(င)-ဒေသခံပြည်သူများအနေဖြင့်ဓာတ်သတ္တုကဏ္ဍ၌အသေးစားနှင့် လက်လုပ်လက်စားထုတ်လုပ်ခြင်းအတွက် ခွင့်ပြုမိန့်လျှောက်ထားရာတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ လွယ်ကူအဆင်ပြေစေရန် မည်သို့စီမံဆောင်ရွက်ပေးမည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

2021-01-05

ဓာတ်သတ္တုကဏ္ဍ၌ အသေးစားနှင့် လက်လုပ်လက်စား ထုတ်လုပ်ခြင်းအတွက် ဒေသခံပြည်သူများအနေဖြင့် ခွင့်ပြုမိန့်လျှောက်ထားရာတွင် ကြန့်ကြာမှုမရှိဘဲ လွယ်ကူအဆင်ပြေစွာ ဆောင်ရွက်နိုင်ရန် သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနအနေဖြင့် မည်သို့ စီမံဆောင်ရွက် ပေးမည်ကို သိရှိလို၍ မေးမြန်းထားခြင်းဖြစ်ပါကြောင်း၊ မြန်မာ့သတ္တုတွင်းဥပဒေကို တပ်မတော် အစိုးရလက်ထက် ၁၉၉၄ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် မြန်မာ့သတ္တုတွင်းဥပဒေကို ပြင်ဆင်သည့် ဥပဒေဟူ၍ ပြင်ဆင်ပြဋ္ဌာန်းခဲ့ပါကြောင်း၊ ၂၀၁၈ ခုနှစ်၌ မြန်မာ့သတ္တုတွင်းနည်း ဥပဒေကို ထုတ်ပြန်ခဲ့ပါကြောင်း၊ မြန်မာ့သတ္တုတွင်းဥပဒေကို ပြင်ဆင်သည့်ဥပဒေ ပုဒ်မ ၁၀ တွင် ဓာတ်သတ္တု အသေးစားနှင့် လက်လုပ်လက်စားလုပ်ကိုင်ခွင့် လျှောက်ထားမှုများကို ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ထားသော သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ် လုပ်ကွက်စိစစ်ချထားရေးအဖွဲ့သည် လျှောက်ထားချက်ကိုစိစစ်ပြီး ဝန်ကြီးဌာနနှင့် ညှိနှိုင်း သဘောထားရယူ၍ ခွင့်ပြုမိန့်ကိုထုတ်ပေးနိုင်သည်ဟု ပြဋ္ဌာန်းထားပါကြောင်း၊ အဆိုပါ ပြဋ္ဌာန်းချက် အရ ဒေသခံပြည်သူများအနေဖြင့် ဓာတ်သတ္တု အသေးစားနှင့်လက်လုပ်လက်စား လုပ်ကိုင်ခွင့်ကို လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်ခွင့်ရရှိပါက ဒေသဖွံ့ဖြိုးတိုးတက်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်း ပေါများခြင်း၊ တရားမဝင် ဓာတ်သတ္တုတူးဖော်မှုများ လျော့နည်းပပျောက်သွားနိုင်ခြင်း၊ ဒေသခံပြည်သူတို့၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ခြင်း၊ တိုင်းဒေသကြီး/ ပြည်နယ်များအတွက် ဓာတ်သတ္တုအခွန်အခများ ရရှိလာနိုင်ခြင်း စသည့် အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းလာမည်ဖြစ်ပါ ကြောင်း၊

မြန်မာ့သတ္တုတွင်းဥပဒေကို ပြင်ဆင်သည့်ဥပဒေကို ကြည့်မည်ဆိုပါက ဓာတ်သတ္တုကဏ္ဍတွင် ဗဟိုချုပ်ကိုင်မှု လျှော့ချထားသည်ကို တွေ့ရမည်ဖြစ်သော်လည်း ဆက်စပ်နေသည့် အခြားကဏ္ဍများ တွင် ဖြေလျှော့ပေးနိုင်မှသာ ဒေသအတွက် ကောင်းကျိုးရရှိလာနိုင်မည် ဖြစ်ပါကြောင်း၊ ဥပမာအား ဖြင့် ဓာတ်သတ္တုတူးဖော်ထုတ်လုပ်ရန် မြေအသုံးပြုခွင့် လျှောက်ထားရာတွင် လျှောက်ထားသော မြေသည် သစ်တောကြိုးဝိုင်းဧရိယာတွင် ကျရောက်နေပါက ဝန်ကြီးဌာန၏ ခွင့်ပြုချက်ရယူရာ၌ ကြန့်ကြာမှုရှိနေခြင်းများ ကြုံတွေ့ရပါကြောင်း၊ သစ်တောမြေမှ လွတ်ကင်းသော်လည်း မြေလွတ်၊ မြေလတ်နှင့် မြေရိုင်းအတွင်း ကျရောက်နေခြင်းကြောင့် မြေလွတ်၊ မြေလတ်နှင့် မြေရိုင်းများ စီမံ ခန့်ခွဲရေးဗဟိုကော်မတီသို့ မြေအသုံးပြုခွင့် လျှောက်ထားရပြီး ခွင့်ပြုချက်ရရှိမှသာ ဆောင်ရွက်ခွင့် ရှိ၍ ကြန့်ကြာမှုများ ထပ်မံကြုံတွေ့ရပါကြောင်း၊ အသေးစားနှင့် လက်လုပ်လက်စားလုပ်ကိုင်ခွင့် လျှောက်လွှာများကို ၂၀၁၉ခုနှစ် နှစ်ဆန်းပိုင်းမှ စတင်လက်ခံခဲ့ရာ သည်မေးခွန်းကို တင်လိုက်သည့် ၂၀၁၉ခုနှစ်၊ နိုဝင်ဘာလအထိဆိုရင် မိမိတို့တစ်ကွက်မှ ခွင့်ပြုမိန့်မရရှိသေးသည်ကို တွေ့ရပါကြောင်း၊ သပိတ်ကျင်းမြို့နယ်အတွင်း အသေးစားလုပ်ကွက် ၂၈ ကွက်၊ လက်လုပ်လက်စားလုပ်ကွက် ၂၄ ကွက် လျှောက်ထားပြီးဖြစ်သည်ဟု သိရပါကြောင်း၊ လက်ရှိအချိန်ထိ အသေးစားလုပ်ကွက် နှစ်ကွက် နှင့် လက်လုပ်လက်စားလုပ်ကွက် လေးကွက်သာ ခွင့်ပြုမိန့်ရရှိသေးပါကြောင်း၊

နိုင်ငံတော်အနေဖြင့် ပြည်တွင်းပြည်ပ ရင်းနှီးမြှပ်နှံမှုများကို ဖိတ်ခေါ်လျက်ရှိရာ Ease of doing business စီးပွားရေးလုပ်ငန်းများ လွယ်ကူစွာ လုပ်ကိုင်နိုင်မှုအညွှန်းကိန်းများ ရမှတ်မြင့်မားရေး အတွက် ကြိုးစားဆောင်ရွက်နေသည်ကို တွေ့ရပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် စီမံခန့်ခွဲခွင့်ရှိသော အသေးစားနှင့်လက်လုပ်လက်စား လျာထားဧရိယာများသည် ပြည်ထောင်စုအစိုးရအဖွဲ့၏သဘောတူညီချက်ဖြင့် ထုတ်ပြန်ထားခြင်းဖြစ်သောကြောင့် အဆိုပါ လျာထားဧရိယာများအတွင်း လျှောက်ထားလာသော လုပ်ကွက်များအား သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် လုပ်ကွက် စိစစ်ချထားရေးအဖွဲ့တွင် ပါဝင်သော သစ်တောဦးစီးဌာန၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းဦးစီးဌာနတို့မှ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ခွင့်ပြုမိန့် ထုတ်ပေးနိုင်ပါက လွယ်ကူလျင်မြန်သော လုပ်ငန်းဆောင်ရွက်မှုဖြစ်ပြီး အထက်တွင် ဖော်ပြခဲ့သည့် ကောင်းကျိုးများကို ရရှိလာနိုင်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဓာတ်သတ္တုကဏ္ဍ၌ အသေးစားနှင့် လက်လုပ်လက်စား ထုတ်လုပ်ခြင်းအတွက် ဒေသခံပြည်သူများအနေဖြင့် ခွင့်ပြုမိန့်လျှောက်ထားရာတွင် ကြန့်ကြာမှုမရှိဘဲ လွယ်ကူအဆင်ပြေစွာ ဆောင်ရွက်နိုင်ရန် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့် မည်သို့ စီမံဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုကြောင်းမေးမြန်းပါသည်။