(ဃ)- ကနီမြို့နယ်ရှိ မုဋ္ဌော- ချိုင်- သရက်ပင်- မင်းမကျေးရွာချင်း ဆက်လမ်းအား လမ်းတာချဲ့နိုင်ရေးနှင့် လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2021-01-05

မုဋ္ဌော- ချိုင်- သရက်ပင်- မင်းမကျေးရွာချင်းဆက် လမ်းနှင့်ပတ်သက်ပြီး မေးမြန်းသွားမည်ဖြစ်ပါကြောင်း၊ ထိုလမ်းသည် ၁၃ မိုင်ခန့် ရှည်လျားပြီး ၎င်းဒေသတွင် ရှိသည့်ကျေးရွာများမှ အထူးအားထား သွားလာနေရသည့် လမ်းတစ်လမ်းဖြစ်ပြီး ကျေးရွာပေါင်း ၁၅ ရွာ၊ လူဦးရေပေါင်း ၁၅၀၀၀ ဦးခန့်ကို အကျိုးပြုနေသောလမ်းလည်း ဖြစ်ပါကြောင်း၊ ဤလမ်းကို ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ကျောက်ချောလမ်း နှစ်မိုင် ခင်းကျင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီး ကျန်အပိုင်းများတွင်လည်း တိုင်းဒေသကြီး ပိုလျှံရန်ပုံငွေ၊  ထောက်ပံ့ရန်ပုံငွေများဖြင့် ခင်းခြင်းများလုပ်ခဲ့သလို ကျေးရွာပြည်သူများမှလည်း ကိုယ်ထူကိုယ်ထ ခင်းကျင်းခြင်း၊ လမ်းပြုပြင်ခြင်းများပြုလုပ်ပြီး အသုံးပြုနေကြရသည့် လမ်းတစ်လမ်းဖြစ်ပါကြောင်း၊ မိမိတို့ ကနီမြို့နယ်တွင် ကျေးလက်လမ်းပေါင်း ၇၅ လမ်းရှိကာ  မိုင်ပေါင်း ၃၃၇ မိုင် ရှိသော်လည်း ပြည်ထောင်စုရန်ပုံငွေမှ ချထားဆောင်ရွက်ပေးမှုမှာ မရှိသလောက် အလွန်နည်းနေပါကြောင်း၊ ထိုလမ်းနှင့်ပတ်သက်ပြီး မုဋ္ဌော- ချိုင် -သရက်ပင်- မင်းမကျေးရွာချင်း ဆက်လမ်းအား လမ်းတာချဲ့နိုင်ရေးနှင့် လမ်းအဆင့်မြှင့်တင်ပေးနိုင်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။