(စ)- တောင်ကုတ်မြို့နယ်၊ ပန်းတင်းကျွန်းပေါ်ရှိ အရှေ့ဘက်-ပိန္နဲကိုင်း-ငမုန်းတိုင်း ကျေးရွာချင်းဆက် လမ်းအား မြေသားအမာခံလမ်းဖောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
တောင်ကုတ်မြို့နယ်သည် လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ရေလမ်းကြောင်းတစ်ခုတည်း ကိုသာ အားကိုးနေသည့် ပန်းထော်ကျွန်း-ပန်းတင်းကျွန်း-ဖောင်းကားကျွန်း-ကလားရောင်၊ ကလိန်တောင် စသဖြင့် ကျွန်းကြီးများရှိပါကြောင်း၊ အဆိုပါကျွန်းများအနက် ပန်းတင်းကျွန်းသည် အရှေ့ဘက်အုပ်စုနှင့် ငမောက် ချောင်းအုပ်စုဟူ၍ ကျေးရွာအုပ်စုနှစ်ခုရှိပြီး ကျေးရွာပေါင်း ၁၂ ရွာ၊ လူဦးရေ ၇၀၀၀ နီးပါး နေထိုင်လျက်ရှိပြီး တောင်ကုတ်မြို့မှ ရေလမ်းခရီးဖြင့် ၁၃ မိုင် ဝေးကွာပါ ကြောင်း၊ ပန်းတင်းကျွန်းပေါ်ရှိ အရှေ့ဘက်-ပိန္နဲကိုင်း-ငမုန်းတိုင်း ကျေးရွာချင်းဆက်လမ်းသည် ကျွန်းထဲက ကျေးရွာ သုံးရွာကို ဆက်သွယ်ထားပြီး လမ်းအရှည်မှာ နှစ်မိုင်ရှိပါကြောင်း၊ အိမ်ခြေ ၂၀၀ ကျော်၊ လူဦးရေ ၁၅၀၀ နီးပါးကို အကျိုးပြုသောလမ်းဖြစ်ပြီး ကလေးများ၏ ပညာရေး၊ ပြည်သူများ၏ ကျန်းမာရေး၊ ကုန်ထုတ်လမ်းလည်းဖြစ်သည့်အပြင် အင်မတန်မှအရေးပါသည့်လမ်း တစ်လမ်း ဖြစ်ပါကြောင်း၊ ယခင်က အဆိုပါလမ်းသည် ဆိုင်ကယ်ဘီး တစ်ကြောင်း စာသာရှိပြီး ကျေးရွာသူ ကျေးရွာသားများက ကိုယ်ထူကိုယ်ထဖောက်လုပ်ခဲ့ကြသည့်အတွက် ယခုအချိန်တွင် သုံးဘီး ဆိုင်ကယ်များ သွားရရုံ အဆင့်ရှိပြီးဖြစ်ပါကြောင်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းသားများ အနေဖြင့် ငမောက်ချောင်း အထက်တန်းကျောင်းမှ လာရောက်ပြီး ပညာသင်ကြားရသည် ဖြစ်သည့်အတွက် အဆိုပါလမ်းကို မဖြစ်မနေ အသုံးပြုရပါကြောင်း၊ ကျေးလက်ကျန်းမာရေးဌာန သည်လည်း အရှေ့ဘက်အုပ်စုတွင် ရှိသောကြောင့် ပြည်သူများ၏ ကျန်းမာရေးအတွက်လည်း အဆိုပါလမ်းကို အသုံးပြု သွားလာကြပါကြောင်း၊ အဆိုပါလမ်းပေါ်တွင် ပြည်သူထည့်ဝင်ငွေ သိန်း ၈၀ ကျော်၊ လွှတ်တော် ရန်ပုံငွေ ရှစ် သိန်းတို့ဖြင့် ၂၀၁၄ ခုနှစ်က ကိုယ်ထူကိုယ်ထတည်ဆောက်ခဲ့သော တံတားလေးတစ်စင်းလည်း ရှိပါကြောင်း၊ အခုချိန်မှာဆိုရင် ကိုယ်ထူကိုယ်ထ ဆည်တား တာပေါင် ပြုလုပ်ပြီး သွားလာကြနိုင်သော်လည်း ဒီရေကြီးချိန်နှင့် မိုးရာသီကာလများတွင် အခက်အခဲများ အများကြီးကြုံရပါကြောင်း၊ ထို့ပြင် အဆိုပါကျွန်းများတွင် ရှိသော ရွာများအနေဖြင့်လည်း ကျေးလက်နှင့် မြို့ပြကွာဟမှုကို လျော့နည်းစေမည့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းတွေဖြစ်ကြသော VDB စီမံကိန်း၊ Cash for word စီမံချက်၊ UNDP ဖွံ့ဖြိုးရေးလုပ်ငန်းစသဖြင့် စီမံကိန်းများ ရေးဆွဲ ရာတွင်လည်း ရေလမ်းကြောင်းဖြစ်ခြင်း၊ ပစ္စည်းသယ်ရခက်ခဲခြင်း စသည့် အကြောင်းပြချက်များဖြင့် သတ်မှတ်ချက်များနှင့် ကိုက်ညီခြင်း မရှိ၍ ဟူကာအမြဲတမ်း ကျန်ခဲ့ကြပါကြောင်း၊ ထို့ကြောင့် ကျေးရွာ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အမှန်တကယ် ပြည်သူများအကျိုးအတွက် မဖြစ်မနေ ဖောက်လုပ်ပေးနေရန် လိုအပ်နေသော လမ်းတစ်လမ်းဖြစ်ခြင်းကြောင့် ယခုလာမည့် ဘဏ္ဍာရေး နှစ်တွင် ဖောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။