(ဈ)-ရှားတောမြို့နယ်တွင် မြန်မာ့စီးပွားရေးဘဏ်ခွဲ ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

2021-01-05

 

ရှားတောမြို့နယ်ရှိ အစိုးရငွေတိုက်အား ၁၉၉၀ ခုနှစ်၊ မေလမှစတင်ဖွင့်လှစ်ခဲ့ပြီး ယနေ့ကာလအထိ လုပ်ငန်း ဆောင်ရွက်ချက်အသေးစိတ်များကို မေးခွန်းနှင့်အတူပူးတွဲတင်ပြခဲ့ပြီး ဖြစ်ပါကြောင်း၊ ယနေ့အချိန်အခါတွင် ရှားတောမြို့နယ်သည် ဧရိယာစတုရန်းမိုင် ၈၃၄.၁၉ စတုရန်းမိုင် ကျယ်ဝန်း ပါကြောင်း၊ လူဦးရေအနေအထားအရ ၇၄၀၀ ခန့် နေထိုင်ပြီး ထိုင်းနိုင်ငံနှင့် ၅၂ မိုင်ခန့်ကွာဝေးသော နယ်စပ်မြို့လေးတစ်မြို့ဖြစ်ပါကြောင်း၊ ကယားပြည်နယ်တွင် မြို့နယ်ခုနစ်မြို့နယ်ရှိသည့်အနက် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ၏ဒဏ်ကို ခံစားခဲ့ရသောဖွံ့ဖြိုးမှုနောက်ကျသည့် နယ်မြေဒေသလေး တစ်ခုဖြစ်ခဲ့ပါကြောင်း၊ မိမိတို့ ရှားတောမြို့နယ်တွင် ၂၀၁၆ ခုနှစ်မှစပြီး ကိုယ်စားလှယ်တစ်ယောက် အနေဖြင့် တာဝန်ထမ်းဆောင်ခွင့်ရသည့်အခါ ရှားတောမြို့နယ်လေးကို လေ့လာခဲ့ရာတွင် Town Plan မရှိသည့်မြို့၊ မြေစာရင်း မြေပုံမရှိသည့်မြို့၊ ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းရုံးတွင်သာ တာဝန်ထမ်းဆောင်ခွင့်ရှိသောမြို့၊ ဝန်ထမ်းအိမ်ရာများလိုအပ်ချက်ရှိသောမြို့၊ ပညာရေး၊ ကျန်းမာ ရေးအစစ နိမ့်ကျနေသော မြို့တစ်ခုအဖြစ် လေ့လာသိရှိခဲ့ရပါကြောင်း၊ ယခုအခါ Town Plan ရေးဆွဲပြီး ဖြစ်သလို၊ မြေစာရင်းမြေပုံများလည်း ထွက်ရှိခဲ့ပြီးဖြစ်ပါကြောင်း၊ ဌာနဆိုင်ရာ အသီးသီး ၏ရုံးများကိုလည်း ဘဏ္ဍာရေးနှစ်အလိုက် တည်ဆောက်နိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ ဝန်ထမ်းအိမ်ရာများ ကိုလည်း တည်ဆောက်နိုင်ခဲ့သလို အိုးအိမ်ဌာနက လေးခန်းတွဲသုံးထပ်ဝန်ထမ်းအိမ်ရာ လေးလုံး တည်ဆောက်နိုင်ခဲ့ပါကြောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးအတွက် ရုံးများတည်ဆောက်နိုင်ခဲ့သလို အချုပ်ခန်းပါသည့် နှစ်ထပ်အဆောက်အအုံ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးအိမ်ရာ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ ရှစ်ခန်းတွဲနှစ်ထပ် ရဲတပ်ဖွဲ့ဝန်ထမ်းအိမ်ရာများကိုလည်း တည်ဆောက်နိုင်ခဲ့ပါကြောင်း၊ လွိုင်ကော်- ရှားတောကွာဝေးသည့် မိုင် ၄၀ အပါအဝင် မိမိတို့ နယ်စပ်တာတမော့ဂိတ်ထိရောက်အောင် နှစ်အလိုက် ပေ ၄၀ တာလပ်ခြင်း လုပ်ငန်းများ၊ ထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများ၊ ၁၈ ပေခင်းခြင်း လုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်သည့်အတွက် ယခုအချိန်ကာလတွင် လွိုင်ကော်မြို့နယ်နှင့် ရှားတောမြို့နယ်တို့၏ မိုင် ၄၀ အကွာအဝေးတွင် နှစ်နာရီခန့်အတွင်း သွားရောက်နိုင်သော လမ်းပန်း ဆက်သွယ်ရေးကောင်းသည့် မြို့လေးတစ်မြို့ဖြစ်နေခဲ့ပြီ ဖြစ်ပါကြောင်း၊ ဆက်သွယ်ရေး တာဝါတိုင် များအနေဖြင့်လည်း ၂၀၁၆ ခုနှစ်မှစပြီး Mytel၊ Telenor၊ MPT တိုင်များကို စိုက်ထူနိုင်ခဲ့ပါကြောင်း၊ လျှပ်စစ်ကဏ္ဍအနေဖြင့်လည်း 66/11 KVA ဓာတ်အားလိုင်းမှ ၂၀၁၅ ခုနှစ်ကစပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အထိ ၎င်းခွဲရုံကထွက်နိုင်သော ရောက်တိုင်နှင့် ရွာအားလုံးကို မီးရရှိခဲ့ပြီး ဖြစ်ပါကြောင်း၊ စီးပွားရေးအတွက် လယ်ယာစိုက်ပျိုးရေးကဏ္ဍအနေဖြင့် ဆည်မြောင်းတာတမံများ ကိုလည်း အသီးသီးတည်ဆောက်နိုင်ခဲ့ပါကြောင်း၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍအနေဖြင့်လည်း  ၂၅ ခုတင်ဆံ့ ဆေးရုံတစ်ရုံ၊ တိုက်နယ်ဆေးရုံ တစ်ရုံ တည်ရှိပါကြောင်း၊ ပညာရေးကဏ္ဍအနေဖြင့်လည်း အထက်တန်းကျောင်း နှစ်ကျောင်းရှိပြီး ကျေးရွာတိုင်းနီးပါးတွင် မူလတန်းအဆင့်ကျောင်း ရှိပါကြောင်း၊ ပညာရေး၊ ကျန်းမာရေးအစစ ဖွံ့ဖြိုးလာသလို လမ်းပန်းဆက်သွယ်ရေး အခြေအနေ များလည်း ကောင်းမွန်လာပြီဖြစ်ပါကြောင်း၊ အရေးကြီးဆုံးအချက်အနေဖြင့် နိုင်ငံ၏ငြိမ်းချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးကိစ္စရပ်ကို ဆွေးနွေးလိုပါကြောင်း၊ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုအတွက် လိုအပ်သလို၊ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုအတွက်လည်း လိုအပ်ပါကြောင်း၊ မကြာမီတွင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ဖြစ်စဉ်ကြီးအရ ငြိမ်းချမ်းဖွံ့ဖြိုးလာသည်နှင့်အမျှ မိမိတို့မြို့နယ်လေးကို ပြန်လည်အခြေချနေထိုင်ကြ တော့မည့် ဒေသခံတိုင်းရင်းသားများရှိသည့်အတွက် မိမိတို့က ကြိုတင်ပြင်ဆင်သည့်အနေဖြင့် အခြေခံအဆောက်အအုံများဖွံ့ဖြိုးတိုးတက်ရန်လိုပါကြောင်း၊ ထိုကဲ့သို့ဖွံ့ဖြိုးတိုးတက်ရန်လိုအပ်သည့် အတွက် လူမှုစီးပွားဘဝများအတွက် အထောက်အပံ့ဖြစ်စေနိုင်သည့် မြန်မာ့စီးပွားရေးဘဏ်ခွဲ တစ်ခုကို မိမိတို့မြို့နယ်တွင် ဖွင့်လှစ်ပေးနိုင်ခြင်းရှိ/မရှိကို သိရှိလိုခြင်းဖြစ်ပါကြောင်း၊ အရေးကြီး ဆုံးဖြစ်သည့် မြေနေရာကိုလည်း ရထားခဲ့ပြီးဖြစ်သည့်အတွက် မိမိတို့မြို့နယ်၏ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးတစ်ဆက်တစ်စပ်တည်းရှိသည့်အတွက် မိမိတို့မြို့နယ်၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့ဖြစ်စေနိုင်မည့်၊ ငြိမ်းချမ်းရေးအတွက် အထောက်အပံ့ ဖြစ်စေနိုင်မည့် မြန်မာ့စီးပွားရေးဘဏ်ဖွင့်လှစ်ပေးနိုင်ပါရန် အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။