(ဂ)- မင်းဘူး(စကု)မြို့နယ်တွင် သင့်လျော်သော မြေနေရာ၌ အစိုးရစက်မှုလက်မှုသိပ္ပံ GTC ကျောင်း ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
မင်းဘူး(စကု)မြို့နယ်တွင် အစိုးရစက်မှုလက်မှုသိပ္ပံ GTI ကျောင်းဖွင့်လှစ်ပေးရန် ကိစ္စနှင့်ပတ်သက်ပြီး မေးမြန်းသွားမည်ဖြစ်ပါကြောင်း၊ မိမိတို့ မကွေးတိုင်းဒေသကြီး၊ မင်းဘူး (စကု)မြို့နယ်အပါအဝင် မကွေးတိုင်းဒေသကြီးတွင် မြို့နယ် ၂၅ မြို့နယ်နှင့် ဖွဲ့စည်းထားပြီး ခရိုင်မြို့(၅)ခုနှင့် ဖွဲ့စည်းထားခြင်း ဖြစ်ပါကြောင်း အခြားသောခရိုင်များတွင် မိမိတို့ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာရပ်ဖြစ်သည့် GTI၊ GTHS၊ GTC ကျောင်းများဖြစ်သော်လည်း မိမိတို့ မင်းဘူးခရိုင်တွင် တစ်ကျောင်းမှမရှိသေးပါကြောင်း၊ ထိုသို့ မင်းဘူးခရိုင်တွင် မရှိသည့်အတွက် မင်းဘူးခရိုင်အတွင်းတွင် ရှိသည့်ကျောင်းသူ/ကျောင်းသားများသည် GTI၊ GTHS၊ GTC ရှိသည့်တခြားခရိုင်များ၊ တခြားမြို့နယ်များကို သွားတတ်သည့် အတွက် အဆင်မပြေမှုများ၊ ကုန်ကျမှုများ၊ မလိုအပ်သည့် ပိုမိုကုန်ကျမှုများ များစွာရှိနေသည်ကို တွေ့ရပါကြောင်း၊ ထို့ကြောင့် မင်းဘူးမြို့သည် ခရိုင်မြို့ဖြစ်သည်နှင့်အညီ ခရိုင်အတွင်း ရှိသည့်မျိုးဆက်သစ် လူငယ်များအတွက် ပညာအခြေပြု လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လိုအပ်နေသည့် လူ့စွမ်းအားအရင်းအမြစ်များကို လေ့ကျင့်ပျိုးထောင်ရာတွင် များစွာအထောက်အကူ ဖြစ်စေရန်အတွက် မင်းဘူး(စကု)မြို့နယ်တွင် အစိုးရစက်မှုလက်မှုသိပ္ပံ GTI ကျောင်း ဖွင့်လှစ်ပေးရန် လိုအပ်လျက်ရှိနေပါကြောင်း၊ သို့ဖြစ်ပါ၍ မင်းဘူး(စကု)မြို့နယ်တွင် သင့်လျော်သောမြေနေရာ၌ အစိုးရစက်မှုလက်မှုသိပ္ပံ GTI ကျောင်းဖွင့်လှစ်ပေးပါရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့် ဘဏ္ဍာရေးနှစ်တွင် ဖွင့်လှစ် ပေးသွားမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။