(ဂ)-သက်ကြီးရွယ်အိုများအားစရိတ်ထောက်ပံ့ရာတွင်မှတ်ပုံတင်/အိမ်ထောင်စုစာရင်းမပြသနိုင်သော မွေးသက္ကရာဇ်မှားယွင်းနေသူများအတွက်မည်သို့ပြန်လည်စိစစ်ထည့်သွင်းပေးမည်နှင့်နောင်အနာ ဂတ်တွင်ကူညီစောင့်ရှောက်နိုင်ရန်မည်သို့ဆောင်ရွက်မည်ကိုသိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
သက်ကြီးရွယ်အိုများအား စရိတ်ထောက်ပံ့ရာတွင် မှတ်ပုံတင် အိမ်ထောင်စုစာရင်း မပြသနိုင်သော မွေးသက္ကရာဇ်မှားယွင်းနေသူများအတွက်မည်သို့ပြန်လည်စိစစ်ထည့်သွင်းပေးမည်နှင့် နောင်အနာဂတ်တွင် သက်ကြီးရွယ်အိုများအတွက် ရေရှည်ကူညီစောင့်ရှောက်နိုင်ရန် မည်သို့စီမံ ဆောင်ရွက် မည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း
၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် သက်ကြီးရွယ်အိုဆိုင်ရာ ဥပဒေကို ရေးဆွဲပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါကြောင်း၊ ၎င်းဥပဒေအရ သက်ကြီးရွယ်အိုများအား နိုင်ငံတော်မှတစ်လလျှင် ၁၀,၀၀၀ကျပ်ဖြင့် သုံးလတစ်ကြိမ် ထောက်ပံ့ပေးလျက်ရှိနေပါကြောင်း၊ ၂၀၁၄ ခုနှစ်၊ လူဦးရေသန်းခေါင် စာရင်း ထုတ်ပြန်ချက်အရ နိုင်ငံ့လူဦးရေ သန်း ၅၀ ကျော်အနက် ၈.၉ ရာခိုင်နှုန်းသည် သက်ကြီးရွယ်အိုများ ဖြစ်ပြီး ဦးရေအားဖြင့် ၄.၅ သန်းခန့် ရှိသည်ကိုသိရပါကြောင်း၊ ၂၀၃၀ ပြည့်နှစ်ရောက်ပါက နိုင်ငံ့လူဦးရေ ၁၃.၈ ရာခိုင်နှုန်းအထိ ရှိလာနိုင်ပြီး ဦးရေ ၇.၉ သန်းခန့် ရှိလာမည်ဟု ခန့်မှန်းကြပါကြောင်း၊ ထို့ကြောင့် သက်ကြီးရွယ်အိုများအား ကူညီစောင့်ရှောက်ရေးသည် အရေးကြီးသည့် အခန်းကဏ္ဍတွင် ရှိနေပါကြောင်း၊ သုတေသနစစ်တမ်းများအရ ၁၉၇၃ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ သက်ကြီးရွယ်အိုများအား နှစ်စဉ်စုစုပေါင်း လူဦးရေ၏ ၁.၄ ရာခိုင်နှုန်းသာ ရှိသော်လည်း အသက်(၆၀)နှင့်အထက် လူဦးရေမှာ နှစ်စဉ် ၂.၄ ရာခိုင်နှုန်း တိုးတက်လျက်ရှိသည်ကို သိရပါကြောင်း၊
မြို့ပြသည်ကျေးလက်ဒေသထက်သက်ကြီးရွယ်အို အရေအတွက် ပိုမိုများပြားလာကြောင်းကို သိရှိရပါကြောင်း၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့မှာ သက်ကြီးရွယ်အို လူဦးရေပမာဏ တိုးတက်မှု အမြင့်ဆုံးနှင့် လက်ရှိအတိုင်း ဆက်လက်တိုးပွား လာမည်ဆိုပါက ၂၀၃၀ ပြည့်နှစ်တွင် အချက်အခြာ ကျသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် စုစုပေါင်း လူဦးရေ တိုးတက်လာမှုနှင့်အတူ အသက်(၆၀)နှင့်အထက် သက်ကြီးရွယ်အို များပြားလာမည့်အခြေအနေနှင့် ကြုံတွေ့လာနိုင်မည်ဖြစ်သည်ကို သိရှိရပါကြောင်း၊ ၎င်းအခြေအနေတွင်သက်ဆိုင်ရာတာဝန်ရှိသူများ၏သတင်းအချက်အလက် ကောက်ယူမှု၊ ရရှိမှု အားနည်းခြင်း၊ နိုင်ငံတော်၏ ထောက်ပံ့မှုကိုမခံစားရသည့်သက်ကြီးရွယ်အိုများ အများအပြား ရှိနေပါကြောင်း၊ မိမိ၏ မဲဆန္ဒနယ်တွင် လက်နက်ကိုင် ပဋိပက္ခများကြောင့် တရားဥပဒေ စိုးမိုးမှု နည်းပါးပြီး သက်ဆိုင်ရာ တာဝန်ရှိသူများ လာရောက်စစ်ဆေးပါက မှတ်ပုံတင်နှင့် အိမ်ထောင်စုဇယား အဆင်သင့်ပြသနိုင်ရန်ဆောင်ထားရခြင်း၊ မှတ်ပုံတင်၊ အိမ်ထောင်စု ဇယားများအား အသိမ်းလွန်ခြင်း၊ တောင်ယာတဲများတွင်ထားရှိမှုကြောင့် တောင်ယာမီးရှို့ရာတွင် ပါဝင်သွားခြင်း၊ ထပ်မံပြုလုပ်ရာတွင် ခုနှစ်သက္ကရာဇ်များ မှားယွင်းစွာ ထည့်သွင်းမိခြင်း၊ ဥပဒေကို ပြည်သူများကနားမလည်ခြင်း၊ အောက်ခြေဝန်ထမ်းများ၏ တာဝန်ယူမှု၊ တာဝန်ခံမှု မရှိခြင်းကြောင့် အချို့သော သက်ကြီးဘိုးဘွားများသည် နိုင်ငံတော်၏ အထောက်အပံ့ကို မခံစားရသည့်အပြင် ပေးကားပေး၏ မရ ဖြစ်နေပါကြောင်း၊
ထို့ကြောင့်လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသည် သက်ကြီးရွယ်အိုများအား စရိတ်ထောက်ပံ့ ပေးရာတွင် မှတ်ပုံတင်၊ အိမ်ထောင်စုဇယား မပြသနိုင်သည့် မွေးသက္ကရာဇ် မှားယွင်းနေသည် သက်ကြီးရွယ်အိုများအား မည်သို့ ပြန်လည်စိစစ် ထည့်သွင်းပေးမည်နှင့် နောင်အနာဂတ်တွင် တိုးပွား လာမည့် သက်ကြီးရွယ်အိုများအတွက် နိုင်ငံတော်မှ ကူညီစောင့်ရှောက်သွားနိုင်ရန် ရေရှည်စီမံကိန်း အား မည်သို့ စီမံဆောင်ရွက်သွားမည်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။