင်း များသည် လုံးဝမသင့်တော်သည့် ဖြစ်စဉ်များ ဖြစ်ပါကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ညွှန်ကြားချက်များ ထုတ်ပြန်ပြီး အလေးထား ထိန်းကျောင်းပေးရန် လိုအပ်မည် ဖြစ်ပါကြောင်း၊
ထို့ကြောင့် ပွင့်လင်းမြင်သာမှု ရှိသည့် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီး ဖြစ်စေရန် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် သက်ဆိုင်ရာ ပါတီအသီးသီးမှ ရွေးချယ်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ မဲရလဒ်များ တရားမျှတမှု ရှိစေရန်နှင့် မဲဆန္ဒရှင် ပြည်သူများ၏ စိတ်ဆန္ဒများ မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်ရန် ရည်ရွယ်ပြီး မေးမြန်းရခြင်း ဖြစ်ပါသည်။