(ဂ)-တန့်ယန်းမြို့နယ်ရှိမခီနူရွာ၊မက်ခံရွာ၊လွယ်လုံရွာ၊ဟိုဆော့ရွာ၊နားဆောင်ကျေးရွာများရှိတောင်ယာစိုက်ခင်းများ သိမ်းဆည်းခံရမှုအား သက်ဆိုင်ရာမှ မည်သို့ဖြေရှင်းဆောင်ရွက်ပေး နိုင်မည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

2021-01-05

(ဂ)-တန့်ယန်းမြို့နယ်၊ မန်ကတ်ကျေးရွာအုပ်စုအတွင်းရှိ မခီနူရွာ၊ မက်ခံရွာ၊ လွယ်လုံရွာ၊ ဟိုဆော့ရွာ၊ နားဆောင်ကျေးရွာများရှိ တောင်သူများဘိုးဘွားလက်ထက်မှစ၍ ဓါးမဦးချစိုက်ပျိုးလုပ်ကိုင်လာသော တောင်ယာစိုက်ခင်းများ သိမ်းဆည်းခံရမှုအား သက်ဆိုင်ရာမှ မည်သို့ဖြေရှင်းဆောင်ရွက်ပေး နိုင်မည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

တန့်ယန်းမြို့နယ်၊ မန်ကတ်ကျေးရွာအုပ်စုအတွင်း မခီနူရွာ၊ မက်ခံရွာ၊ လွယ်လုံရွာ၊ ဟိုဆော့ရွာ၊ နားဆောင် ကျေးရွာများရှိတောင်သူများ ဘိုးဘွားလက်ထက်မှစ၍ ဓါးမဦးချစိုက်ပျိုးလုပ်ကိုင်လာသော တောင်ယာစိုက်ခင်းများ သိမ်းဆည်းခံရမှုများအား သက်ဆိုင်ရာမှ မည်သို့ ဖြေရှင်းဆောင်ရွက်ပေးနိုင်မည်ကို မေးမြန်းသွားမည်ဖြစ်ပါကြောင်း၊ လားရှိုးခရိုင်၊ တန့်ယန်းမြို့နယ် မန်ကတ်ကျေးရွာအုပ်စုရှိ မခီနူရွာ၊ မက်ခံရွာ၊ လွယ်လုံရွာ၊ ဟိုဆော့ရွာ၊ နားဆောင်ကျေးရွာများရှိ တောင်ယာစိုက်ခင်းများအား ၎င်းတို့ဘိုးဘွားလက်ထက်မှစ၍ ဓါးမဦးချလုပ်ကိုင်လာခဲ့ရာ ၂၀၀၉ ခုနှစ်တွင် အမှတ်(၈)၊ တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်းအတွက် မြေဧက ၃,၀၀၀ကျော် သိမ်းဆည်းခဲ့ပြီး ဒေသခံများ စိုက်ပျိုးနေသော လယ်ယာမြေများကို ၂၀၁၈ ခုနှစ် မေလဆန်းတွင် ထပ်မံသိမ်းဆည်းကာ ရွာချင်းဆက်လမ်းကိုငုံ၍ နယ်နိမိတ်မှတ်တိုင်များ လာရောက်စိုက်ထူပြီး ရွာသားများ လမ်းဘေးဝဲယာတွင် တောင်ယာစိုက်ပျိုးခြင်းများ မပြုလုပ်ရန် အမိန့်စာထုတ်ကြားလာသဖြင့် ကူညီဆောင်ရွက်ပေးပါရန် ဒေသခံတောင်သူဦးကြီးများ ကိုယ်စား မခီနူရွာနေ ဦးစိုင်းဆန်ဘနှင့်

ဦးစိုင်းအုန်းပါ နှစ်ဦးမှတင်ပြလျောက်ထားခဲ့ပါကြောင်း၊ အထက်ပါကိစ္စနှင့်ပတ်သက်ပြီး ရည်ညွှန်းချက်ပါ ခရိုင်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီမှ ပြည်နယ်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ တောင်ကြီးမြို့သို့ စိစစ်တင်ပြရာတွင် အမှတ် (၈)၊ တပ်မတော်

တန်းမြင့် လေ့ကျင်းရေးကျောင်းမြေအဖြစ် ပြည်ထဲရေးဝန်ကြီးဌာနက အမိန့်ပြန်တမ်း ထုတ်ပြန်သတ်မှတ်ထားသည့် မြေဧရိယာ ၃,၁၄၄ဧကကို နယ်နိမိတ် သတ်မှတ်အသုံးပြုသင့်ကြောင်း နယ်နိမိတ်မှတ်တိုင် မှားယွင်းစိုက်ထူထားသောနေရာများအား ပြန်လည်တိုင်းထွာသင့်ကြောင်းနှင့် ပိုလျှံသည့်မြေဧရိယာ ၄၀၀ ဧကအား လက်ရှိလုပ်ကိုင်နေသူများအား စိစစ်ခွဲဝေချထားပေးသင့်ကြောင်း အကြံပြုတင်ပြခဲ့ပါကြောင်း၊ စိစစ်အကြံပြုတင်ပြခဲ့သည့် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက် နေ့မှစ၍ ယခု ၂၀၁၉ ခုနှစ်၊ ၂၀၂၀ ပြည့်နှစ် ရောက်လာခဲ့ပြီး မိုးတွင်းစိုက်ပျိုးရာသီ ကျော်လွန်ခဲ့ပြီ ဖြစ်သဖြင့် တောင်ယာစိုက်ပျိုးရေးကိုသာ အားထားလုပ်ကိုင်ရသည့် တောင်သူများ စိုက်ပျိုးမြေ အခက်အခဲနှင့် ကြုံတွေ့နေရပါကြောင်း၊ သို့ဖြစ်ပါ၍ ဘိုးဘွားလက်ထက်မှစ၍ ဓါးမဦးချလုပ်ကိုင်လာသော တောင်ယာစိုက်ခင်းများ၊ သိမ်းဆည်းခံရမှုများကြောင့် အခက်အခဲနှင့်တွေ့ကြုံနေရသည့် တောင်သူများအတွက် သက်ဆိုင်ရာမှမည်ကဲ့သို့ ဖြေရှင်းဆောင်ရွက်ပေးနိုင်မည်ကိုသိရှိလိုကြောင်း မေးမြန်းပါသည်။