(ဃ)-ပူတာအိုမြို့နယ်ရှိ ပူတာအို-နမ်ထွမ်ခူးကျေးရွာအုပ်စုချင်းဆက် ကျောက်ချောလမ်း ၁၄/၅ မိုင်အား ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် လမ်းအဆင့်တိုးမြှင့်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2021-01-05

ပူတာအိုမြို့နယ်၊ နမ်ထွမ်ခူးကျေးရွာအုပ်စုသည် ပူတာအိုမှ ၁၄/၅ မိုင်ကျော်ဝေးပြီး ပူတာအိုမြို့ ၏အနောက်ဘက်ဆုံး တောတောင်များပတ်လည်ဝန်းရံထားသောချိုင့်ဝှမ်းတွင် တည်ရှိသည့်ကျေးရွာ အုပ်စုဖြစ်ပါကြောင်း၊ ကျေးရွာအုပ်စုတွင် အိမ်ခြေ ၃၆၁ အိမ်၊ လူဦးရေ ၂,၂၈၃ ဦးနေထိုင်သော ကျေးရွာအုပ်စုကြီး ဖြစ်ပါကြောင်း၊ အုပ်စုတွင်း အထက်တန်းကျောင်းခွဲ၊ အလယ်တန်း၊ မူလတန်း၊ ကျေးလက်ကျန်းမာရေး ဌာနခွဲနှင့် ဘုရားကျောင်းခြောက်ကျောင်းရှိသော ကျေးရွာကြီးလည်း ဖြစ်ပါကြောင်း၊ ဒေသခံ မိဘပြည်သူများသည်တစ်နိုင်တစ်ပိုင်စိုက်ပျိုးရေး၊မွေးမြူရေးများလုပ်ကိုင်လျက်ရှိသောကြောင့်ထွက်ရှိလာသောအသား၊ငါး၊ဟင်းသီးဟင်းရွက်များကိုအလွယ်တကူရောင်းချ နိုင်ရေး အတွက် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်မှသာလျှင် ဒေသခံ မိဘပြည်သူများ၏ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူနေမှုဘဝ ပြောင်းလဲတိုးတက်လာမည် ဖြစ်ပါကြောင်း၊ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ထားသော ကျောက်ချောလမ်း အပိုင်းများသည် ပျက်စီးလျက်ရှိနေပါကြောင်း၊ အမြန်ဆုံးပြုပြင်ခြင်း သို့မဟုတ် အဆင့်မြှင့် ဆောင်ရွက်မှ သာလျှင်ဒေသခံမိဘပြည်သူများသွားလာရေးအဆင်ပြေမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပူတာအိုမြို့နယ်အတွင်း သတ်မှတ်အဆင့်(A)လမ်းဖြစ်သော ပူတာအို-နမ်ထွမ်ခူး ကျေးရွာအုပ်စုချင်းဆက် ကျောက်ချောလမ်း ၁၄/၅ မိုင်အား ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်တွင် ကွန်ကရစ်လမ်း သို့မဟုတ် ကတ္တရာလမ်း အဆင့်တိုးမြှင့်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။