(က)-မြဝတီမြို့နယ်၊ ရွှေကုက္ကိုတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC)က ခွင့်ပြုထားသည့် တရုတ် ရင်းနှီးမြှုပ်နှံမှုအခြေအနေကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

2021-01-05

ရွှေကုက္ကိုသည် မြဝတီမြို့မြောက်ဘက် ၁၅ မိုင်ခန့်အကွာ မြန်မာ-ထိုင်းနယ်စပ်မျဉ်းဖြစ်သော သောင်ရင်းမြစ်ကမ်းတွင် တည်ရှိသောရွာဖြစ်ပါကြောင်း၊ ရွာဟုဆိုသော်လည်း နယ်ခြားစောင့်တပ် (BGF) အခြေချသည့်နေရာဖြစ်သည့်အတွက် စနစ်တကျ အကွက်ချ တည်ဆောက်ထားသည်ဖြစ်ရာ မြို့သမျှစည်ကားပါကြောင်း၊ ရွှေကုက္ကိုသို့ မဲဆန္ဒရှင်လူထုနှင့် တွေ့ဆုံပွဲများလုပ်ခဲ့သော်လည်း ယခင်က တရုတ်ဆောက်လုပ်ရေး၊ တည်ဆောက်ရေးလုပ်ငန်းများကို မတွေ့ခဲ့ရပါကြောင်း၊ ၂၀၁၉ ခုနှစ်ရောက်မှ တည်ဆောက်ရေးလုပ်ငန်းများကို တွေ့ရှိရပါကြောင်း၊ မိမိတို့ ရွှေကုက္ကိုတွင် တရုတ် တည်ဆောက်ရေးလုပ်ငန်းနှင့်ပတ်သက်ပြီး သတင်းမီဒီယာများကဖော်ပြထားသော Website များ တွင် Chinese Crime Networks Partner with Myanmar Arm Group by Jason Tower & Priscilla A.Clapp ရေးသားသည့်ဆောင်းပါးကို ဧရာဝတီသတင်းတွင် ဘာသာပြန်ဖော်ပြ ထားသည်ကိုလည်း တွေ့ရပါကြောင်း၊ ဘာတေးလစ်တနာ၏ A Chinatown Mysteriously Emerges in backwoods Myanmar ၎င်းကိုလည်း The Voice သတင်းစာတွင် ဘာသာပြန်ဖော်ပြထားသည်ကို တွေ့ရပါကြောင်း၊ ကရင်ပြည်နယ်ထဲက ရွှေကုက္ကိုအိမ်ရာစီမံကိန်းကို MIC ကခွင့်ပြုသည့်အကြောင်းကို ဘီဘီစီမြန်မာသတင်းတွင် ဖော်ပြသည်ကို တွေ့ရပါကြောင်း၊ ရွှေကုက္ကို လျှို့ဝှက်တရုတ်မြို့တော်ဆိုပြီး မဇ္ဈိမသတင်းဌာနတွင်လည်း ဆောင်းပါးရှင်ဦးဘတင်က ဖော်ပြထားသည်ကိုလည်း တွေ့ရပါကြောင်း၊ မြဝတီခရိုင်၊ မြဝတီမြို့နယ် အရှေ့ဘက်တွင် ထိုင်းနိုင်ငံ၊ သောင်ရင်းမြစ်က နယ်ခြားမြစ်အဖြစ် ပိုင်းခြားထားသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ မြဝတီမှ ရွှေကုက္ကိုကို မြစ်ကြောင်းတစ်လျှောက်သွားနိုင်ကြောင်း၊ အနောက်ဘက်တွင် သင်္ကန်းညီနောင်-ဝှေ့ရှမ်း၊ မဲပလဲ၊ ထီးချားရားမှ ရွှေကုက္ကိုကိုသွားနိုင်သည့်လမ်း ဖြစ်ပါကြောင်း၊ ရွှေကုက္ကိုမှ သဲပုံ-ထီးချားရားကွန်ကရစ်လမ်းမကြီး ဖောက်လုပ်ပြီးစီးပြီ ဖြစ်ပါကြောင်း၊ သဲပုံရွာ ဝမ်ခဟောင်း နဒီလင်းမြိုင်ရွာကို ကျောက်ချောလမ်းဖောက်လုပ်ပြီးစီးနေပြီ ဖြစ်ပါ‌ကြောင်း၊ နဒီလင်းမြိုင်ရွာမှ မြဝတီမြို့ ရပ်ကွက်(၆)၊ ရပ်ကွက်(၇) ကျောက်ချောလမ်း ဖောက်လုပ်ပြီးစီးနေပြီ ဖြစ်ပါကြောင်း၊ မိမိတို့ မြဝတီရောက်ရန် မဲပလဲချောင်းကူးတံတားပြီးပါက မြဝတီမှ ရွှေကုက္ကိုကို နာရီပိုင်းအတွင်း ရောက်နိုင်မည် ဖြစ်ပါကြောင်း၊

၃-၆-၂၀၁၉ ရက်နေ့ BBC News Website တွင် ရွှေကုက္ကိုအိမ်ရာစီမံကိန်းကို မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှုကော်မရှင်(MIC)က ခွင့်ပြုထားကြောင်းဖော်ပြသည်ကိုတွေ့ရမှသာ စီမံကိန်းအကြောင်းကို စတင်သိရှိရပါကြောင်း၊ (၁၃) ကြိမ်မြောက် လွှတ်တော်အစည်းအဝေးအပြီး လူထုတွေ့ဆုံပွဲတွင် တရုတ်တည်ဆောက်ရေးလုပ်ငန်းများနှင့် ၎င်းတို့၏စိုးရိမ်မှုများကို မဲဆန္ဒရှင်ပြည်သူများက တင်ပြ လာပါကြောင်း၊ မြဝတီမြို့တွင်လည်း တရုတ်နှင့် ပြဿနာအချို့ရှိသည်ကို တွေ့ရပါကြောင်း၊ သတင်းမီဒီယာများတွင် ရေးသားဖော်ပြမှုများက စီမံကိန်းလုပ်ငန်းများသည် အလွန်ကြီးမား များပြားသည်ကို တွေ့ရပါကြောင်း၊ သို့ပါ၍ မြဝတီမြို့နယ် ရွှေကုက္ကိုတွင် တရုတ်ရင်းနှီးမြှုပ်နှံမှုကို MIC ကခွင့်ပြုထားမှု အသေးစိတ်အခြေအနေကို သိရှိလိုကြောင်း မေးမြန်းပါသည်။