(ခ)- အခြေခံပညာအထက်တန်းကျောင်းများတွင် ကျောင်းအုပ်ရာထူးလစ်လပ်ပါက အမြန်ဖြည့်ဆည်း နိုင်ရန်အတွက် မည်သို့သောမူဝါဒ၊ လုပ်ထုံးလုပ်နည်းများ ချမှတ်ပြင်ဆင်ထားသည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
ကျိုက္ခမီအခြေခံ ပညာအထက်တန်းကျောင်းတွင် ယခင်ကျောင်းအုပ်ဆရာကြီးသည် ၁၂-၁-၂၀၁၈ ရက်နေ့မှစ၍ အငြိမ်းစားယူရန် ခွင့်(၄)လခံစားသွားပါကြောင်း၊ ယခုမေးခွန်းမေးရန် စီစဉ်သည် အထိ လူအစားမဖြည့်နိုင်သည့်အတွက် ကျောင်းအုပ်ချုပ်ရေးပိုင်း မည်မျှလျော့ရိလျော့ရဲဖြစ်နေ သည်ကို ခန့်မှန်းနိုင်မည် ဖြစ်ပါကြောင်း၊ လစ်လပ်မှုကိုအတွက် သင်ကြားရေးပိုင်းမှ အင်္ဂလိပ်ဘာသာသင် အထက်တန်းပြဆရာမ ဒေါ်ခင်စန်းယုကို ယာယီတာဝန်ပေးထားသည့်အတွက် အုပ်ချုပ်ရေးက တစ်ဖက်၊ သင်ကြားမှုကတစ်ဖက်ကြောင့် သင်ကြားမှုပိုင်းအားနည်းနေပါကြောင်း၊ စက်စဲကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင်လည်း ၅-၅-၂၀၁၉ ရက်နေ့မှစ၍ ယခင်ကျောင်းအုပ် အငြိမ်းစားယူရန် ခွင့်လေးလ ခံစားသည်မှ ယခုအထိကို အစားမဖြည့်ပေးနိုင်သေးပါကြောင်း၊ ထပ်မံ၍ ပငရွာ အ.ထ.က၊ မုဒုံမြို့နယ်မှ အ.ထ.က(၁)၊ (၃)၊ ကမာဝက် အ.ထ.က တို့တွင် ကျောင်းအုပ်များ လစ်လပ်နေပါကြောင်း ၊ မြို့နယ်ပညာရေးမှူးရုံးနှင့် ပြည်နယ်ပညာရေး ဝန်ကြီးများ ထံ ပေါင်းစပ်ညှိနှိုင်းရာတွင် ဤအဆင့်ရာထူးခန့်ခြင်း၊ နေရာအစားထိုးခြင်းများကို အခြေခံပညာ ဦးစီးဌာနရုံးချုပ်၏လုပ်ပိုင်ခွင့်ဖြစ်ပါကြောင်း၊ တင်ပြထားပြီးဟုသာ ဖြေကြားမှု ရရှိခဲ့ပါကြောင်း၊ နောင်ယခုကဲ့သို့ မဖြစ်အောင် မည်သည့်မူဝါဒ၊ လုပ်ထုံးလုပ်နည်းများကို ကြိုတင် ပြင်ဆင်စီစဉ်ထားပြီး အခြေခံပညာအလယ်တန်းကျောင်း၊ အထက်တန်းကျောင်းများ တွင် ကျောင်းအုပ်ရာထူးလစ်လပ်ပါက မည်သည့်ခိုင်လုံသောအကြောင်းကြောင့် အမြန်ဖြည့်ဆည်းခြင်း မဆောင်ရွက်နိုင်ပါသနည်း၊ နောင်ထိုသို့မဖြစ်ရန် မည်သည့်မူဝါဒ၊ လုပ်ထုံးလုပ်နည်းများချမှတ် ပြင်ဆင်ထားသည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။