(ဃ)-ရမ်းဗြဲမြို့နယ်၊ ကန်တော့ပြင်ကျေးရွာနှင့် သာစည်ပြင်ကျေးရွာကြားရှိ တန့်လန်းတောင်ပေါ်တွင် ဆက်သွယ်ရေးတာဝါတိုင်တစ်ခု တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2021-01-05

မိမိတို့ ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်သည် ရမ်းဗြဲကျွန်းပေါ်တွင်တည်ရှိပြီး ရမ်းဗြဲကျွန်း၊ စကုကျွန်း၊ မာန်အောင်ကျွန်းတို့ဖြင့် ဖွဲ့စည်းထားသော မြို့နယ်တစ်ခုဖြစ်ပါကြောင်း၊ မြို့နှစ်မြို့ပါဝင်ပြီး ရပ်ကွက်ပေါင်း ၁၁ ရပ်ကွက်၊ ကျေးရွာအုပ်စုပေါင်း ၄၈ အုပ်စု ကျေးရွာ ပေါင်း ၁၉၃ ရွာနှင့် ဖွဲ့စည်းထားပြီး လူဦးရေ ၁၁၀၀၀၀ နီးပါးနေထိုင်သည့် မြို့နယ်တစ်ခု ဖြစ်ပါကြောင်း၊ ရမ်းဗြဲမြို့နယ်မှ ကျောက်ဖြူ-ရန်ကုန်-ပြည်ထောင်စုလမ်းမကြီးကို အသုံးပြု၍ ရခိုင်ပြည်နယ် အတွင်းရှိ မြို့နယ်များနှင့် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်ဒေသများသို့ မော်တော်ကားများဖြင့် ဆက်သွယ်သွားလာ နိုင်သဖြင့် ဆက်သွယ်ရေးအတန်အသင့်ကောင်းမွန်သည့် မြို့နယ်တစ်ခုဖြစ်ပါကြောင်း၊ ယခုလို တယ်လီဖုန်းဆက်သွယ်ရေး အရေးတကြီးလိုအပ်နေချိန်တွင် ရမ်းဗြဲမြို့နယ်အတွင်း တယ်လီဖုန်း တာဝါတိုင်များ တည်ဆောက်ပေးလာသဖြင့် အချို့သောနယ်မြေများအတွက် တယ်လီဖုန်း ဆက်သွယ်ရေး အဆင်ပြေချောမွေ့သော်လည်း အချို့သောနယ်မြေများတွင် ယခုအချိန်အထိ တယ်လီဖုန်းဖြင့် မည်သို့မျှ ဆက်သွယ်ရေးမရဖြစ်နေသဖြင့် လူမှုအခွင့်အရေးများ  စွန့်လွှတ် နေကြရပါကြောင်း၊ ရမ်းဗြဲမြို့နယ်(အနောက်ဘက်)ပိုင်းဒေသများဖြစ်သော ကျောက်ချောင်း တိုက်နယ် အောက်ပိုင်းဒေသများတွင် ဆက်သွယ်ရေးတာဝါတိုင်များကို တစ်ရွာနှင့်တစ်ရွာ နီးနီးနားနား တည်ဆောက်ပေးထားသဖြင့် တယ်လီဖုန်းဆက်သွယ်ရေး အဆင်ပြေချောမွေ့ သော်လည်း ကျောက်ချောင်းတိုက်နယ်အထက်ပိုင်းဒေသများဖြစ်သော လက်ပံပြင်ကျေးရွာအုပ်စု သုံးရွာနှင့်  ဆင်ခြေကျေးရွာအုပ်စုရှစ်ရွာ၊ သာစည်ပြင်အုပ်စု၊ ကန်တော့ပြင်ကျေးရွာအုပ်စုသုံးရွာနှင့် ချင်းအမျိုးသားများနေထိုင်ရာ ‌ထောက်ကြံ့တောကျေးရွာများမှ ပြည်သူလူထုများမှ တယ်လီဖုန်း ဆက်သွယ်ရေးလိုင်းမမိသဖြင့် လူမှုရေးအခက်အခဲများစွာ ကြုံတွေနေကြရပါကြောင်း၊ သို့ဖြစ်ပါ၍ ရမ်းဗြဲမြို့နယ် ကျောက်ချောင်းတိုက်နယ်ရှိ ပြည်သူလူထုဆက်သွယ်ရေးအဆင်ပြေစေရန်အတွက် ကန်တော့ပြင်ကျေးရွာနှင့် သာစည်ပြင်ကျေးရွာအကြားရှိ တန့်လန်းတောင်ပေါ်တွင် ဆက်သွယ်ရေး တာဝါတိုင်တစ်ခုတည်ဆောက်ပေးရန်အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် တည်ဆောက်ပေးပါမည်၊ အစီအစဉ်မရှိပါက မည်သည့်အကြောင်းကြောင့်ဖြစ်သည်ကို သိရှိလိုပါ သဖြင့် မေးခွန်းကို မေးမြန်းအပ်ပါသည်။