(ဃ)-စေတုတ္တရာမြို့နယ်၊ ကံကျေးရွာမှ ချင်းတိုင်းရင်းသား အိမ်ခြေ ၃၂ အိမ်နှင့် နှစ်ရှည်သီးနှံ စိုက်ခင်းများသည် ကပစ(၂၀) တပ်သိမ်းမြေတွင် ပါဝင်ခဲ့သည့်အတွက် မည်ကဲ့သို့ တာဝန်ယူ ဆောင်ရွက်ပေးမည်ကို သိလိုခြင်း နှင့်စပ်လျဉ်းသည့်မေးခွန်း
မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်အောင်လွင်မှ ကပစ(၂၀) တပ်သိမ်းမြေတွင် ပါဝင်ခဲ့သဖြင့် ရွာလုံးကျွတ် ပြောင်းရွှေ့ခဲ့ရပြီး ကျေးရွာတစ်ရွာလုံး ပျက်သွားခဲ့သည့် ကံကျေးရွာနှင့် ပတ်သက်ပြီး မေးခွန်းမေးမြန်းသွားမည် ဖြစ်ပါကြောင်း၊ ကံကျေးရွာသည် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် မထိမ်း ကျေးရွာအုပ်စုတွင် ပါဝင်သည့် စေတုတ္တရာမြို့၏ အနောက်ဘက် ကိုးမိုင်ခန့် အကွာ ရခိုင်ရိုးမ တောင်တန်းပေါ်တွင် ရှိသည့် ချင်းတိုင်းရင်းသား ကျေးရွာဖြစ်ကြောင်း၊ နယ်ချဲ့ ကိုလိုနီခေတ်တွင် တရားဝင် ကျေးရွာအုပ်စုအဖြစ် ရှိခဲ့ပြီး ကံကျေးရွာအုပ်စုမှာ ကံရွာ၊ သနောက်ရွာ၊ ကြိုးတွင်းရွာ ရွာသုံးရွာ ပါဝင်ခဲ့ပါကြောင်း၊ အင်္ဂလိပ်ခေတ်မှ လွတ်လပ်ရေး ရပြီးခေတ်အထိ ကံရွာသူကြီး ဦးနီက အုပ်ချုပ်ခဲ့ပြီး သူကြီးဦးအောင်လှ၊ သူကြီးဦးဘိုလေးတို့ အဆက်ဆက် အုပ်ချုပ်ခဲ့ပါကြောင်း၊ ၁၉၆၀-၁၉၇၀ ခုနှစ်ခန့်တွင် ကွန်မြူနစ် သောင်းကျန်းသူများကြောင့် ရွာပျက်သွားခဲ့ရပါကြောင်း၊ ၁၉၈၂ ခုနှစ်တွင် စေတုတ္တရာမြို့နယ် ပါတီကောင်စီ တာဝန်ရှိသူများက ကံကျေးရွာကို ပြန်လည်တည်ပေးခဲ့ပြီး မထိမ်းကျေးရွာအုပ်စုတွင် ထည့်သွင်းခဲ့ပါကြောင်း၊ ကော်ဖီစိုက်ခင်း၊ ကဗ္ဗလာစိုက်ခင်း၊ ငရုပ်ကောင်းစိုက်ခင်း၊ ရှောက်၊ သံပုရာ၊ နာနတ်၊ ပိန္နဲစိုက်ခင်းများ ပါတီကောင်စီမှ ပံ့ပိုး စိုက်ပျိုးပေးခဲ့ပါကြောင်း၊ ကံကျေးရွာသည် ကြိုးဝိုင်းအတွင်းတွင် လုံးဝမပါသည့်အပြင် ဆီမီးကြိုးဝိုင်း၏ မြောက်ဘက်နှင့် ပလောင်းကြိုးဝိုင်း၏ တောင်ဘက်တွင် တည်ရှိပါကြောင်း၊ ၁၉၈၅ ခုနှစ်မှစတင်ပြီး ကိုယ်ထူကိုယ်ထ မူလတန်းကျောင်းကို ဆရာငှားရမ်း ဖွင့်လှစ်ခဲ့ကြောင်း၊ ၂၀၀၄ ခုနှစ်တွင် ကံကျေးရွာ အခြေခံပညာ မူလတန်းကျောင်း Sanction ကျခဲ့ပြီး၂၀၀၄ ခုနှစ်တွင် ရွာပျက်သွားသည့် ၂၀၁၂ ခုနှစ်အထိ ကျောင်းအုပ်ဆရာမ ဒေါ်မူယာဝင်းနှင့် လက်ထောက်ဆရာမ ဒေါ်ယဉ်ယဉ်မြင့်တို့၏ နောက်တွင် ဒေါ်သန္တာမြင့်တို့ တာဝန်ထမ်းဆောင်ခဲ့ကြပါကြောင်း၊ ကံကျေးရွာ ဘုန်းတော်ကြီးကျောင်း ဆရာတော် ဦးသဒ္ဓမ္မသည် ကပစ (၂၀) တပ်မိသားစုများမှ ဘုရားထီးတင်ခြင်း၊ ကထိန်သင်္ဃန်း ကပ်လှူခြင်းများကို ပြုလုပ်ခဲ့ကြပါကြောင်း၊ ကပစ(၂၀) စတင် တည်ဆောက်ရန် ကံကျေးရွာသားများသည် ရဟတ်ယာဉ်ကွင်းဖောက်လုပ် လုပ်အားပေးခြင်း၊ ရှင်းလင်းဆောင် ဆောက်လုပ် လုပ်အားပေးခြင်း၊ သဲ၊ ကျောက်၊ သက္ကယ်များ အခမဲ့ပို့ ပေးခြင်း စသဖြင့် တာဝန် ကျေပွန်ခဲ့ကြပါကြောင်း၊ ၂၀၀၈ ခုနှစ်တွင် ကပစ(၂၀) တပ်သိမ်းဧရိယာ ၆၀,၀၀၀ ဧကနှင့် မလွတ်သည့်အတွက် ကံကျေးရွာကို အတင်း ပြောင်းရွှေ့စေခဲ့သည့်အတွက် ရှစ်မိုင်ခန့် ဝေးသည့် ခိုဝင်ကျေးရွာ အနောက်တောင်ဘက်၊ ဒဟတ်ကုန်းကို ပြောင်းရွှေ့ခဲ့ကြရပါကြောင်း၊ ဆန်စပါးများ၊ အိမ်ထောင် ပရိဘောဂများ၊ အိုးခွက်ပန်းကန်များ၊ အိမ်များကိုပါ ဖျက်ပြီး လူများသည် လူတန်းများဖြင့်၊ ခေါင်းရွက်များဖြင့်၊ ထောင်ပိုများဖြင့် သယ်ယူပြီး ခက်ခဲစွာ ပြောင်းရွှေ့ ကြရပါကြောင်း၊ ဒဟတ်ကုန်းနေရာကို မိမိတို့ ကိုယ်တိုင် ရွေးချယ်၊ မိမိတို့ကိုယ်တိုင် နေရာရှင်းလင်းတဲထိုးပြီး ဆင်းရဲပင်ပန်းစွာနေခဲ့ကြရပါကြောင်း၊ ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းနှင့် မသယ်နိုင်သည့် အိမ်များသည် တောမီးလောင်ကျွမ်း ပျက်စီးဆုံးရှုံးခဲ့ကြရပါကြောင်း၊ ပံ့ပိုးမှုအနေဖြင့် ပြောင်းရွှေ့ပြီး တစ်လ၊ နှစ်လအကြာတွင် ရွာအဝင်လမ်း တစ်ခုတည်းသော ရွာလယ်နှင့် စာသင်ကျောင်းဝိုင်း နေရာကို စက်ကြီးဖြင့် အကြမ်းထိုးပေးခြင်းသာ ရှိခဲ့ဖူးပါကြောင်း၊ ရွာသစ်တွင် နှစ်နှစ်၊ သုံးနှစ် ပင်ပန်းဆင်းရဲစွာ နေထိုင်ပြီး လုပ်ကိုင် စားသောက်စရာ မြေက မရှိ အဘက်ဘက်မှ ခက်ခဲဆင်းရဲလှသည့် အတွက် ရွာပျက်သွားပြီး နီးစပ်ရာ ကျေးရွာများကို တကွဲတပြား ရွှေ့ပြောင်းသွားကြရပါကြောင်း၊ ထို့ကြောင့် ကံကျေးရွာသည် သစ်တောကြိုးဝိုင်းတွင် ပါဝင်ခဲ့ခြင်း မရှိကြောင်း၊ စေတုတ္တရာမြို့နယ် ပါတီကောင်စီက ရွာတည်ထားခဲ့သည့် နှစ်ရှည် သီးနှံခင်းများ ပံ့ပိုးပေးခဲ့သည့် အခြေခံပညာ မူလတန်းကျောင်းရှိခဲ့သည့် ရွာပုန်း မဟုတ်ခဲ့သည့် ရွာဖြစ်ကြောင်း၊ ၂၀၀၈ ခုနှစ် ပြောင်းရွှေ့ချိန်မှ ယနေ့အထိ အဆောက် အအုံ အတွက် ဖြစ်စေ၊ သီးနှံစိုက်ခင်းများအတွက် ဖြစ်စေ မည်သည့် ပြောင်းရွှေ့စရိတ်၊ မည်သည့်နစ်နာကြေး၊ ဂရုဏာကြေး အစားထိုး မြေယာမျှ မရခဲ့ဖူးကြောင်း၊ စေတုတ္တရာမြို့နယ်၊ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေးကော်မတီ၏ ၃-၉-၂၀၁၈ ရက်နေ့ ဆုံးဖြတ်အကြံပြု တင်ပြချက်အရ နစ်နာကြေး၊ လျော်ကြေး၊ အစားထိုးမြေယာ လုံးဝ မရရှိခဲ့သည့်အတွက် ပြောင်းရွှေ့စရိတ် တစ်အိမ်ထောင်လျှင် ၁၅ သိန်းနှုန်း ဂရုဏာကြေးအဖြစ် ပေးသင့်ကြောင်း ဆုံးဖြတ်ခဲ့သည်ကို တွေ့ရှိခဲ့ရပါကြောင်း၊ ထို့ကြောင့် တိုင်းရင်းသား ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ပေးနေသည့် ပြည်သူချစ်သည့် တပ်မတော်မှ ကံကျေးရွာသားများအပေါ်တွင် စာနာထောက်ထားသော အားဖြင့် ကျေးရွာပျက်သွားပြီး ယခုတိုင် အခက်အခဲများ ကြုံတွေ့နေကြရသည့်၊ ရိုးသားလှသည့် ချင်းတိုင်းရင်းသား ကံကျေးရွာသူ ကျေးရွာသားများအတွက် ဥပဒေနှင့်အညီ ပြောင်းရွှေ့စရိတ်၊ ဂရုဏာကြေး၊ နစ်နာကြေး ထောက်ပံ့ပေးပါရန် ကျေးရွာသူ ကျေးရွာသားများ ကိုယ်စား မေးမြန်းပါသည်။