(င)ပေါက်တောမြို့နယ်၊ ပင်လယ်ကမ်းစပ်ဒေသအချို့တွင် တယ်လီဖုန်းဆက်သွယ်ရေး ကောင်းမွန် လာအောင် မည်သို့စီမံဆောင်ရွက်ပေးမည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

2021-01-05

ပေါက်တောမြို့နယ်၊ ပင်လယ်ကမ်းစပ်ဒေသအချို့တွင် ဆက်သွယ်ရေးတာဝါတိုင်များ မရှိ၍ လည်းကောင်း၊ ရှိသော်လည်း တစ်တိုင်နှင့်တစ်တိုင် အလှမ်းကွာဝေးသည့်အပြင် ကြားခံအတားအဆီး များကြောင့်လည်းကောင်း တယ်လီဖုန်းဆက်သွယ်ရေး မကောင်းဘဲရှိခဲ့ပါကြောင်း၊ အဆိုပါ တယ်လီဖုန်း ဆက်သွယ်ရေးမကောင်းသည့်နေရာများကို ကောင်းလာအောင် မည်သို့ စီမံဆောင်ရွက် ပေးမည်ကို သိရှိလိုသည့်မေးခွန်းဖြစ်ပါကြောင်း၊ ရည်ရွယ်ချက်မှာ တယ်လီဖုန်းတာဝါတိုင် တိုးချဲ့ပေးဖို့ ဖြစ်ပါကြောင်း၊ ပေါက်တောမြို့သည် ဧရိယာစတုရန်းမိုင် ၄၁၃ မိုင်ကျယ်ဝန်းပြီး လူဦးရေနှစ်သိန်းနီးပါး နေထိုင်သည့်မြို့နယ် တစ်ခုဖြစ်ပါ ကြောင်း၊ ၂၀၁၆ ခုနှစ်မှစပြီး နိုင်ငံတော်မှ MPT တယ်လီဖုန်းတိုင် ၃၀ ဖြင့် ဆက်သွယ်ရေးစနစ် ထူထောင်ပေးသည့်အတွက် မြေပြန့်ဒေသမှာ ကောင်းသော်လည်း မြို့နယ်၏တောင်ဘက်ခြမ်း ဘင်္ဂလားပင်လယ်အော်နားကို ထိုးထွက်နေသော ဖရုံကာကျွန်းသုံးကျွန်း လို့ခေါ်သည့် ကျွန်းဖျား၊ကျွန်းနားများတွင် တာဝါတိုင်များ မရှိ၍လည်းကောင်း၊ ရှိသော်လည်းပဲ တစ်တိုင်နှင့်တစ်တိုင် အလှမ်းဝေးနေသည့်အတွက်ကြောင့် လည်းကောင်း၊ ကြားခံအတားအဆီး တောင်တန်းများ ရှိ၍လည်းကောင်း၊ စတင်တည်ဆောက်စဉ်ကပင် တယ်လီဖုန်းဆက်သွယ်ရေး မကောင်းဘဲရှိခဲ့ပါကြောင်း၊ ထိုဒေသများမှလူများသည် နီးစပ်ရာသစ်ပင်ပေါ်တက်၍လည်းကောင်း၊ ကုန်းမြင့်ဒေသ၊ ဘုန်းကြီးကျောင်း အမြင့်ဒေသသို့ သွား၍လည်းကောင်း ဆက်သွယ်ကြရပါကြောင်း၊ ဆက်သွယ်ရေး မကောင်းသည့်နေရာများမှာ ရှည်ရှည်မျောမျောကျွန်းဖျားဒေသများ ဖြစ်ပါကြောင်း၊ ကျွန်းများ၏ အလယ်ကြောတစ်လျှောက် တောင်ကုန်းတောင်တန်းများမှာ ကြားခံအဖြစ် ရှိနေပါ ကြောင်း၊ ၎င်းတောင်ကုန်းတောင်တန်းများ၏ တစ်ဖက်တစ်ချက်စီတွင် ရွာများအများကြီးရှိပြီး ရေ လုပ်ငန်း၌ အသက်မွေးကြသူများ ဖြစ်ပါကြောင်း၊ ၎င်းတို့သည် ငါးဖမ်းရန်အတွက် ပင်လယ်သို့ ရာသီ မရွေး ထွက်ခွာကြရပါကြောင်း၊ ထိုသို့နီးစပ်ရာ ရွာများ၏စာရင်းကို တင်ပြပါအတိုင်း တင်ပြအပ်ပါ ကြောင်း၊ ထို့အပြင် တယ်လီဖုန်းသည် မိုးလေဝဿ၊ အင်တာနက်သတင်းအချက်အလက်များကို အသုံးပြုပြီးမှ ဘေးအန္တရာယ်ကို ရှောင်ရှားရင်း ငါးရှာထွက်ကြရသည့် အနေအထားရှိပါကြောင်း၊ တာဝါတိုင်များမှာ Telenor၊ Ooredoo၊ Mytel၊ MPT စသည်အားဖြင့် အစုံအလင် ၅၃ တိုင် ရှိသော် လည်း တင်ပြပါနေရာများမှာ ကျွန်းဖျား၊ ကျွန်းနားကို မရောက်ဘူးဖြစ်နေပါကြောင်း၊ ထို့ကြောင့် ကျွန်းဖျား၊ ကျွန်းနားကို ရောက်ရန် ကမ်းစပ်ဒေသများတွင် တာဝါတိုင်များရှိအောင် ဆောင်ရွက်ပေးဖို့ တင်ပြလိုခြင်း ဖြစ်ပါကြောင်း၊ ကျွန်းဖျား၊ ကျွန်းနားအပေါ်ပိုင်း (မြောက်ပိုင်း)တွင် တာဝါတိုင် ၃၀ ခု၊ ၄၀ ခုလောက် ရှိနေပါကြောင်း၊ အနီရောင်နှင့် ပြသည့်အောက်ပိုင်းတွင် တာဝါတိုင်များ အင်မတန် နည်းပြီး ပင်လယ်ကမ်းနားဒေသဖြစ်သည့်အတွက် အခက်အခဲရှိနေသည့်အကြောင်းကို တင်ပြလိုခြင်း ဖြစ်ပါကြောင်း၊ ထိုအခက်အခဲရှိသည့်ရွာများကတော့ ဒီရွာများတော်တော်များများရှိနေပါကြောင်း၊ ထို့ကြောင့် တယ်လီဖုန်းဆက်သွယ်ရေး မကောင်းသည့်ဒေသများမှာ တယ်လီဖုန်းဆက်သွယ်ရေး ကောင်းမွန်လာအောင် မည်သို့ဆောင်ရွက်ပေးမည်ကို သိရှိလိုပါ၍ မေးမြန်းရခြင်း ဖြစ်ပါသည်။