(က)-မိဘမဲ့နှင့်စွန့်ပစ်ခံကလေးသူငယ်များအတွက်ဂေဟာများကိုဥပဒေနှင့်အညီဖွဲ့စည်းတည်ထောင် ရေး၊စာရင်းသွင်းထိန်းသိမ်းနိုင်ရေးနှင့်ကလေးသူငယ်များအပေါ်အမြတ်ထုတ်ဆောင်ရွက်နေမှုများကိုစစ်ဆေးဖော်ထုတ်အရေးယူဆောင်ရွက်နိုင်ခြင်းရှိ/မရှိသိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

2021-01-05

(က)-မိဘမဲ့နှင့်စွန့်ပစ်ခံကလေးသူငယ်များအတွက် ဖွင့်လှစ်တည်ထောင်ထားသောဂေဟာများကိုဥပဒေနှင့်အညီစနစ်တကျ ဖွဲ့စည်းတည်ထောင်နိုင်ရေး၊ ပြုစုထိန်းသိမ်းထားသောကလေးသူငယ်များကို စနစ်တကျမှတ်တမ်းစာရင်းသွင်းထိန်းသိမ်းနိုင်ရေးနှင့် မွေးစာရင်းထုတ်ပေးနိုင်အောင် ဆောင်ရွက်ပေးနိုင်မှု၊ ဂေဟာများတွင်ရှိသော ကလေးသူငယ်များပညာသင်ကြားမှု၊ ဘဝရပ်တည်နိုင်ရေးကူညီ ဆောင်ရွက်ပေးနိုင်မှု၊ ဂေဟာကို အကြောင်းပြပြီး ကလေးသူငယ်များအပေါ် အမြတ်ထုတ်ဆောင်ရွက် နေမှုများရှိ/မရှိကို စစ်ဆေးဖော်ထုတ်အရေးယူဆောင်ရွက်နိုင်ခြင်းရှိ/မရှိ သိလိုခြင်းနှင့်စပ်လျဉ်း သည့်မေးခွန်း

ကလေးသူငယ်များနှင့်ပတ်သက် ၁၉၉၃ ခုနှစ်တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ်(၉/၁၉၉၃) ပြဋ္ဌာန်းခဲ့ပြီး ဥပဒေတွင် အခန်း(၁၉)ခန်းနှင့် ဥပဒေပုဒ်မ ၇၅ ခု ပါဝင်ပါကြောင်း၊ ၂၀၁၇ ခုနှစ်တွင် ခေတ်ကာလနှင့် ညီစေရန် ကလေးသူငယ်ဥပဒေကြမ်းကို အခန်းပေါင်း(၃၀)နှင့် ဥပဒေပုဒ်မ ၁၁၇ ခု ပြင်ဆင်ရေးဆွဲ ခဲ့ပါကြောင်း၊ ကလေးသူငယ်များနှင့် ပတ်သက်၍ ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ မိဘရင်ခွင် အောက်တွင်နေထိုင်ရသည့် ကလေးသူငယ်များသည် မိဘမေတ္တာနှင့်နွေးထွေးမှုကို ရနိုင်ကြသော်လည်း သဘာဝဘေး၊ လက်နက်ကိုင်ပဋိပက္ခနှင့် မိဘများသေဆုံးကုန်ပြီးဖြစ်သည့် ဆွေမဲ့မျိုးမဲ့များအနေနှင့် အကြောင်း အမျိုးမျိုးကြောင့် စွန့်ပစ်ခံရသည့်ကလေးသူငယ်များအတွက် ဘဝအသက် ရှင်သန်နိုင်ရေး၊ ဘဝရပ်တည်နိုင်ရေး၊ဘဝအာမခံချက်ရှိရေးနှင့်လူ့အခွင့်အရေးအပြည့်အဝရရှိနိုင်ရန်အရမ်းခက်ခဲပါကြောင်း၊ ထိုကဲ့သို့အခြေအနေများတွင် နိုင်ငံတော်အနေဖြင့် ၎င်းကလေးသူငယ် အားလုံးကို ပြုစုထိန်းသိမ်းစောင့်ရှောက်နိုင်ရန် မလွယ်ပါကြောင်း၊ နိုင်ငံတော်က တည်ထောင်ထားသည့် ကလေးပြုစု ထိန်းသိမ်းရေးဂေဟာများ၊ သင်တန်းကျောင်းများရှိသလို လူမှုရေးအသင်းအဖွဲ့များ၊ ဘာသာရေး အသင်းအဖွဲ့များနှင့် ဘာသာရေးဆိုင်ရာပုဂ္ဂိုလ်များကလည်း နိုင်ငံအနှံ့ကလေး သူငယ်ပြုစုထိန်းသိမ်း ရေးဂေဟာများ ဖွင့်လှစ်ပြီး ကလေးသူငယ်များကို လက်ခံထိန်းသိမ်း ကူညီစောင့်ရှောက်ပေးနေပါကြောင်း၊ ထိုသို့ဆောင်ရွက်ကြရာတွင် တကယ့်စိတ်ရင်းမှန်နှင့် မှန်မှန်ကန်ကန်ဆောင်ရွက် ပေးမှုများရှိသကဲ့သို့ အချို့မှာ အကျိုးလို၍ ညောင်ရေလောင်း သည့်အနေဖြင့် ဒုက္ခရောက်နေသော မသိနားမလည်သည့် ကလေးသူငယ်များကို အရင်းအနှီးပြုပြီး မမှန်မကန်လုပ်ခြင်း၊ ကိုယ်ကျိုးရှာအမြတ်ထုတ်ခြင်းများ လုပ်နိုင်သည့် အခြေအနေများအပြင် ကလေးသူငယ်များ၏ အသက်ရှင်သန်ခွင့်၊ အသက် အန္တရာယ်များ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ လိင်အမြတ်ထုတ်မှု စသည့် လူ့အခွင့်အရေးဆုံးရှုံးပြီး လူလုံးမလှသည့်ဘဝအခြေအနေများလည်း ကြုံတွေ့လာနိုင်သည့် အနေအထားမျိုး တွေ့နေရပါကြောင်း။

ရင်ခွင်မဲ့ကလေးသူငယ်များသည် လူဖြစ်လာသည်နှင့် နိုင်ငံသားတစ်ယောက် ရပိုင်ခွင့်ရှိသည့် မွေးစာရင်း မှတ်ပုံတင်ခြင်းဆိုင်ရာအခွင့်အရေး၊ အသက်ရှင်သန်ခွင့်နှင့် ကျန်းမာရေးစောင့်ရှောက် ပိုင်ခွင့်၊ မသင်မနေရအခမဲ့ပညာသင်ကြားနိုင်ခွင့်၊ အသက်အရွယ်အလိုက် အလုပ်အကိုင်နှင့် ဘဝရပ်တည်နိုင်မှုအခွင့်အရေးအပြည့်အဝရနိုင်ရန်ခက်ခဲပြီး မတရားအနိုင်ကျင့်၊ အနိုင်အထက် ပြုခံရမှု၊ လိင်မှုဆိုင်ရာမတရားအနိုင်ကျင့်ခံရမှုစသည့် အန္တရာယ် အများဆုံးကြုံတွေ့နိုင်သည့် အနေ အထားရှိနေပါကြောင်း၊ ပြင်ပလူမှုရေးအဖွဲ့များ၊ ဘာသာရေးအဖွဲ့များမှ တကယ့်စေတနာမှန်နှင့် ဆောင်ရွက်နေကြသည့်ဂေဟာများတွင် အလှူရှင်များ၏ ငွေဖြင့် ရပ်တည်၍ ပြုစုထိန်းသိမ်းထားသည့် ကလေးအရေအတွက်များလာသည်နှင့်အမျှ မနိုင်ဝန် ထမ်းရခြင်းမျိုး ကြုံတွေ့နိုင်၍ ကလေးသူငယ် များ၏စားဝတ်နေရေး၊ အာဟာရပြည့်ဝရေး၊ ကျန်းမာရေးပြုစုစောင့်ရှောက်မှု စသည်တို့ကို စနစ်တကျပြည့်ပြည့်ဝဝဖြည့်ဆည်းရန် ခက်ခဲလာသည်ကို ကြားသိရပါကြောင်း၊ နိုင်ငံတော် အစိုးရအနေနှင့်လည်း လူမှုကာကွယ်စောင့်ရှောက်ရေးအမျိုးသား အဆင့်မဟာဗျူဟာကို အမိန့်ကြော်ငြာစာအမှတ်(၇/၂၀၁၄)နှင့် လူ့သက်တမ်းနယ်ပယ်လေးရပ်ကို လုပ်ငန်းစဉ် (၈)ရပ် ချမှတ်ပြီး ဆောင်ရွက်ရာတွင် ကလေးသူငယ်များအတွက် အသက်နှစ်နှစ်‌ အောက်ထောက်ပံ့ရန်၊ အသက်သုံးနှစ်မှ အသက် ၁၅ နှစ်အထိ ထောက်ပံ့ရန်နှင့် ကျောင်းတွင်အာဟာရ တိုက်ကျွေးရေး ပါဝင်သည်ကို တွေ့ရပါကြောင်း၊ မိဘမဲ့စွန့်ပစ်ခံကလေးသူငယ်များအတွက် လူမှုရေးအသင်းအဖွဲ့များ၊ ဘာသာရေးအဖွဲ့အစည်းများက ဖွင့်လှစ်တည်ထောင်ထားသည့် ဂေဟာများကို ဥပဒေနှင့်အညီ စနစ်တကျဖွဲ့စည်းတည်ထောင် နိုင်ရေး၊ ပြုစုထိန်းသိမ်း ထားသညကလေးသူငယ်များကို စနစ်တကျမှတ်တမ်း စာရင်းသွင်းထိန်းသိမ်း နိုင်ရေးနှင့် မွေးစာရင်းထုတ်ပေးနိုင်ရေး ဆောင်ရွက်ပေး နိုင်မှု၊ ၁၉၈၂ ခုနှစ်၊ နိုင်ငံတော်ဥပဒေနှင့်အညီ အသက် ၁၀ နှင့် အသက် ၁၈ နှစ်ပြည့် နိုင်ငံသားကတ် ရရှိအောင်ဆောင်ရွက်ပေးနိုင်မှု၊ ဂေဟာတွေကို နိုင်ငံတော်မှ ကျန်းမာရေးစောင့်ရှောက်ပေးနိုင်မှု၊ အာဟာရနှင့် ထောက်ပံ့များ ထောက်ပံ့ပေးနိုင်မှု၊ ဂေဟာများရှိ ကလေးသူငယ် ပညာသင်ကြားမှုနှင့် ဘဝရပ်တည်နိုင်ရေးအတွက် ဆောင်ရွက် ပေးနိုင်မှုနှင့် ဂေဟာကို အကြောင်းပြပြီး ကလေးသူငယ်များ ကို အမြတ်ထုတ်နေမှု၊ မမှန်မကန် ဆောင်ရွက်နေမှုများရှိ/မရှိ၊ ဖော်ထုတ်အရေးယူနိုင်မှုများ ဆောင်ရွက်နိုင်ခြင်းရှိ/မရှိ သိရှိလိုကြောင်းမေးမြန်းပါသည်။