(ဆ)-သစ်တောဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများအား ဌာန၏ တရားဝင်လူမှုကွန်ရက်စာမျက်နှာ (Facebook Page)မှတစ်ဆင့် တစ်မြို့နယ်ချင်းစီ ပွင့်လင်းမြင်သာစွာ အသိပေးဖော်ပြသွားရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2021-01-05

သစ်တောဦးစီးဌာန၏ တရားဝင်လူမှုကွန်ရက်စာမျက်နှာ(Facebook Page)များကို မြို့နယ် တစ်မြို့နယ်ချင်းစီအလိုက် သီးခြားစီခွဲခြားဆောင်ရွက်စေပြီး ဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များကို ပြည်သူများသို့ အသိပေးသွားမည်ဆိုပါက နိုင်ငံတော်ကစီမံချမှတ်ဆောင်ရွက်နေသော မြန်မာနိုင်ငံ သစ်တောများ ပြန်လည်ထူထောင်ရေးစီမံကိန်းကို ဆောင်ရွက်လျက်ရှိရာ မိမိမြို့နယ်အတွင်း သက်ဆိုင်ရာ ဘဏ္ဍာရေးနှစ်အလိုက် စိုက်ပျိုးသောစိုက်ခင်းများ၊ အသုံးပြုဘဏ္ဍာရန်ပုံငွေ၊ ‌အောင်မြင် ဖြစ်ထွန်းမှုရှိ/မရှိစသည်များကို အများပြည်သူတို့အနေဖြင့် အလွယ်တကူလေ့လာသိရှိနိုင်ခြင်း၊ အောင်မြင်ဖြစ်ထွန်းသည့်စိုက်ခင်းများကို အတုယူစိုက်ပျိုးလုပ်ကိုင်လာနိုင်ခြင်း၊ သစ်ဖမ်းဆီးရရှိမှု အခြေအနေများကို တစ်မြို့နယ်ချင်းစီအလိုက် ထင်ရှားကွဲပြားစွာသိရှိနိုင်ခြင်း၊ သတင်းပေးတိုင်ကြား မှုများ ပိုမိုများပြားလာနိုင်ခြင်း၊ မြို့နယ်အတွင်း သစ်ခိုးထုတ်မှုများရှိသော်လည်း ဖမ်းဆီးမှုနည်းပါးပါ က သက်ဆိုင်ရာမြို့နယ်သစ်တောဦးစီးဌာန၏ စွမ်းဆောင်ရည်ကို အကဲဖြတ်သုံးသပ်နိုင်ခြင်း၊ လူထုသို့ ဖြန့်ဝေသောပျိုးပင်များ နှစ်စဉ်ဖြန့်ဝေနိုင်မှုအခြေအနေများကိုလည်း ပြည်သူများကောင်းစွာ သိရှိနိုင်ခြင်း၊ ပိုမိုစနစ်ကျစွာဆောင်ရွက်နိုင်စေလိုခြင်း၊ အခမဲ့ဖြန့်ဝေတဲ့ပျိုးပင်များကို အခကြေးငွေ ရယူ ဆောင်ရွက်မှုများမဖြစ်စေလိုခြင်း၊ ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တော ဖွဲ့စည်းမှုအခြေ အနေများ ကို ပြည်သူများအား တင်ပြပေးခြင်းအားဖြင့် စိုက်ပျိုးမြေချဲ့ထွင်မှုများ၊ မြေအသုံးချမှု ပုံစံ မှားယွင်းမှုများ၊  ပုံစံခွန်မှားယွင်းထုတ်ပေးမှုများ စသည့်မလိုလားအပ်သည့်ကိစ္စရပ်များ လျော့နည်း သွားစေနိုင်ခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိခံစားနိုင်မည်ဖြစ်ပါကြောင်း၊ သို့ပါ၍ သစ်တော ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ သတင်းအချက်အလက်များကို ဌာန၏ တရားဝင်လူမှု ကွန်ရက်စာမျက်နှာ (Facebook Page)တွင် ဖော်ပြပေးနေရုံသာမက တစ်မြို့နယ်ချင်းစီအလိုက် သီးခြားစီခွဲခြား ‌ဆောင်ရွက်ပြီး ပြည်သူလူထုအား ပွင့်လင်းမြင်သာစွာ ချပြဆောင်ရွက်သွား စေလိုကြောင်း၊ ထို့ကြောင့် သစ်တောဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများအား ဌာန၏ တရားဝင် လူမှုကွန်ရက်စာမျက်နှာ (Facebook Page)မှတစ်ဆင့် တစ်မြို့နယ်ချင်းစီ ပွင့်လင်းမြင်သာစွာ အသိပေးဖော်ပြသွားရန် အစီအစဉ်ရှိ/မရှိသိရှိလိုပါကြောင်း မေးမြန်းပါသည်။